ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား စစ်ရေးစိုးရိမ်မှုကြောင့် ယာယီပိတ်ထား

0
354
ပုံစာ- ကသာမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ်။ (Photo-MOI)

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား စစ်ရေးစိုးရိမ်မှုကြောင့် ယာယီပိတ်ထားရကြောင်း ကသာမြို့ခံများက ပြောဆိုသည်။

ကသာမြို့ပေါ်ရှိ စာသင်ကျောင်းများ ပိတ်ထားရခြင်းသည် ပညာရေးဌာနမှ ညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော စစ်ရေးအခြေအနေများကြောင့် ကျောင်းကိုလာသည့် ကျောင်းသားများ မရှိသည့်အတွက် ယာယီပိတ်ထားရခြင်း ဖြစ်သည်ဟု ကသာမြို့ခံ ကျောင်းသားမိဘတစ်ဦးက အခုလို ပြောသည်။

“လောလောဆယ်တော့ ကျောင်းတွေ ပိတ်ထားတယ်။ ကျောင်းတွေ ပိတ်ထားတယ်ဆိုတာက ဟိုလို ပိတ်တာ မဟုတ်ဘူး။ ကျောင်းသားမိဘတွေက စိုးရိမ်ပြီးတော့ အဲ့ဒီရဲတွေတောင်မှ တပ်ထဲကို ရွေ့ကုန်ပြီ။ အဲ့ဒါနဲ့ ကြောက်လန့်လို့ ကလေးတွေကို ပြန်ခေါ် ပြန်ကြို အကုန်ခေါ်ပြန် အဲ့လိုဆိုတဲ့ အခါကျတော့ အဲ့ဒါနဲ့ ကျောင်းလာတဲ့ လူမရှိလို့ လောလောဆယ်တော့ ယာယီပိတ်ထားတာပါ့” ဟု အဆိုပါကျောင်းသားမိဘက ပြောသည်။

ကသာရဲစခန်းအား တော်လှန်ရေးအင်အားစုများက ဒရုန်း​ဖြင့် မကြာခဏ လာရောက်တိုက်ခိုက်သောကြောင့် ရဲစခန်းဝင်းရှိ မိသားစုဝင်များအား စစ်တပ်ဝင်းထဲသို့ ပြောင်းရွှေ့ခိုင်းရာကနေ အခုလိုအခြေအနေမျိုးတွေ ဖြစ်လာရကြောင်းလည်း အခြားကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ရဲစခန်းကို ခဏခဏ ဒရုန်းနဲ့လာ လာချတဲ့အခါကျတော့ မိသားစုဝင်တွေကို ထိမှာစိုးလို့ မိသားစုဝင်တွေကိုက စစ်တပ်ထဲကို ရွှေ့ပေးထားတာ။ အဲ့ဒါဆိုတော့ စခန်းကတောင်မှ မရှိတော့ဘူး ထွက်ပြေးကြကုန်ပြီပေါ့လေ။ အဲလိုဆိုတော့ လူတွေက ပိုလန့်သွားကြတာ၊ မိန်းမတွေကလေးတွေ အဲ့လိုတွေပဲ ရွှေ့ပေးထားတာ၊ သူတို့(ရဲ) တွေက အဲ့မှာပဲ” လို့ ၎င်းက ပြောပါသည်။

ကသာမြို့ပေါ်က ဒေသခံပြည်သူများအား နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် နောက်ဆုံးထား၍ မြို့မှ ရှောင်တိမ်းကြရန် တော်လှန်ရေးအင်အားစုများက လှုံ့ဆော်ထားသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း မြိုခံများပြောဆိုမှုအရ သိရသည်။

ကောလင်းမြို့အား ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်ပြီးနောက် ၎င်းမြို့နယ်နှင့် ဆက်စပ်နေသော ပတ်ဝန်းကျင် မြို့များသို့ ရိုက်ခတ်မှုများရှိလာကာ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိလာနေကြောင်း မြိုခံများထံမှ သိရသည်။

ကသာမြို့သည် ၂၀၂၁ ခုနှစ် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း တိုက်ပွဲအများအပြားဖြစ်ပွားခဲ့သော မြို့တစ်မြို့လည်း ဖြစ်သည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here