“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လာသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်အနှံ့အပြားမှ စစ်ရေးပဋိပက္ခများ၊ တရုတ်၏ ပိုးလမ်းမ စီမံကိန်း BRI လမ်းကြောင်းနှင့် ဆက်စပ်သည့် မြို့နယ်များတွင် ဖြစ်ပွားနေသည့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ စစ်ပွဲများကြောင့် ဒေသနေပြည်သူလူထုများမှာ အသက်အန္တရာယ်ရှိမှုကြောင့် သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့အပြင် လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ဦးတည်၍ စည်းရုံးလှုံ့ဆော်ကြခြင်းနှင့် နိုင်ငံရေး၊ စစ်ရေးအရ မရိုးဖြောင့်မှုများ ပြုလုပ်လာနေသည်ကို တွေ့မြင်နေရခြင်းကြောင့် များစွာ စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ရှိ သျှမ်းပြည်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” နှင့် ပတ်သက်သည့် သဘောထား အမြင်များ ထုတ်ပြန်ချက်တွင် ပါဝင်ထောက်ခံသည့် သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်း ၂၆ ခု၏ ကိုယ်စား နန်းဆွဲ့ခမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းရဲ့ရည်ရွယ်ချက်ကို ပြောပြပေးလို့ရမလား။
ဖြေ။ ။ သဘောထားထုတ်ပြန်ချက်က ဘာကြောင့်ထုတ်ရတုန်းလို့ပြောရရင် သျှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခတွေဖြစ်တာ ပိုပြီးများလာတယ်။ ဒီလိုများလာတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုရော စစ်ကောင်စီရဲ့ အင်အားစုရော အပြန်အလှန် ချေမှုန်းကြတာက အဲ့ဒီမှာနေတဲ့ သျှမ်းပြည်သူလူထုကို အများကြီး ထိခိုက်တယ် ဆိုတဲ့အပိုင်းတွေ ရှိတယ်။ နောက်ပြီးကျတော့ EAOs တော်လှန်ရေးသမားတွေက လုပ်နေတဲ့အပိုင်းတွေမှာ တွေ့နေရတာက ရည်ရွယ်ချက်ကတစ်မျိုး၊ မြေပြင်မှာ ဖြစ်နေတာကတစ်မျိုး၊ ထုတ်ပြန်ချက်တွေ ကြေညာတာက တစ်မျိုးပေါ့နော်။
အဲ့လိုအနေအထား ဖြစ်နေတယ်။ အခု ပြည်သူလူထုက အများကြီး ရွှေ့ပြောင်းနေရတယ်။ ရွှေ့ပြောင်းတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် မရွှေ့ပြောင်းရဘူးဆိုတာတွေ ရှိတယ်။ မြို့ထဲရွာထဲမှာက လက်နက်ကြီးတွေ ချတယ်။ မြို့ထဲကို တမင်ကြံရွယ်ချက်နဲ့ စစ်လာတိုက်နေကြတယ်ဆိုတဲ့ အပိုင်းလေးပေါ့။ အဲ့လိုမျိုးလေးတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံမှာရော ပြည်ပမှာရောရှိတဲ့ သျှမ်းပြည်သူလူထုတွေရော၊ ရဟန်းသံဃာတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေပေါင်းပြီးတော့ စာထုတ်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ သျှမ်းပြည်မြောက်ပိုင်းမှာ သျှမ်းလူထုတွေ အများစုနေထိုင်တဲ့ဒေသတွေမှာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အခုက တကယ်စစ်ဆင်ရေး ထိုးနေတယ်လို့ သူတို့ရဲ့ထုတ်ပြန်ကြေညာချက် (statement) ထဲမှာ ပြောထားတာဆိုရင် စစ်အာဏာရှင် ဖြုတ်ချရေး၊ နောက်ပြီး တရုတ်ရဲ့ကျာဖြန့်ဆိုတဲ့ ကိစ္စရပ်ပေါ့နော်။ အဲ့ဒါတွေကို အကြောင်းပြတယ် ဆိုတဲ့အပိုင်း ရှိတယ်။ ဒါပေမယ့် အဲ့ဒီထက်ပိုပြီးတော့ နက်နဲတဲ့ရည်ရွယ်ချက် ကြံရွယ်ချက်တွေ ရှိတယ် ဆိုတဲ့ဟာကို လက်တွေ့အနေအထားအရ မြင်ရတယ်။ ကျန်တဲ့ တော်လှန်ရေးလုပ်တဲ့တလျှောက်ကို ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် အခုလက်ရှိမှာ သျှမ်းပြည်သူလူထုတွေ တအားကြီးကို ကြုံတွေ့နေရတဲ့ ဘာအကာအကွယ်မှ မရှိဘဲ နေနေရတဲ့အချိန်ကာလမှာ လူသားတံတိုင်းလိုမျိုး အသုံးချခံနေရတယ်ဆိုတာမျိုး ဖြစ်နေတယ်။အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လုံးဝမလိုက်နာတဲ့ ကဏ္ဍရပ်တွေ ရှိနေတယ်။ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။
အခုဆိုရင် စစ်ဘေးရှောင်တွေ သိန္နီမှာ ပိတ်မိနေတာတွေ ရှိတယ်။ တခြားနေရာဒေသမှာ ပိတ်မိနေတာ ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီကို မလာနိုင်အောင် အမျိုးမျိုး ဖြတ်တောက်တာတွေရှိတယ်။ ဖြတ်တောက်တာက စစ်ဆင်ရေးအရကတော့ တစ်မျိုးပေါ့နော်။ ဒါပေမယ့် တကယ့်လူနေတဲ့ နေရာဒေသမှာ လုပ်နေတဲ့ ကိစ္စရပ်ကြတော့ မလုပ်စေချင်ဘူး။ ပြည်သူလူထုကို အကာအကွယ် ပေးစေချင်တယ်။ တကယ်တမ်းက တိုက်ပွဲ လုပ်တယ်ဆိုရင် နှစ်ဘက်စလုံးက ပြည်သူလူထုတွေနဲ့ ဝေးတဲ့နေရာ၊ မြို့ရွာတွေနဲ့ ဝေးတဲ့နေရာ အဲ့ဒီမှာပဲ သွားပြီးတော့ ပစ်စေချင်တယ်၊ လုပ်စေချင်တယ်။ ပြည်သူလူထုကို နှစ်ဘက်စလုံးက ကြည့်ပေးစေချင်တယ်ဆိုတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အဲ့တာလေးတွေ တောင်းဆိုချင်တယ်။
ပြည်သူလူထုကြားမှာ တိုက်ပွဲ မဖော်ဆောင်ပါနဲ့။ ပြည်သူလူထုတွေကို အကာအကွယ်ပေးပါ။ အခုဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံပိုးလုပ်ဆောင်နေတဲ့ အဖွဲ့တွေ လုပ်ရကိုင်ရ အရမ်းခက် နေတယ်။ သူတို့တွေကိုလဲ အကာအကွယ်ပေးဖို့ လိုအပ်တယ်။ နောက်ပြီး မြောက်ပိုင်းမဟာမိတ်အချင်းချင်း ဖြစ်နေတဲ့ ပြဿနာရပ်၊ ပြောရရင် နယ်မြေလုတဲ့ ပြဿနာမျိုးလဲ မဖြစ်စေချင်ဘူး။ နဂိုကတည်းက သူ့နေရာ ကိုယ့်နေရာ ဆိုတဲ့ဟာက ရှိနေပြီးသား ဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ်ကလည်း အချင်းချင်းက ဟိုယခင် ကတည်းက သွေးစည်းခဲ့တဲ့ မဟာမိတ်တွေဖြစ်တယ်။ အဲ့လိုမျိုး အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ကဏ္ဍမှာ သျှမ်းပြည်သူလူထုကို အမျိုးမျိုး တွေးထင်စေတယ်ဆိုတဲ့အပိုင်းလေး ဖြစ်နေတယ်၊ ဒါကို မလုပ်စေချင်ပါဘူး။
မေး။ ။ လက်ရှိ တိုက်ပွဲဖော်ဆောင်နေတဲ့ သျှမ်းမြောက်ဒေသတလျှောက်က မန္တလေး-မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေး နယ်စပ်တွေ ဦးတည်ပြီး ဖြစ်နေတယ်။ ဒီလမ်းကြောတလျှောက်မှာ တိုက်ပွဲဖော်ဆောင်နေတာက တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း BRI နဲ့ရော ဆက်စပ်နိုင်မလား။
ဖြေ။ ။ မြေပြင်မှာနေတဲ့ ပြည်သူလူထုက ဒါကတော့ နံပါတ်တစ်ပေါ့နော်။ စာထဲမှာ ထုတ်ပြန်ကြေညာချက် တွေမှာ ဘယ်လိုပဲရေးနေ ရေးနေပါစေ၊ နိုင်ငံရေးအရရော စစ်ရေးအရရော ဘယ်လိုပဲ ပြောနေပါစေ သူတို့နောက်ကွယ်က အကျိုးစီးပွား ကြီးကြီးမားမားတွေ ရှိတယ်ဆိုတာကို မြင်သာနိုင်တယ်။ အဲ့ဒီအကျိုးစီးပွား ကြီးကြီးမားမားထဲက တစ်ခုကိုထောက်ပြပါဆိုရင် ပိုးလမ်းမစီမံကိန်း BRI ကိစ္စက နံပါတ်တစ်လောက် ဖြစ်နိုင်တယ်ပေါ့။ ဒီ BRI ကနေ ရလာမယ့် အကျိုးအမြတ်အတွက်ရယ်၊ ဒီ BRI လာမယ့် လမ်းကြောတလျှောက်မှာ အဲ့ဒီနေရာ တလျှောက်မှာရှိတဲ့ လက်နက်ကိုင် EAOs အဖွဲ့တွေပဲဖြစ်ဖြစ်၊ တခြားတော်လှန်ရေး အဖွဲ့အစည်းပဲ ဖြစ်ဖြစ် BRI နဲ့ ဆက်စပ်ပြီး အကျိုးစီးပွားတွေ အများကြီး ရမယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် အခုကတည်းက နယ်မြေကို ကြိုတင်ပြင်ဆင်ပြီးတော့ နယ်မြေချဲ့ထွင်ခြင်း ဖြစ်တယ်လို့ ပြည်သူလူထုအများစုက အဲ့လိုပဲ ယူဆကြပါတယ်။
မေး။ ။ လက်ရှိတိုက်ပွဲ အခြေအနေအတွင်းမှာ မြင်နေရတာက သျှမ်းပြည်တွင်းကလူမျိုးစုတွေကို စစ်ကောင်စီကလည်း လူမျိုးရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတဲ့အပေါ်မှာ ဘယ်လိုအမြင်ရှိပါလဲ။
ဖြေ။ ။ စစ်ကောင်စီကတော့ လူထုတွေ ကြားထဲမှာ သွေးထိုးလှုံ့ဆော်တယ်ဆိုတာက ခုကတည်းက မဟုတ်ဘူးလေ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကိုက သွေးထိုးလှုံ့ဆော်ခဲ့တာတွေသည် စစ်ကောင်စီ အဆက်ဆက်က လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ခဲ့တယ်။ ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခက ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခရော၊ လူမျိုးရေး ပဋိပက္ခရော ပိုပြီးတော့ ဖြစ်လာတာတွေ့တယ်။ နောက်ပြီး အဲ့လိုမျိုးဖြစ်အောင်လည်း ကြိုတင်ကြံစည်တာရော တမင် မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်တာတွေရော တွေ့ရတယ်။
ဆိုရှယ်မီဒီယာမှာရော ပင်မမီဒီယာတွေထဲမှာရော အဲ့လိုမျိုး ကြံဆောင်လာတာတွေ တွေ့ရတယ်။ အရင်တုန်းကတော့ စစ်ကောင်စီကလုပ်တယ် ဆိုတဲ့အပိုင်းပဲ ရှိတယ်။ ဒါပေမယ့် အခုအနေအထားကို ကြည့်လိုက်ရင် စစ်ကောင်စီတင်မကဘဲ သျှမ်းပြည်ရဲ့ သျှမ်းစည်းလုံး ညီညွတ်မှုရော၊ သျှမ်းပြည်နေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေရော ပျက်အောင်ဆိုပြီးတော့ ပြောရရင် မသိမမြင်နိုင်သော လူတွေက ကြံဆောင်နေတယ်။ ဗျူဟာချပြီးတော့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်ကို လုပ်နေတယ်ဆိုတာ တွေ့မြင်နေရတယ်။ ဒါကို ပြည်သူလူထုကြားထဲမှာရော လူမျိုးစုတိုင်းရင်းသားတွေရော လက်နက်ကိုင် EAOs အဖွဲ့တွေရော ယခင်ကထက် ပိုသတိထားပြီးတော့ ကိုင်တွယ် ဖြေရှင်းဖို့ လိုတယ်။
မေး။ ။ လက်ရှိတိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက ညီနောင်မဟာမိတ်တွေ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ရောက်ရှိနိုင်ဖို့ ခက်ခဲနေတယ်။ အဲ့အပေါ်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ဘယ်လိုမျိုး တောင်းဆိုချင်ပါလဲ။
ဖြေ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ သံရုံးတွေရော၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGO INGO တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒီစစ်ပွဲကို အာရုံစိုက်စေချင်တယ်။ ဒီစစ်ပွဲက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲက စစ်ပွဲ မဟုတ်နေဘူးဆိုတာကို သူတို့ကိုယ်တိုင်လဲ သိနေမှာဖြစ်တယ်။ သိနေတာကို လက်ပိုက်ကြည့်မနေသင့်ဘူး။ အဲ့တာကို စောင့်ကြည့်လေ့လာပြီးတော့ ဒါကပြန်ပြီးထိန်းညှိပေးရမယ့် အပိုင်းလဲ ပြောချင်တယ်။ နောက်ပြီးတော့ EAOs တွေရော မြန်မာနိုင်ငံတစ်ခုလုံးမှာ တော်လှန်ရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရော ပြောချင်တာက မြန်မာနိုင်ငံမှာ ထိလွယ်ရှလွယ် အခြေအနေ ဖြစ်နေတဲ့အပိုင်းမှာလည်း နိုင်ငံတကာကရော အိမ်နီးချင်းနိုင်ငံတွေကရော သူတို့ကလွှမ်းမိုးမှုကို ရချင်တယ်။
ပြောရရင် အသုံးချရင်လဲ ချလို့ရသလို အသုံးချချင်တဲ့ အပိုင်းလေးတွေလဲ ရှိမယ်။ အဲ့ဒီဟာကို သတိဝိရိယလေး ထားစေချင်တယ်။ ပြည်သူလူထုကို မထိခိုက်အောင်လဲ လုပ်စေချင်တယ်။ အခုက တအားကြီးကို စိုးရိမ်နေရတဲ့ အနေအထား ဖြစ်တယ်။ အခုကတော့ တားဂတ်ပစ်မှတ်က သျှမ်းပြည်ဖြစ်နေတယ်။ တားဂတ်က သျှမ်းပြည် ဖြစ်နေတယ် ဆိုပေမဲ့ တကယ်တမ်းခြုံပြီး ကြည့်မယ်ဆိုရင် သျှမ်းပြည်တင်မဟုတ်ဘဲ ဘယ်လောက် အတိုင်းအတာထိ ရှိတယ်ဆိုတာကို ဖော်ဆောင်နေတဲ့ လူတွေရော၊ နိုင်ငံရေးကိုလေ့လာနေတဲ့ လူတွေရော နားလည်မှာပါ၊ ပြည်သူလူထု တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေချင်ဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ သတိထားစောင့်ကြည့်ပြီးတော့ ကူညီထောက်ပံ့ပေးစေချင်တယ်။
မေး။ ။ နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီးတော့ ညီနောင်မဟာမိတ်တွေကို ပြန်လည်ချေမှုန်းမယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ ပြည်သူလူထုတွေအတွက် ဘယ်လိုစိုးရိမ်မှုရှိပါလဲ။
ဖြေ။ ။ ပြောရရင် ဘယ်ဘက်ကပဲလုပ်လုပ် အဆင်မပြေဘူး။ စစ်ကောင်စီကပဲ ချေမှုန်းတာပဲဖြစ်ဖြစ်၊ တော်လှန်းရေးအဖွဲ့တွေနဲ့ EAOs တွေဘက်က လုပ်တာပဲဖြစ်ဖြစ်ပေါ့။ အခုလုပ်နေတဲ့ စစ်ဆင်ရေးဆိုတာသည် ဘယ်လိုမျိုးပဲဖြစ်ဖြစ် ပြည်သူလူထုကို အများကြီး ထိခိုက်စေတယ်။ အချင်းချင်း စကားပြောဖို့ဆိုတဲ့ လမ်းကြောင်းလဲ မတွေ့ရဘူး။ ရှေ့ဆက်ညှိနှိုင်းရေးတို့၊ သူတို့ရင်ဘတ်ချင်းဖွင့်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ဆိုတာက လုံးဝမတွေ့ရ မကြားရဘဲနဲ့ လုံးဝသူသေကိုယ်သေချမယ်ဆိုပြီး လုပ်နေတဲ့ကိစ္စရပ်ကျတော့ တစ်နိုင်ငံလုံးကို ဒုက္ခပေးရာရောက်တယ်။ တစ်နိုင်ငံလုံးကလဲ ထိခိုက်နစ်နာနေတယ်။
မေး။ ။ “၁၀၂၇ စစ်ဆင်ရေး” မှာ သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်တိုက်ခိုက်နေတာမျိုး မရှိဘူး။ အကယ်၍ သူတို့ပါဝင်လာရင် ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အခု သျှမ်းတပ်ဖွဲ့တွေရဲ့ အနေအထားကို ကြည့်ရတာက တော်တော်လေး Dead Lock ကျဉ်းထဲကျပ်ထဲ ကို ရောက်နေတယ်လို့ တွေ့ရတယ်။ ကြည့်ရရင် RCSS ရော SSPP ရော တစ်ဘက်မှ လှုပ်လို့မရဘူးဆိုတဲ့ အနေအထားရယ်၊ သူများရဲ့ဗျူဟာအကွက်ထဲကို ရောက်နေတယ်ဆိုတဲ့အပိုင်း ဖြစ်တယ်။ သူတို့အတွက်က တိုက်ရင်လဲ မထူး၊ မတိုက်ရင်လဲ မထူးဘူးဆိုတာမျိုး ဖြစ်နေတယ်။ တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ချေမှုန်းခံရမှာပဲဆိုတာမျိုး တွေ့ရတယ်။
ကျမတစ်ယောက်ထဲ အမြင်အရဆိုရင် သျှမ်းလက်နက်ကိုင်တွေရော၊ သျှမ်းနိုင်ငံရေးပါတီတွေရော၊ သျှမ်းပြည်သူတွေရော အကုန်လုံးက Dead Lock ကျဉ်းထဲကျပ်ထဲ ရောက်နေတယ်။ အကုန်လုံးရဲ့ ကြားထဲမှာခံနေရပြီးတော့ အားလုံးရဲ့ပစ်မှတ် – စစ်ကောင်စီရဲ့တားဂတ်၊ တခြားသော လက်နက်ကိုင် EAOs တွေရဲ့တားဂတ်၊ တခြားသော တော်လှန်ရေးသမားတွေနဲ့ တခြားသော အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ တားဂတ်တွေက သျှမ်းတွေရဲ့အပေါ်မှာ ပုံပြီးတော့ကျနေတယ်။ အဲ့ဒီမှာ သျှမ်းတွေကလည်း ဒါတွေကို ဖြေရှင်းနိုင်တဲ့အစွမ်းလဲ သိပ်ပြီးတော့မတွေ့ရဘူး။
မေး။ ။ အပေါ်ကမေးခွန်းတွေအပြင် ထပ်ပြီးတော့ ဖြည့်ပြောချင်တာ ရှိပါလား။
ဖြေ။ ။ ထပ်ဖြည့်ပြောရရင် လက်ရှိအချိန်ကာလမှာ သျှမ်းတွေက အဘက်ဘက်ရဲ့အာရုံစိုက်ခြင်းနဲ့ ချေမှုန်းခြင်း ကို ခံနေရတယ်ဆိုတဲ့ဟာတွေ ရှိတယ်။ ဒါက အခုမှထွက်ပေါ်လာတဲ့ ဗျူဟာနဲ့စစ်ဆင်ရေးတွေ မဟုတ်ဘူး။ နဂိုကတည်းက နှစ်ပေါင်းများစွာ ကြိုတင်ကြံစည်ပြီး လုပ်တားတာ၊ အင်အားတွေ စွမ်းရည်တွေပြည့်အောင် လုပ်ထားတာတွေ ဖြစ်တယ်။ ဒါကိုခုခံနိုင်ဖို့ဆိုတာ သျှမ်းတွေအနေနဲ့ဆိုရင် တော်တော်လေးမလွယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ အဲ့တော့ နံပါတ်တစ်အနေနဲ့ သျှမ်းတွေ အချင်းချင်းစည်းလုံးဖို့ လိုအပ်တယ်။ အချင်းချင်းကူညီဖို့ လိုအပ်တယ်။ နောက်ပြီးတော့ နဂိုတုန်းက အချင်းချင်းခြေထိုးခဲ့ကြတဲ့ ကိစ္စတွေ၊ အချင်းချင်း မယုံကြည်အောင် လုပ်ခဲ့ကြတဲ့ ကိစ္စရပ်တွေ အဲ့ဒီဟာတွေကို သင်ပုန်းချေခဲ့ကြပြီးတော့ အမြန်စည်းလုံးပြီး ကိုယ့်နေရာကိုယ့်ဒေသ ကိုယ့်လူမျိုး အဲ့တာတွေကို ကာကွယ်ဖို့လိုအပ်နေပြီ။ အတ္တမာနတွေအကုန်လုံး ချထားဖို့ လိုအပ်နေပြီ၊ ဒါဟာ အရေးပေါ်အခြေအနေ ဖြစ်နေပြီဆိုတာကို လူတိုင်းသိပြီး လူတိုင်းနှိုးထလာဖို့သင့်ပြီ။
မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါ။
သျှမ်းသံတော်ဆင့် ပေးပို့သည်။