ကရင်နီစစ်ဘေးရှောင်များ မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်

0
316

ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာကြသည့် ကရင်နီစစ်ရှောင်များအနေဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်လာကြသည့် ကရင်နီစစ်ရှောင်များအား လာရောက်ခိုလှုံရန် PNLO က ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

PNLO အနေဖြင့် ကရင်နီစစ်ဘေးရှောင်များအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) နှင့်အညီ လူသားချင်းစာနာကူညီရေး အထောက်အပံ့များပေးရန် ရည်ရွယ်၍ ‘ကူညီကယ်ဆယ်ရေးအဖွဲ့’ ကို ဖွဲ့စည်းထားပြီး စစ်ရှောင်များ၏ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ထိုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ဦးခွန်ထွန်းက ယခုလို ပြောသည်။

“လာရောက်ခိုလှုံမယ့် စစ်ရှောင်တွေအတွက်ကတော့ သိပ်အပြည့်စုံကြီးတော့ ပြင်ဆင်ထားနိုင်တာ မဟုတ်ဘူး။ အရေးပေါ်အနေနဲ့ လုပ်ရတာဖြစ်တော့ အကြမ်းဖျင်းတော့ ပြင်ဆင်ထားပါတယ်။ ကျန်းမာရေး အနေနဲ့ကလည်း ရှိတဲ့ကျန်းမာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတယ်။ ကျနော်တို့ရဲ့ နယ်မြေထဲကို လာဖို့တော့ စစ်ရှောင်တွေ အတွက်တော့ မလွယ်ကူပါဘူး။ အခက်အခဲရှိတဲ့အကြောင်း ပြောသံကြားပေမယ့် ကျနော်တို့ဆီ ပြောလာသေးတာ မရှိဘူး၊ သူတို့လမ်းကြောင်းနဲ့ သူတို့လာမယ်လို့တော့ ပြောလာတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သော ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ လွိုင်ကော်မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီမှ မြို့အတွင်းသို့ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်လျက်ရှိရာ မြို့ခံများနှင့် တော်လှန်ရေးအဖွဲ့များမှ မြို့အတွင်း ပိတ်နေသူများကို ကူညီကယ်ထုတ်ပေးနေရပြီး စစ်တပ်က ကယ်ဆယ်ရေး ယာဥ်တန်းအချို့အား လေကြောင်းဖြင့် လိုက်လံပစ်ခတ်မှုများ ရှိနေကြောင်းလည်း စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။

စစ်ဆင်ရေး မတိုင်ခင်ကလည်း ကရင်နီစစ်ရှောင် နေရာတချို့ကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့် ဒေသခံနှင့်စစ်ရှောင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သဖြင့် PNLO ၏ ကယ်ဆယ်ရေး နေရာများတွင် လုံခြုံရေးအာမခံချက် ရှိမရှိနှင့်ပတ်သတ်၍ အဖွဲ့တာဝန်ခံဦးခွန်ထွန်းက ယခုလို ဆက်ပြောသည်။

“စစ်ရှောင်နေရာတွေကို စစ်တပ်က ပစ်ခတ်တာတွေ မလုပ်ဖို့ကတော့ အပေါ်မှာ သူတို့ဘယ်လို ညှိနှိုင်းထားလဲတော့ မသိဘူး။ အောက်ခြေမှာတော့ ဒါမျိုးတွေ မလုပ်ဖို့ ညှိညှိနှိုင်းနှိုင်း လုပ်ထားပါတယ်။ အာမခံချက် ပေးလို့ရတဲ့ အနေအထားတော့ မဟုတ်ဘူး။ စစ်တပ်အနေနဲ့လည်း NCA အပေါ်မှာ လက်မှတ်ထိုးထားတဲ့ အတူတူ လူသားချင်း စာနာတဲ့အနေနဲ့ အောက်ခြေမှာ ကျနော်တို့ တိုင်ပင်ဆွေးနွေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီပူးပေါင်းတပ်များ၏ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော PNLO အဖွဲ့သည် စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သလို လက်ရှိအချိန်ထိ စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST ၏ အဖွဲ့ဝင်အနေဖြင့် တက်ရောက်လိုက်ပါ ဆွေးနွေးလျက်ရှိနေသော အဖွဲ့လည်းဖြစ်သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here