ကော့သောင်းတွင် ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

0
155
Photo - CJ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား၊ အမျိုးသမီးနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ခြံလုပ်သားအမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများပြောဆိုမှုအရ သိရသည်။

တပ်အင်အားအများအပြားဖြင့် စက်လှေ ၃ စီးနှင့် ကော့သောင်းမြို့ကနေ မလိဝမ်းဒေသကို ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ဆိုသည်။

ဒေသခံတို့ ပြောပြချက်အရ မလိဝမ်းဒေသထဲကို ရောက်ရှိလာသော စစ်ကောင်စီတပ်သည် လမ်းတွင်တွေ့သမျှ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကိုပါ ဖမ်းဆီးပြီး တော်လှန်ရေးအင်အားစုများ PDF ရဲဘော်တို့၏ တည်နေရာကို စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မလိဝမ်းဒေသကို ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် ခြံလုပ်သားအမျိုးသားတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခံရသော ခြံလုပ်သားအမျိုးသား၏ အမည်၊ အသက်နှင့် နေရပ်လိပ်စာ အတိအကျကို အတည်မပြုရသေးဘူးလို့ ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားတို့က ဖမ်းဆီးထားသော အမျိုးသမီးနှင့်ကလေးများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားတချို့ကို ကော့သောင်းအခြေစိုက် ခလ၇ ၂၆၂ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားသလို စစ်ကြောင်းနှင်အတူ ဖမ်းဆီးထားသော အမျိုးသားများလည်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုဖြစ်စဉ်မတိုင်ခင် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း အောင်သာယာကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို ကော်သူးလေအာမီက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ မလိဝမ်းဒေသထဲ ရောက်ရှိလာခြင်းလည်းဖြစ်သည်။

တော်လှန်အင်အားစုများနှင့် နီးစပ်သော ဒေသခံသတင်းအရင်းအမြစ်တစ်ဦး၏ ပြောဆိုချက်အရ အောင်သာယာ စာသင်ကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရှိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ကော့သောင်းမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက ကော့သောင်းမြို့ပေါ်တွင် လက်နက်ငယ်များ ပစ်ဖောက်ခြင်း၊ အနီးအနားဝန်းကျင်ကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုတို့ကို တောက်လျှောက်ပြုလုပ်နေသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here