“အာဏာရှင်နဲ့ အလုပ်ရှင်တွေ ပေါင်းပြီးတော့မှ အလုပ်သမားတွေကို ဖိနှိပ်ဂုတ်သွေးစုပ်နေကြတာ” မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌဒေါ်မိုးစန္ဒာမြင့်

0
376
ပုံစာ - FGWM ဥက္ကဋ္ဌဒေါ်မိုးစန္ဒာမြင့်

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေဟာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံရတာ၊ အလုပ်ရှင်တွေက ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်အကောင်းယူပြီး အလုပ်သမားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်အဝ မရတာအပြင် အချိန်ပိုဆင်း ရပေမယ့် အချိန်ပိုကြေးမရတာ အဆိုးဆုံးက ဆေးကုသခွင့်နဲ့ မီးဖွားခွင့်လို အခွင့်အရေးတွေပါ ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေ၊ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ ဥပဒေ အကာအကွယ်ရရှိမှု၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေမှု အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး- အရင်ဆုံး စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့အလုပ်သမားတွေ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ- မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် အလုပ်သမားတွေမှာ လုပ်ငန်းခွင်ဖိနှိပ်မှု၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုက အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေကြ ရတာပေါ့နော်။ မပြောင်းလဲခဲ့တဲ့ အနိမ့်ဆုံးလုပ်အားခနဲ့ ခေတ်ကာလကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် ဝင်ငွေထွက်ငွေ မလောက်ငှမှုကလည်း မြန်မာပြည်အလုပ်သမားတွေ လက်ရှိခံစားနေကြရတဲ့ အခြေအနေတစ်ရပ်ပါပဲ။

မေး- အာဏာသိမ်းကာလကြာလာတာနဲ့အမျှ အလုပ်သမားသမားတွေဟာ ဘယ်လိုအခက်အခဲတွေကို အများဆုံး ရင်ဆိုင်နေရပါသလဲ။

ဖြေ- မြန်မာပြည်မှာ အလုပ်သမားဈေးကွက်ပျက်ပြီလို့ ပြောရမလားပဲ။ ဘာကြောင့်လဲဆို ကျွမ်းကျင်တဲ့ လခစား အလုပ်သမားတွေကို အပြစ်မရှိဘဲ အလုပ်ထုတ်တယ်။ အလုပ်သမားတွေ လျော့တယ်။ အလုပ်တွေ ဖြုတ်တယ်။ တဖက်မှာကျတော့ နေ့စားအလုပ်သမားတွေနဲ့ လုပ်ငန်းတွေကို လည်ပတ်တယ်။ စက်ရုံတွေက ဒီဘက်မှာ အပိတ် ပြတယ်။ လုပ်သား လျော့ပြတယ်။

အခြားနေရာတွေမှာ စက်ရုံတွေကို ပြန်ဖွင့်ပြီး လုပ်အားခတွေကို နှိမ့်ချပြီး ဈေးပေါပေါနဲ့ နေ့စားအလုပ်သမားတွေ အဖြစ် အလုပ်ခန့်တယ်။ အချိန်ပိုတွေ မတရားခေါ်တယ်။ ဖိအားပေးပြီး အလကားဆင်းပေးနေရတဲ့ အခြေအနေတွေ၊ အချိန်ပိုဆင်းရင်လည်း လုပ်ငန်းခွင်အတွင်းမှာ အချိန်ပိုဆင်းရင်း မတရားပြုကျင့်ခံရလို့ အသက်သေဆုံးတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အချိန်ပိုဆင်းပြီးအပြန် ဖယ်ရီမ ပေးတာကြောင့် လမ်းမှာမတရားပြုကျင့်ခံရလို့ အသက်သေဆုံးရတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်။

မေး- အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ ဘယ်လိုဖိနှိပ်မှုတွေ ကြုံတွေ့နေရလဲ။ ဒီအပေါ်မှာ အာဏာသိမ်းစစ် ကောင်စီက ဘာတွေလုပ်ဆောင်ပေးတာရှိလဲ။

ဖြေ- လက်ရှိလုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မလုပ်အား စေခိုင်းခြင်းတွေကို အများဆုံး ချိုးဖောက်ခံနေရတယ်။ လုပ်ငန်းခွင်မှာဆို လုပ်ငန်းခွင်ငရဲခန်းနဲ့မခြား အလုပ်လုပ်ကိုင် နေရတယ်။ မန်နေဂျာတွေ၊ နိုင်ငံခြားသားပါ အလုပ်ရှင်ကပါ အဓမ္မခိုင်းစေတာတွေ ခြိမ်းခြောက်ပြီး ခိုင်းစေတာတွေ သူတို့ မကြိုက်တဲ့သူဆိုရင် ချက်ချင်းအလုပ်ကထုတ်တာ၊ အချိန်ပိုဆင်းလို့မှ အချိန်ပိုမဆင်းဘူးလို့ အလုပ်သမားတွေက ငြင်းတယ်ဆိုရင် နောက်နေ့အလုပ်မဆင်းဖို့ အလုပ်ထုတ်ခံရတာတွေ။

အထည်စံချိန်တွေ အဆမတန် တောင်းတဲ့အပေါ်မှာ မပြည့်မီခဲ့ရင်လည်း အချိန်ပိုဆင်းပေးရတဲ့ အလုပ်သမားတွေရယ်၊ နောက် အလုပ်ပိုဆင်းပြီး ပြန်ချိန်မှာ ဖယ်ရီကားမစီစဉ်ပေးတာတွေက လက်ရှိ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေပေါ့။ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ ကြုံလာရင် အလုပ်ပြုတ်မှာစိုးလို့ မပြောရဲတဲ့ အလုပ်သမားတွေရှိတယ်။ အာဏာရှင်နဲ့ အလုပ်ရှင်တွေ ပေါင်းပြီးတော့မှ အလုပ်သမားတွေကို ဖိနှိပ်ဂုတ်သွေးစုပ်နေကြတာ။

မေး- စစ်ကောင်စီလက်ထက် မြန်မာ MOU လုပ်သားတွေနဲ့ တခြားနိုင်ငံမှာရောက်နေတဲ့ မြန်မာလုပ်သားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ- အိမ်နီးချင်းနိုင်ငံတွေကို MOU စနစ်နဲ့ အလုပ်သွားလုပ်တာတွေ ရှိနေသလို တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ မြန်မာနိုင်ငံကနေ နေ့စဉ် ရာဂဏန်းနီးပါး ပြည်ပကို ထွက်ခွာပြီးတော့ အလုပ်လုပ်နေကြတယ်။ ပြည်တွင်းမှာက အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခ၊ လစာနည်းပါးမှုတွေကြောင့် ဝင်ငွေ နဲ့ထွက်ငွေ မမျှတတဲ့အပေါ်မှာ အခက်အခဲမျိုးစုံနဲ့ ရပ်တည်လို့မရတဲ့ အခြေအနေမှာ ပြည်ပထွက်ခွာ အလုပ် လုပ်တော့လည်း ရွေ့ပြောင်းအလုပ်သမားတွေအဖြစ်မှာ ခွဲခြားဆက်ဆံခံရတာတွေ ဘာသာစကား အခက်အခဲတွေ ရှိတယ်။ အလုပ်ခေါ်တုန်းကနဲ့ တကယ်တမ်းလုပ်ရတော့ အပြောနဲ့အလုပ် မညီတာ၊ မတူညီတာတွေ ရှိတယ်။ လုပ်ခလစာတွေ အပြည့်အဝမရတာ အလုပ်ထုတ်ခံရတာတွေလည်း ရွေ့ပြောင်းအလုပ်သမားတွေ ကြုံနေရတဲ့ အခြေအနေတစ်ရပ် ဖြစ်တယ်။

မေး- နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်တွေ၊ စက်ရုံအသစ်တွေ ဝင်လာတယ်လို့ စစ်ကောင်စီက ပြောဆိုထားတာ ရှိတယ်။ ဒါတွေက စက်ရုံအလုပ်သမားတွေအတွက် တကယ်ပဲ အထောက်အကူ ဖြစ်နေလား။

ဖြေ- ရင်းနှီးမြှပ်နှံမှု အသစ်တွေဝင်တာတော့ ကြားတယ်။ စက်ရုံတွေမှာ အထည်အော်ဒါအသစ်တွေ ထပ်ရတာ ကြားတယ်။ အလုပ်သမားတွေအတွက် အထောက်အကူ ဖြစ်မဖြစ်ဆိုတာတော့ ကျွန်မတို့က စောင့်ကြည့်ရမယ့် အခြေအနေပေါ့။ လက်ရှိမှာတော့ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေဆိုတာက အရင်တည်းကလည်း မရှိခဲ့တာ။ အခုချိန် ပြောစရာကို မရှိတော့ဘူး။

အာဏာရှင်နဲ့ အလုပ်ရှင်ပေါင်းပြီး လုပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ အလုပ်သမားတွေအတွက် အထောက်အကူ ဖြစ်မယ်လို့တော့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အာဏာရှင်နဲ့ အလုပ်ရှင်အတွက်ဆိုတာ ရဲရဲ ဒါပြောရဲတယ်။ အလုပ်ရှင်ဆိုတာ ဘယ်တုန်းကမှ အလုပ်သမားတွေကို ဘယ်တုန်းကမှ စေတနာမထားခဲ့ဘူးပေါ့။ သူတို့အကျိုးအမြတ်အတွက်ပဲ သူတို့ကြည့်ပြီး ဂုတ်သွေးစုပ်ဖို့နဲ့ အမြတ်ထုတ်ဖို့ပဲ သူတို့အမြဲတမ်းပဲ လုပ်ဆောင်နေတာ ဖြစ်တယ်။

မေး- စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေရဲ့အခွင့်အရေး၊ ရပိုင်ခွင့်တွေအတွက် ဘယ်လိုကူညီမှုတွေ ပေးနေပါလဲ။

ဖြေ- ဒီလိုအခြေအနေတွေမှာ အလုပ်သမားတွေအတွက် ဘာကိုမှ လုပ်ခွင့်မရသလို လုပ်လို့လည်း မရဘူး။ အလုပ်သမားတွေကို မိမိတို့အခွင့်အရေးအတွက် တောင်းဆိုနိုင်ဖို့ အားလုံးရဲ့အခွင့်အရေးအတွက် စုပေါင်းအင်အားနဲ့ တောင်းဆိုဖြေရှင်းနိုင်ဖို့ အတွက်သာ အကြံပြုပေးလို့ပဲ ရပါတယ်။

မေး- အလုပ်သမားအရေး လုပ်ဆောင်နေသူတစ်ဦးအနေနဲ့ လက်ရှိပြည်တွင်းပြည်ပက အလုပ်သမားတွေကို ဘာတွေတိုက်တွန်း အကြံပြုလိုတာရှိမလဲ။

ဖြေ- လက်ရှိအချိန်မှာတော့ ပြည်တွင်းရော၊ ပြည်ပမှာပါ အလုပ်ကိုင်ရောက်ရှိနေတဲ့ အလုပ်သမားတွေဟာ မတူညီတဲ့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီဟာတွေက စစ်အာဏာရှင်ရဲ့ စနစ်ဆိုးကြောင့်ပဲ။ ဒါကြောင့် ကျွန်မတို့နဲ့ ပြည်သူတွေအားလုံးဟာ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးတဲ့အထိ ဒါတိုက်ပွဲဝင်နေကြတာ။ အာဏာရှင်စနစ် ကျဆုံးပြီးတော့မှ ပြည်သူတွေရွေးချယ်တဲ့ ပြည်သူတွေထောက်ခံတဲ့ ကောင်းမွန်တဲ့ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာမှသာလျှင် ကျွန်မတို့အတွက် အလုပ်သမားတွေအတွက် ဖူလုံတဲ့လုပ်ခလစာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နိုင်ဖို့အတွက် ဒါကြောင့် အာဏာရှင်စနစ်ဟူသမျှ ကျဆုံးဖို့ အလုပ်သမားထုဟာ နွေဦးတော်လှန်ရေးမှာလည်း ရှေ့ဆုံးကပါဝင်ဖို့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ပါဝင်ကြဖို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

သံလွင်တိုင်းမ်-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here