ကောလင်းမြို့အခြေအနေကြောင့် နီးစပ်ရာမြို့များရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေ

0
336
ပုံစာ - ကောလင်းမြို့ ပတ်ဝန်းကျင်မြို့အချို့မှ ပြည်သူများ မြို့ကို စွန့်ခွာရှောင်တိမ်းနေ။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့အား ဒေသကာကွယ်ရေးတပ် PDF နှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်သည့် သတင်းကြောင့် ပတ်ဝန်းကျင်မြို့အချို့မှ ဒေသခံပြည်သူများ မြို့ကို စွန့်ခွာရှောင်တိမ်းမှုများရှိနေကြောင်း သိရသည်။

“ဝန်းသိုမြို့ထဲမှာ အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ တော်တော်များများ ထွက်ပြေးကုန်ကြပြီ။ ကျွန်မတို့ လည်း အခုထွက်လာတာ” ဟု ဝန်းသိုမြို့က တိမ်းရှောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသမီးက နိုဝင်ဘာလ ၆ ရက်နေ့က ပြောပါသည်။

ကောလင်းမြို့ကို PDF နှင့် မဟာမိတ်များ သိမ်းပိုက်သည့် သတင်းကြောင့် ကသာမြို့ နှင့် ထီးချိုင့်မြို့များရှိ ပြည်သူ အချို့လည်း မြို့ကို စွန့်ခွာမှုများ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

“ကောလင်းပြီးရင် ကသာဆိုလို့ သူများတွေ ပြေးနေကြတော့ သူလည်း ပြန်လာတော့မယ်ဆိုပြီး ကျွန်တော် သမီးလည်း ထွက်လာခဲ့တယ်” ဟု ကသာမြို့တွင် ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည် ။

စစ်ကိုင်းတိုင်း အထက်ပိုင်း ခရိုင်မြို့တစ်မြို့ဖြစ်သော ကောလင်းမြို့ရှိ စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၄ ရက်နေ့ ကစ၍ ဒေသကာကွယ်ရေးတပ်/PDF များနှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ကောလင်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူနှင့် နေအိမ်များ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကောလင်းမြိုခံများ သာမက အနီးဝန်းကျင် မြို့အချို့မှ ဒေသခံပြည်သူများ မြို့ကို စွန့်ခွာရှောင်တိမ်းမှုများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ငါးမြို့နယ်ထက် မနည်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ရဲစခန်းနှင့် တပ်စခန်းအချို့အားလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားမှုများအရ သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here