ကရင်နီစစ်ရှောင်လူထုကိုကူညီဖို့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများကို IEC တောင်းဆို

0
361
ပုံစာ - ကရင်နီစစ်ရှောင်ပြည်သူတချို့။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကရင်နီ (ကယား) ပြည်က စစ်ရှောင် ၂ သိန်းခွဲကျော်အတွက် လက်ရှိမှာ လိုအပ်ချက် မြင့်မားလာတာကြောင့် သက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေဆီကို ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC က အကူအညီ တောင်းခံထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ “ဒီနိုင်ငံတကာ community ပေါ့နော အထူးသဖြင့်တော့ ဒီနိုင်ငံတကာအသိုင်းအဝိုင်း ဒီမြန်မာပြည်၊ အထူးသဖြင့် ကရင်နီရဲ့ နိုင်ငံရေးနဲ့ humanitarian issue တွေကို ပံ့ပိုးပူးပေါင်းကူညီပေးဖို့အတွက် ကျမတို့ပြောတာ ဖြစ်တယ်” လို့ ပြောဆိုသည်။

ယင်းအပြင် ထိုင်းနိုင်ငံထဲကို ရောက်ရှိခိုလှုံနေကြသည်ကရင်နီစစ်ရှောင်တွေကို လုံခြုံမှုရှိတဲ့ အနေအထားတခုအထိ ဆက်လက် လက်ခံထားပေးဖို့ ထိုင်းအစိုးကို တောင်းဆိုထားတာရှိတယ်လို့ ဇူးပဒုမ္မာက ဆက်ပြောသည်။

“အထူးသဖြင့် ဒီ ထိုင်းနဲ့ကရင်နီ နယ်စပ်မှာရှိတဲ့ ဒီစစ်ရှောင်တွေကို လက်ခံထားပေးဖို့၊ ယာယီလက်ခံထားပေးဖို့ အခြေအနေတွေ ဒီယာယီစခန်းတွေပေါ့နော်၊ ဒီယာယီစခန်း‌တွေ လုပ်ဆောင်ထားပေးဖို့ အခြေအနေတွေကို ကျမတို့ တောင်းဆိုတယ်” လို့ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ကရင်နီပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ လိုအပ်ချက်များ အကျဉ်းချုပ်ကို IEC ရဲ့ ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ကရင်နီတပြည်နယ်လုံး၌ စစ်ရှောင်စခန်း ၂၀၀ ကျော် ရှိနေပြီး စစ်ရှောင်ဦးရေ ၂ သိန်းခွဲကျော်ရှိနေတာကြောင့် အဆိုပါ စစ်ရှောင်ဦးရေအတွက် တစ်လစာ စားနပ်ရိက္ခာ ကုန်ကျမှုသည် အမေရိကန်ဒေါ်လာ ၁ သန်း ကျော် ရှိနေတယ်လို့ IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် ထိုကုန်ကျစရိတ်များကို ပြည်သူအချင်းချင်း ကူညီပံ့ပိုးတာ ရှိသလို နိုင်ငံတကာ INGO အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းကနေ တဆင့် ပံ့ပိုးကူညီမှုတွေလည်း ရှိနေတယ်လို့ IEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြေပြင်၌ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်နေသည့် အဖွဲ့များအနေနဲ့ IEC နဲ့ လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကရင်နီပြည်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည်မှာ ၂ နှစ် ကျော် ကြာ ရှိနေပြီး၊ လက်ရှိအချိန်ထိ စစ်ရှောင်များသည် နေရပ်ပြန်နိုင်ခြင်း မရှိသေးသလို ထပ်မံဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လူဦးရေ ပိုမိုများပြားလျက်ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here