“၂၀၂၄ ခုနှစ်မှာဆိုရင် တစ်ကမ္ဘာလုံး ဒုက္ခသည် အယောက်ပေါင်း (၁၂၅,၀၀၀) ကျော်ထဲမှာဆိုရင် အာရှမှာ ကျနော်တို့ ဒုက္ခသည်စခန်းတွေလည်း ပါတယ်။ ဒီမှာက ဒုက္ခသည်ဦးရေ ၁ သိန်းကျော် ရှိတယ်။ ပြီးတော့ သူတို့က နှစ်တိုင်းခေါ်မယ်ဆိုတော့ အားလုံးသွားရဖို့ကတော့ မျှော်လင့်ချက်တွေတော့ ရှိတာပေါ့နော်” ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-KRC တာဝန်ရှိသူ စောပွယ်စေး

0
377
ပုံစာ - ထိုင်း၊မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုမှ ဒုက္ခသည်တချို့ (Photo – KIC)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေး စီမံဆောင်ရွက် နေမှုများနှင့် စခန်းအတွင်း ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်ပြီး ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-KRC ၏ တာဝန်ရှိသူ စောပွယ်စေးနှင့် ဆက်သွယ်မေးမြန်းခြင်း။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၏ နောက်ဆုံးအခြေအနေများ၊ UNHCR မှ ဒုက္ခသည်များအား တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေး စီမံဆောင်ရွက်နေမှုများနှင့် ဒုက္ခသည် စခန်းများအတွင်း ကျန်းမာရေး၊ ပညာရေး၊ အလုပ်ကိုင်အခွင့်အလမ်း အခြေအနေများအား သိရှိနိုင်ရန် ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ-KRC ၏ တာဝန်ရှိသူ စောပွယ်စေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒုက္ခသည်တွေအတွက် တတိယနိုင်ငံပြောင်းရွေ့အခြေချမယ့် အစီအစဉ်အတွက် နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒုက္ခသည်စခန်းမှာတော့ ထိုင်းတာဝန်ရှိသူနဲ့ UNHCR ဘက်က ဒုက္ခသည်စခန်းမှာရှိတဲ့သူတွေကို အတည်ပြု ပြန်စစ်တာတွေရှိတယ်။ တတိယနိုင်ငံ သွားရောက်အခြေချနိုင်ရေးအတွက် ပထအဆင့် လူတွေ ပြန်စစ်တာ ဖြစ်တယ်။ မယ်ရာမိုနဲ့ မယ်ရာအူးက ကျန်သေးတယ်၊ စစ်လို့မပြီးသေးဘူး။ အဲဒီစခန်းနှစ်ခုက ဒီဇင်ဘာလကုန်အထိ အပြီးစစ်သွားမယ်လို့ သူတို့ဆုံးဖြတ်ထားတယ်။ ဒါက လူစာရင်း ပြန်အတည်ပြုတာ ဖြစ်တာပေါ့နော်။ လူစစ်ပြီးသွားတဲ့ တချို့ဒုက္ခသည်စခန်းတွေကတော့ တတိယနိုင်ငံသွားဖို့ နာမည်စာရင်း စသွင်းလို့ ရပြီပေါ့နော်။ ထမ့်မဟင်နဲ့ ဘန့်ဒုံယမ်းက နာမည်စသွင်းလို့ရပြီ။ တာဒ်ခရိုင်ဧရိယာထဲမှာရှိတဲ့ စခန်းတွေဖြစ်တဲ့ အုန်းဖြန်၊ နို့ဖိုး၊ မယ်လ ဒုက္ခသည်စခန်းတွေကတော့ ဒီလ ၂၀ ရက်နေ့ကနေ စပြီး နာမည်စာရင်း သွင်းလို့ရပြီပေါ့နော်။ နာမည်စာရင်းတွေ သွင်းပြီဆိုရင် တဆင့်ပြီးတဆင့် ဆက်သွားမှာပေါ့နော်၊ အဲဒါက နောက်ဆုံးအခြေအနေပါ။

မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက UNHCR တာဝန်ရှိသူတွေက ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းသွားပြီး အဲမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ သွားတွေ့တာရှိတယ်။ ဘာတွေ ပြောဆိုသွားတာ ရှိပါလဲ။

ဖြေ။ ။ UNHCR တာဝန်ရှိသူ သွားတာကတော့ အဓိက အဲဒီမှာရှိတဲ့သူတွေက တိကျတဲ့ သတင်းအချက်အလက် တချို့ မသိတော့ မေးမြန်းတာတွေ ရှိတာပေါ့နော်။ ကျနော်တို့ သိရသလောက်တော့ အဲဒီမှာရှိတဲ့သူတွေက တချို့က အချက်အလက်တွေမှားပြီး တိတိကျကျ မရှိတာတွေရှိတော့ UNHCR က သွားပြီး အတည်ပြု မေးမြန်းတာ၊ စခန်းမှာရှိတဲ့သူတွေက အပြည့်အစုံသူတို့သိချင်ရင် စခန်းထဲမှာလည်း သူတို့က ရုံးဖွင့်ပေးထားတာ ရှိတယ်၊ အဲဒီမှာ သွားပြီးမေးပေါ့နော်။ နောက်ပြီး တချို့ ဘာအချက်အလက်မှ အမှားမရှိတဲ့လူတွေ အတွက်ကတော့ အရင်သွားရမှာပေါ့။ အဲဒါတွေ ပြောတာပါ။

မေး။ ။ တတိယနိုင်ငံ ပို့ဆောင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းမှာရှိတဲ့သူတွေအတွက် မျှော်လင့်ချက် ဘယ်လောက်အထိရှိပါပြီလဲ။

ဖြေ။ ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဒီဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပရိုပိုဆယ် တင်တာတွေ ရှိတာပေါ့နော်။ သူတို့က နှစ်တိုင်းခေါ်တာ ရှိတယ်။ ၂၀၂၄ ခုနှစ်မှာဆိုရင် တစ်ကမ္ဘာလုံး ဒုက္ခသည် အယောက်ပေါင်း (၁၂၅,၀၀၀) ကျော်ထဲမှာဆိုရင် အာရှမှာ ကျနော်တို့ ဒုက္ခသည်စခန်းတွေလည်း ပါတယ်။ ဒီမှာက ဒုက္ခသည်ဦးရေ ၁ သိန်းကျော် ရှိတယ်။ ပြီးတော့ သူတို့က နှစ်တိုင်းခေါ်မယ်ဆိုတော့ အားလုံးသွားရဖို့ကတော့ မျှော်လင့်ချက်တွေတော့ ရှိတာပေါ့နော်။

မေး။ ။ မြန်မာနိုင်ငံမှာဆိုရင် စစ်အာဏာသိမ်းပြီးတဲ့နောက်ဆက်တွဲ တိုက်ပွဲဖြစ်တာကြောင့် လူထုတချို့က ဒုက္ခသည်စခန်းတွေမှာ လာပြီး ခိုလှုံနေရတာတွေ ရှိတယ်ဆိုတော့ စစ်အာဏာသိမ်းပြီးနောက်မှာ ဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာအပိုင်းနဲ့ ပတ်သက်ပြီး ဘာတွေကြုံတွေ့လာရတာတွေရှိပါလဲ။

ဖြေ။ ။ ဒုက္ခသည်စခန်းမှာ ဝင်လာတဲ့လူဦးရေ များလာတယ်ဆိုတော့ ကျနော်တို့ဆီကိုလည်း စာရင်းအတိကျ ပို့ပေးတာမရှိဘူး။ ဒါက သတိထားရမယ်အရာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုရင် တဖက်မှာလည်း ဒုက္ခသည် စခန်းမှာဆိုရင် လူသစ်လက်မခံတော့တဲ့ ပေါ်လစီစည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ရှိတာက တချို့က ဒုက္ခသည် စခန်းမှာ ဆေးလာကုတာတို့ ပြီးတော့ ကလေးတွေက ကျောင်းလာတက်တာတို့ ရှိတယ်။ အများပြောသလိုပဲ နိုင်ငံရေးအခြေအနေကြောင့်ပေါ့။ ရိက္ခာရရှိတဲ့အပိုင်းကတော့ TBC နဲ့ သက်ဆိုင်တာပေါ့နော်။ သူတို့ကလည်း သတ်မှတ်ချက်တွေတော့ ရှိတယ်။ သူတို့လည်း စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ TBC ဝန်ထမ်းတွေက စာရင်းတွေ ပြုစုတယ်။ တင်ပြပြီးတော့ လူတွေ့မေးမြန်းတာတွေရှိတယ်။ သူတို့တွေက ရိက္ခာ ထောက်ပံ့ပေးတာတွေတော့ ရှိပါတယ်။

မေး။ ။ ဒုက္ခသည်စခန်းမှာရှိတဲ့သူတွေက ဒုက္ခသည်စခန်းပြင်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ကို UNHCR က ထိုင်းအစိုးရနဲ့ ဆွေးနွေးခဲ့တာတွေ ရှိခဲ့တယ်၊ အဲဒီအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ထဲမှာတော့ စခန်းမှာ ရှိတဲ့သူတွေက ဒုက္ခသည်စခန်း ပြင်ပကို တရားဝင် အလုပ်ထွက်လုပ်ခွင့် မရဘူးပေါ့နော်။ အခုထိ အဲဒီသတ်မှတ်ချက် စည်းကမ်းတွေက မပြောင်းသေးဘူး။ ဒါပေမယ့် အဲဒီဒေသမှာရှိတဲ့ ထိုင်းရွာတွေကဆိုရင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့သူတွေကို သနားစာနာသောအားဖြင့် သူတို့စိုက်ပျိုးရေး အလုပ်တွေထဲမှာ နေ့စား သွားလုပ်ဖို့ ဒုက္ခသည်စခန်းမှာ နှစ်ရှည်ကြာနေတဲ့သူတွေကိုခေါ်ပြီး အလုပ်ပေးတာတွေ ရှိတယ်။ အဲဒါတွေကလည်း နားလည်မှုနဲ့ ဒေသထိုင်းအာဏာပိုင်တွေကို သဘောတူညီချက်ယူပြီး အသိပေးရတာတွေ ရှိတယ်။ ရက်ပိုင်းလောက် အလုပ်သွားလုပ်တဲ့လူတွေရဲ့ နာမည်စာရင်းတွေကိုယူပြီး မြို့နယ်အဆင့်တွေမှာတို့ တင်ပြရတာ ပေါ့နော်။ အဲဒီအလုပ်သွားလုပ်တဲ့သူတွေကို အလုပ်လုပ်ပြီးရင် စခန်းမှာပြန်လာပို့ပေးတယ်။ အဲဒီလမ်းကြောင်း တစ်ခုတော့ရှိတယ်။

မေး။ ။ NLD အစိုးရလက်ထက်မှာ UNHCR အစီအစဉ်နဲ့ နေရပ်ပြန်တဲ့ ဒုက္ခသည်တွေရှိတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ နယ်မြေ မတည်ငြိမ်တာကြောင့် အဲဒီ နေရပ်ပြန်သွားတဲ့သူတွေက ဒုက္ခသည် စခန်းမှာ ပြန်ဝင်လာရတာတွေ ရှိတယ်။ သူတို့တွေကရော ဒုက္ခသည်စာရင်းမှာ ပြန်ထည့်သေးလား။

ဖြေ။ ။ သူတို့တွေကတော့ ဒုက္ခသည်စာရင်းမှာ ပြန်မထည့်တော့ဘူး။ သူတို့လည်း ဒုက္ခသည်စခန်းမှာ ပြန်နေထိုင်ကြောင်း ဆိုတာကို ကျနော်တို့ စာရင်းမရထားဘူး။ တချို့တလေတော့ ရှိတယ်၊ ဒါပေမယ့် ပြန်လာနေတာ မဟုတ်ဘူး။ ဒီလိုပဲ ပြန်လာတာ အများစုက ပြန်မနေဘူး ဒုက္ခသည်စခန်း အပြင်ဘက်မှာပဲ နေကြတယ်။

မေး။ ။ လက်ရှိ ဒုက္ခသည်စခန်းမှာဆိုရင် ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်း အခြေအနေတွေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျန်းမာရေးအပိုင်းက အရင်တုန်းကဆိုရင် သူတို့ ဘတ်ဂျက်များတဲ့ အချိန်တုန်းကဆိုရင် ရောဂါပြင်းထန်တဲ့ လူနာတွေဆိုရင် နီးစပ်တဲ့ မြို့နယ်ဆေးရုံတွေမှာ ပို့ဆောင်ဆေးကုပေးတာတွေ ရှိတာပေါ့နော်။ ဥပမာ- မဲဆောက်ဆေးရုံတို့ ချင်းမိုင်တို့ ပို့ဆောင်ပေးခဲ့တာရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်းက အထောက်အပံ့ တွေက သိပ်မရှိတော့ အဲလိုတွေတော့ မရှိတော့ဘူ့း။ သို့သော် အဆင်ပြေအောင်တော့ ကျန်းမာရေးအပိုင်းက သူ့ဟာနဲ့သူတော့ လည်ပတ်နိုင်သေးတယ်။ ကျန်းမာရေး၊ ပညာရေးတွေပေါ့။ အဓိကကတော့ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအပိုင်းမှာ အခက်အခဲရှိတယ်။

မေး။ ။ အခုဆိုရင် ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းကြာနေတဲ့သူတွေကို တတိယနိုင်ငံပို့မယ့် အခွင့်အလမ်းတစ်ခု ရှိလာတယ်ဆိုတော့ ဒုက္ခသည်တွေအတွက် ဘယ်လောက်အထိ အကျိုးရှိလာမယ်လို့မြင်ပါလဲ။

ဖြေ။ ။ ကျနော်တို့က ထောင့်စုံကြည့်ရတာပေါ့နော်၊ နိုင်ငံရေးအခြေအနေတွေ ပြီးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အရင်တုန်းက သွားခဲ့တဲ့လူတွေကို ပြန်စမ်းစစ်ကြည့်ရင် သူတို့အတွက်က အခွင့်လမ်း ကောင်းတွေရတာ ကောင်းတာပေါ့နော်။ အခုက အမေရိကန်နိုင်ငံ တစ်နိုင်ငံပဲ ခေါ်မယ်ပေါ့။ အဲဒီမှာ သွားမယ့်သူတွေအတွက်က စည်းကမ်းလိုက်နာမှုက အရေးကြီးတာပေါ့နော်။ အခုက သွားလို့တော့ မရသေးဘူး။ ဒီတစ်လနှစ်လအတွင်းမှာ နိုင်ငံတကာအဖွဲ့တွေက ကျနော်တို့နဲ့လာပြီး တွေဆုံတာတွေ ရှိတယ်။ သူတို့နိုင်ငံဒုက္ခသည်အတွက် သူတို့မှာရှိတဲ့ အစီစဉ်တွေကိုလာပြီး ပြောပြတာရှိတယ်။

သိသင့်သိထိုက်တာတွေကို ကျနော်တို့ကို သူတို့အသိပေးတယ်။ အဲဒါကြောင့် အမေရိကန်နိုင်ငံ တစ်ခုအတွက် ကတော့ ဒုက္ခသည်အတွက် မျှော်လင့်ချက်က ရှိတယ်လို့ ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ဒုက္ခသည်အရေးအတွက် ထိုင်းအစိုးရနဲ့ လာတွေ့တယ်။ ပြီးတော့ UNHCR နဲ့ လာတွေ့တယ်။ လုံခြုံရေးကောင်စီနဲ့ လာတွေ့တာ ရှိတယ်လို့ ကျနော်တို့သိရတယ်။ အခြေအနေမှန်ကို ကျနော်တို့ကိုပြောပြတယ်။ သူတို့တင်တဲ့ ဒုက္ခသည်အတွက် ပရိုပိုဆယ်မှာဆိုရင်လည်း သိရတယ်ပေါ့နော်။ ဒါပေမယ့် ဒုက္ခသည်စခန်းမှာ ရှိတဲ့သူတွေကတော့ ဟိုတမျိုးဒီတမျိုး လိုက်ကြားတော့ သူတို့စိုးရိမ်တာတွေတော့ ရှိတာပေါ့နော်။

မေး။ ။ ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေက တတိယနိုင်ငံကို သွားရောက်အချေချဖို့က ရာခိုင်နှုန်းဘယ်လောက်အထိ ရှိမယ်လို့ထင်ပါလဲ။

ဖြေ။ ။ ဒုက္ခသည်စခန်းမှာ ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းသွားတဲ့ အခါမှာပဲဖြစ်ဖြစ် နိုင်ငံတကာဧည့်သည်တွေ ကို သွားပို့တာတွေပဲဖြစ်ဖြစ် တွေ့ဆုံမေးမြန်းတဲ့အခါ ရလာတဲ့အဖြေအရ ကျနော်အထင်က ၈၀ ရာခိုင်နှုန်းလောက် တော့ သွားကြမယ်။

မေး။ ။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်အတွက် ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဒုက္ခသည်တွေကို ဘာဖြည့်စွက်ပြောချင်တာတွေရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ကတော့ ကျွန်တော့တို့သိတဲ့ တစ်ကမ္ဘာလုံး လူ့အခွင့်အရေးအဖွဲ့အစည်း၊ ပြည်ထောင်စုနဲ့ နိုင်ငံတကာအစိုးရများက ကျွန်တော်တို့ကို ဒုက္ခသည်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကိုယ်ပိုင်ရပိုင်ခွင့်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ထွက်လာတဲ့ နိုင်ငံမှာပဲ ရှိနေတယ်လို့ ပြောတဲ့အတွက် ခိုင်မာတဲ့အဖြေပါပဲ။ အဲ့ဒါကြောင့် လက်ရှိအခြေအနေ မကောင်းတဲ့အပေါ်မှာ ကျွန်တော်တို့ ကေအာစီအနေနဲ့လည်း အဲ့လိုစိတ်ထားပြီး လုပ်ပေးလိုက်တာပါပဲ။ တတိယနိုင်ငံ သွားနိုင်တဲ့အခွင့်အရေး ရှိလာတဲ့အတွက် ကျွန်တော်တို့ကြိုးစားတယ်။

ကျွန်တော်တို့ သွားနေထိုင်မယ့်နိုင်ငံက နိုင်ငံခြားတာဝန်ရှိသူ တွေလည်း ကျွန်တော်တို့ဆီလာတယ်။ ကျွန်တော်တို့ဘ၀ ရပ်တည်နိုင်ဖို့၊ လုပ်ကိုင်စားသောက်တတ်ဖို့ အသိပညာ အတတ်ပညာတွေ လာသင်ပေး လိမ့်မယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ကိုက်ညီအောင် အမြဲ အသုံးပြုနိုင်အောင် နည်းလမ်းတွေ ရှာတယ်။ ဆက်သွယ်ရေးတွေလည်း လုပ်တယ်ပေါ့နော်။ အခုဆို အဖွဲ့ (၂) ဖွဲ့ လောက် လာပြီးသွားပြီ။ အဲ့ဒါကြောင့် ဒီလာသွားတဲ့ အဖွဲ့ ၂ ဖွဲ့ ကို ကျွန်တော်တို့ တင်ပြတယ်။ ကျွန်တော်တို့က ပိုက်ဆံ အများကြီး မလိုချင်ဘူး။ ကျွန်တော်တို့ တစ်ရက်စာတစ်ရက်စာ စားဖို့ လုံလောက်ရင်ရပြီ။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နိုင်ဖို့ အတတ်ပညာတွေ လိုချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို အသက်မွေးဝမ်းကြောင်း အသိပညာ အတတ်ပညာတွေ သင်ပေးပါ။

ထို့အတူပါပဲ ဒီမှာနေထိုင်ရတဲ့အချိန်မှာ အထူးသဖြင့် ကျောင်းအတန်းပညာ ပြီးမြောက်သွားတဲ့သူတွေအတွက် တရားဝင်တဲ့ အောင်လက်မှတ်တို့ကိုလည်း ဒီနယ်စပ်နယ်မြေတွေမှာ လုပ်ပေးနိုင်ရင် ကျွန်တော်တို့ကို လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒုက္ခသည် စခန်းသားတွေအားလုံးကို ကျွန်တော်ပြောပြချင်တယ်။ ဘာမှတွေးပြီး စိတ်ပူမနေနဲ့ပေါ့နော်။ သွားလို့လာလို့ ရတဲ့သူအများကြီးရှိတယ်။ ဒီလူတွေအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံးစီစဉ်ပေးနေပါတယ်။ ကျန်တာတော့ နောက်အခြေအနေရှိလာတဲ့အပေါ်မှာပဲ ကျွန်တော်တို့ပြောတော့မယ်ပေါ့နော်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here