ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်အများစုရှိသည့် ဆွာမြို့အရှေ့ဘက်ရှိ စစ်ဘေးရှောင်ထောင်ချီ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

0
158
ပုံစာ - ရေတာရှည်စစ်ရှောင်များ (ပုံဟောင်းဖြစ်သည်/ Photo – CJ )

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၆၀ ဦး ပါဝင်သည့် စစ်ဘေးရှောင်များထောင်ချီမှာ စားနပ်ရိက္ခာ လိုအပ်လာကြောင်း ၎င်းတို့ကို အကူအညီပေးနေသူတချို့က ပြောသည်။

ပြီးခဲ့သည့်အပတ်က ဆွာမြို့အရှေ့ ခြမ်းတွင် ထိတွေ့တိုက်ပွဲနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ရွာပေါင်း ၈ ရွာရှိ ဒေသခံထောင်ချီမှာ စစ်ဘေးတိမ်းရှောင်နေရပြီး အချို့ကျေးရွာများအတွင်း စစ်ကောင်စီတပ်က တပ်စွဲနေတာကြောင့် နေအိမ် မပြန်နိုင်ကြသေးကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ဆွာမြို့အရှေ့ခြမ်းရှိ ကျွန်းကုန်း၊ ပိတောက်ကုန်း၊ အင်းကြီးပေါက်၊ ရေငံ အစရှိသော ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေသဖြင့် စစ်ရှောင်အရေအတွက် ထပ်တိုးလာ နေသည်ဟု အကူအညီပေးနေသူများက ပြောဆိုသည်။

စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၆၀ ဦး ကို စာရင်းလက်ခံရရှိထားပြီး ထိုစစ်ဘေးရှောင်များ တိမ်းရှောင်နေကြသည်မှာ တစ်ပတ်ကျော် ကြာရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်လာသည်ဟု စစ်ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေ အများကြီးပဲ၊ အကူအညီ မရကြဘူး။ ၁ ပတ်လောက် ရှိပြီ။ ရက်ရှည်လာတော့ ရွာခံတွေလည်း မကူနိုင်တော့ဘူး။ ကျမတို့လောလောဆယ် ပြုစုထားတဲ့ ရွာ ၉ ရွာက စာရင်းအပြင် ဒီထက်ပိုလာတာတွေလည်း ရှိသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါတော့ သူတို့ကို တောင်ငူဘက်ပို့မလို့ လုပ်နေပါတယ်” ဟု အဆိုပါ စစ်ရှောင်ကူအမျိုးသမီးက ပြောသည်။

စစ်ကြောင်းဆက်လက်ထိုးမှုကြောင့် တိမ်းရှောင်လာသော စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာ ကျေးရွာများတွင် ရောက်ရှိနေကြပြီး ယခင်အပတ်ကတည်းက စစ်ရှောင်လာသော စစ်ရှောင်အချို့မှာ စစ်တပ်ထွက်ခွာသွားပြီး နောက် မိမိတို့ကျေးရွာအတွင်း ပြန်နေထိုင်ကြကြောင်း သိရသည်။

စစ်ရှောင်ကူအမျိုးသားတစ်ဦးက “ဟိုရက်က ခင်တန်း၊ ကိုးတန်းဘက်မှာ တပ်စွဲနေတဲ့စစ်တပ်က အရှေ့ဘက် ဆက်တိုးသွားလို့ အိမ်ပြန်နေတဲ့ အိမ်ပြန်ကြည့်တဲ့ တချို့စစ်ရှောင်တွေတော့ရှိတယ်။ စစ်တပ်က အခု ပိတောက်ကုန်းတို့၊ ရွာငံဘက်တို့ကို စစ်ကြောင်းဆက်ထိုးနေတော့ အဲဒီကလူတွေက ပြေးရပြန်ရောဆိုတော့ စစ်ရှောင်ထောင်ဂဏန်းက မလျော့ဘူး။ ကလေးတွေလည်း အများကြီးပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်စွဲထားချိန်က နေအိမ်ပြန်လာကြသည့် ရွာသားများကို ဖမ်းဆီးခြင်း၊ ပိတ်မိကျန်ရစ်သူများ ပစ်သတ်ခံရခြင်းတို့ကြောင့် လုံခြုံရေးအခြေအနေအရ ဆက်လက်တိမ်းရှောင်နေသေးသည့် စစ်ရှောင်အများစုမှာ မိမိအစီအစဥ်ဖြင့်သာ နေထိုင်စားသောက်ရပြီး အကူအညီမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရေတာရှည် ဆွာအရှေ့ဘက်ခြမ်းတိုက်ပွဲနှင့် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးသုံး ပစ်ခတ်မှုများအတွင်း ဒေသခံ ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီက လက်နက်ငယ်ဖြင့် ပစ်သတ်မှုကြောင့် ၄ ဦး သေဆုံးရကာ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here