ကျိုက်ထိုတွင် အုပ်ချုပ်ရေးမှူးများက မဲစနစ်ပွင့်လင်းမြင်သာမှုမရှိဘဲ အတင်းအကြပ်စစ်မှုထမ်းခိုင်းနေ

0
164
Photo - CJ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူများကိုယ်စား နှိုက်ထားသော မဲစနစ်နှင် ရလဒ်သည် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် မဲပေါက်သည် ဟုဆိုပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းနေကြောင်း မြို့နေပြည်သူများက ပြောဆိုသည်။

ကျိုက်ထိုမြို့ရှိ ရပ်ကွက်အချို့မှ အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရန် သတ်မှတ်ချက်ပြည့်မီသူများ နောက်ကွယ် တွင် ကိုယ်စားမဲနှိုက်စနစ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မဲရလဒ်များကို အများပြည်သူထံ ချပြခြင်းမရှိဘဲ မဲပေါက်သည်ဟု နှုတ်ဖြင့်သာပြောဆို၍ စစ်မှုထမ်းခိုင်းနေသည်ဟု ကျိုက်ထိုမြို့ခံများက ပြောသည်။

ကျိုက်ထိုမြို့ခံတစ်ဦးက “အုပ်ကြီးတွေနဲ့ သူတို့ဘာသာသူတို့ မဲနှိုက်ပြီး မဲပေါက်တယ်ဆိုတဲ့သူတွေကို လိုက်ခေါ် နေတာပါ။ လက်လုပ်လက်စားတွေဆို ကျနော်တို့က အိမ်ကိုရှာကျွေးနေရတာပါလို့ပြောတာကို အုပ်ကြီးက မင်းတို့ယောင်္ကျား မဟုတ်ဘူးလားဆိုပြီး အတင်းခေါ်သွားတာ ဘာမှမပြောနိုင်ဘူး။ မဲပေါက်တယ်ဆိုပြီး လာခေါ် တာ မဲနှိုက်တာကိုယ်တိုင်နှိုက်တာလည်းမဟုတ် ကိုယ်ပေါက်တာလည်း မမြင်လိုက်ရဘူး” ဟု ပြောသည်။

ထိုသို့မသမာမှုများကြားမှ စစ်မှုထမ်းဥပဒေကြောင့် ကျိုက်ထိုမြို့ပေါ်မှ လူငယ်၊လူရွယ် အများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း မြို့ခံများက ပြောသည်။

မြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “မြို့ထဲမှာတော့ တော်တော်များများ မရှိတော့ဘူး။ သွားကုန်ကြပြီ။ မီးရထား CDM ဝန်ထမ်းတစ်ယောက်တောင် နာမည်စာရင်းပါလာလို့ ထွက်ပြေးပြီ။ နာမည်စာရွက်ကို ရဲကား (၃) စီးနဲ့ စစ်တပ်နဲ့ ရဲနဲ့ပေါင်းပြီး အိမ်တိုင်ရာ ရောက်လိုက်ပို့တာ” ဟု ပြောပြသည်။

တဖက်တွင်လည်း စစ်တပ်ထောက်ခံသူ စစ်မှုထမ်းသားသမီးများက မိမိတို့အလိုဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးသူများလည်း ရှိနေသည်ဟု အဆိုပါအမျိုးသမီးက ပြောပါသည်။

“စစ်မှုထမ်းဟောင်းသားသမီးတွေကို စစ်မှုထမ်းဖို့ နာမည်စာရင်းထည့်ထားတာ စုစုပေါင်း ၁၀ ယောက်ရှိတယ်။ မဲနှိုက်ရမယ်လို့ပြောတော့ ၂ ယောက်လောက်ပဲ ခေါ်မယ်ထင်ထားတာ။ အဲဒီအထဲမှာ စစ်တပ်က လာခေါ်တာ မခံဘူး သူတို့ဆန္ဒနဲ့သူတို့ သင်တန်းတက်မယ်ဆိုပြီးသွားမယ့်သူ ၄ ယောက် ရှိတယ်။ အရက်သမားနဲ့ ဆေးသမား တွေချည်းပဲ။ တပ်မတော်ကြီးကို ကာကွယ်မယ်ဆိုပြီး သွားတဲ့သူတွေပါ ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများမှ တစ်ရွာလျှင် လူငယ် ၁၀ ဦးစီ စုဆောင်းရမည်ဟု ညွှန်ကြားထားသဖြင့် စစ်တပ်၏အကျိုးကို အကောင်အထည်ဖော်ရန် ပူးပေါင်း ဆောင်ရွက်နေသူများအား ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။

ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၀၀ ကျော် ရှိသည့် မွန်ပြည်နယ်တွင် လူပေါင်း ၅၀၀ နီးပါး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမှု ရှိနေကြောင်း စစ်ကောင်စီနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here