စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်များဖမ်းဆီးခံရမှု ပိုမိုများလာသည့်အတွက် ပြည်သူများကြား စိုးရိမ်နေကြကြောင်း ဒေသခံတို့ထံက သိရသည်။
ယခု ဒီဇင်ဘာလထဲတွင် စစ်ကောင်စီတပ်က ယခင်ထက် ဖမ်းဆီးမှုတို့ကို ပိုလုပ်လာနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အလုပ်ကပြန်လာသည့် အသက် (၁၈) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောပါသည်။
“သူက တောင်ဇလပ်ရပ်ကွက်မှာနေတာ လူငယ်လေးပဲရှိသေးတယ်။ အလုပ်ဆင်းပြီး အိမ်ပြန်လာတဲ့အချိန် ဖမ်းခံရတာ၊ နှစ်ယောက် သူ့သူငယ်ချင်းကတော့ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ သူ့မိသားစုက သိန်း (၂၀) နဲ့ ပြန်ရွေးတာရတယ်။ သူကြတော့ ပိုက်ဆံနည်းနည်း အခက်အခဲဖြစ်တော့ ဒီအပတ်ထဲသွားတော့ ရွေးလို့မရတော့။ သင်တန်းပို့လိုက်ပြီ အဲ့လိုပဲဖြေတယ်။ သူ့အတွက် ဆုတောင်းရုံပဲ ရှိတော့တယ်” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။
ပြီးခဲ့သည့်လများအတွင်း ဖမ်းဆီးခံခဲ့ရသူများသည် ကျပ်သိန်း ၂၀ မှ ၅၀ အထိ ငွေကြေးပေးဆောင်ကာ ပြန်လည်ရွေးယူ၍ရသော်လည်း ယခုနောက်ပိုင်းတွင် စစ်မူထမ်းသင်တန်း တက်ရောက်ရန်အတွက် လေ့ကျင့်ရေးသင်တန်းကျောင်းကို တန်းပို့လေ့ရှိပြီး ပြန်ရွေးရန် အခက်အခဲရှိလာပြီဟု ဒေသခံတို့က ပြောဆိုသည်။
ထိုသို့ ကလေးမြို့ပေါ်တွင် လူငယ်များ ဖမ်းဆီးခံရမှု များပြားလာခြင်းကြောင့် ကလေးမြို့တွင် လူငယ်များရှိသည့် မိဘများတို့အကြား နေ့စဉ်စိုးရိမ်မှု မြင့်တက်နေရကြောင်း မိခင်တစ်ဦးက ယခုလို ပြောပြသည်။
“အိမ်ကသားတွေက အသက်က ၁၂ နှစ်အရွယ် ရှိပေမယ့် လူကောင်ဖွံ့ဖြိုးတော့ လူလတ်ပိုင်းတွေလို့ ထင်ခံနေရတာ။ ဒီလထဲမှာ ပိုပြီး စကစတွေက ဖမ်းဆီးတာတွေ လုပ်လာတာကြားရတယ်။ ကလေးတွေအတွက် အတော်လေး စိတ်ပူနေရတယ်။ ရွေ့ပြောင်းရအောင်လည်း ငွေကြေးမတတ်နိုင်ဘူး။ အတတ်နိုင်ဆုံးတော့ အသွားအလာ ဂရုစိုက်ဖို့နဲ့ ဖြစ်နိုင်ရင် အိမ်မှာနေဖို့ပဲ မှာနေရတယ်” ဟု အဆိုပါမိခင်က ပြောသည်။
စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် (၈) သင်တန်းအတွက် ကလေးမြို့ပေါ်နှင့် ကလေးမြို့ အနီးအနားရှိ ကျေးရွာတို့က လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုဒီဇင်ဘာလအတွင်း ကျောင်းတက်နေသော ကျောင်းသားတချို့အပါအဝင် အနည်းဆုံး လူငယ် (၁၀) ဦး ထက်မနည်း ဖမ်းဆီးခံရပြီဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီက ဖမ်းဆီးထားသူများကို ကလေးမြို့ စခန်းကြီးကျေးရွာအနီးက အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို စစ်မှုထမ်းသင်တန်းတက်ရန် ပို့လေ့ရှိသည်ဟု သိရှိရသည်။
လက်ရှိတွင် ကလေးမြို့ပေါ်၌ စစ်ကောင်စီက လိုင်စင်မရှိသည့် ဆိုက်တွဲဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည် နေ့စဉ်တိုင်းလိုလို မြို့တွင်း ကင်းပတ်လှည့်လည်မှုများလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။
KMG ပေးပို့သည်။