“အာဏာရှင်စနစ်တွေ ပြုတ်ကျဖို့က အဓိကဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့က ရှေ့ဆက်ပြီး ချီတက်သွားဖို့ပဲရှိတယ်။ အခက်အခဲ အကျပ်တည်းတွေရှိလည်း ကျွန်တော်တို့ နောက်ဆုတ်လို့မရဘူးဆိုတာ သတင်းပေးချင်တယ်” KNU ပြောခွင့်ရ ပဒိုစောတောနီး

0
324
ပုံစာ - KNU ပြောခွင့်ရပဒိုစောတောနီး (Photo-KNU)

KNLA တပ်မဟာမှူး ၃ ဦး ပြောင်းလဲခန့်အပ်မှုနဲ့ ပတ်သတ်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)၊ တပ်မဟာ (၆)၊ တပ်မဟာ (၇) တို့ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတို့ကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

KNLA တပ်မဟာမှူး ၃ ဦး အပြောင်းအလဲဟာ စစ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါလား၊ စစ်ရေးအရှိန် မြှင့်တင်လာနိုင်တဲ့ အခြေအနေ၊ စစ်ကောင်စီရဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး KNLA တပ်မဟာမှူး ၃ ဦး အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ပထမဆုံးပြောချင်တာက KNLA ရဲ့ ခြောက်လပတ် တပ်မှူးအစည်းအဝေးဆိုတာ မဟုတ်ပါဘူး။ အစည်းအဝေးက အမှန်က KNLA တပ်မှူးကြီးတွေ တွေ့ဆုံကြတဲ့အစည်းအဝေးပဲ ဖြစ်ပါတယ်။ အခု သတင်းထွက်လာတဲ့ တပ်မဟာမှူး အပြောင်းအလဲ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း အထူးသဖြင့် တပ်မဟာ ၄ နဲ့ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ အတွက် တပ်မဟာမှူးအဆင့်တွေ ခန့်အပ်လိုက်တာဆိုတာ အဲဒါကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ အတည်ပြုလို့ ရပါတယ်။

မေး။ ။ တပ်မဟာမှူး အပြောင်းအလဲမှာ အထူးသဖြင့် ဒီစစ်ရေးဆိုင်ရာပိုင်းမှာ အပြောင်းအလဲတွေ ဘာရှိလာနိုင်မလဲ၊ စစ်ရေးအရှိန်တွေ ပိုတိုးမြှင့်လာနိုင်မလား။

ဖြေ။ ။ ဒီတပ်မဟာမှူးအဆင့်ကို ခန့်အပ်လိုက်တာနဲ့ စစ်ရေးအခြေအနေက ပိုတိုးမြင့်လာဖို့ ဘယ်လို ရှိလာမလဲ ဆိုတာ ဒါက တိုက်ရိုက်ကြီး သက်ရောက်လိမ့်မှာတော့ မဟုတ်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ကျွန်တော်တို့ မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ မူဝါဒက ရှင်းနေတာပဲလေ။ ဒီစစ်ကောင်စီကို အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့အတွက်ဆိုရင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ထုတ်ရမှာ ရှိပြီးသား။

ဒါက စစ်ရေးအရ တစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးအရရော၊ ပိတ်ဆို့မှုအရရော၊ သံတမန်ရေးအရရော နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုအင်အားရော၊ လူထုတိုက်ပွဲဝင်ဖို့ အနေအထားရော အကုန်လုံး ပါဝင် ရမယ်လေ။ ဟန်ချက်ညီညီနဲ့ ကဏ္ဍအသီးသီးမှာ စစ်ရေးအပါအဝင် အကုန်လုံး အရှိန်မြှင့် ရမယ်ဆိုတာ ရှိပြီးသားပါ။ အဲဒါကြောင့်မို့ တပ်မဟာမှူး အသစ်ခန့်အပ်လိုက်တာနဲ့ ဒါတိုက်ရိုက်ကြီးတော့ ပတ်သက် နေတယ်လို့တော့ မဆိုနိုင်ပါဘူးလေ။ ကိုယ်လုပ်ရမယ့် အလုပ်ကို ဆက်လုပ်ဖို့ပဲ ရှိတယ်။

မေး။ ။ ဖာပွန်မှာ စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲလို့ ကျောင်းဆရာ၊ ကျောင်းသားတွေ သေဆုံးဒဏ်ရာရကြတယ်။ အရပ်သားအပေါ် ပစ်မှတ်ထားပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာတုံ့ပြန်ချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ ဖာပွန်ခရိုင်မှာရော၊ ညောင်လေးပင်ခရိုင်ဘက်မှာရော လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ပိုပြီးထိခိုက်လာတယ်။ တပ်စခန်း သိမ်းခံရပြီးနောက် တိုက်ခိုက်မှုတွေ ပိုတိုးလာတယ်။ အဲဒါတွေ မတိုက်ခိုက်လည်း သူ့ဘာသာ ထလုပ်နေတာတွေ ရှိတယ်။ ညဘက်ကျ မီးရောင် လေး မြင်တာနဲ့ စစ်ရှောင်တွေ ရှိမယ်။ ရွာသားတွေ ရှိနေတာကို လက်နက်ကြီးနဲ့ လှမ်းထုတာပဲ။ ခဏခဏ ပစ်နေတာပဲ။ အဲဒါကြောင့်မို့ သူတို့လုပ်ရပ်တွေက တိုက်ပွဲဖြစ်တာပဲဖြစ်စေ၊ မဖြစ်လည်း အဲဒီလိုမျိုး လုပ်နေတာ နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့က စစ်ရာဇဝတ်မှုကို လုံးလုံးကျူးလွန်တဲ့သူတွေ ဖြစ်တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ KNU ကလည်း ထုတ်ပြန်ချက်တွေ ထုတ်မှာပါ။ အရပ်သား တိုက်ခိုက်မှုတွေ၊ အရပ်သား သေဆုံးပျက်စီးမှုတွေကို ထုတ်ပြန်ကြေညာချက်ထုတ်သလို ကျွန်တော်တို့ ကလည်း တောင်းဆိုချင်တာက လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုက တကယ်လိုအပ်ပြီဆိုတာ စစ်ကောင်စီကို ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ စစ်ရေးကို အရပ်သားပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရပ်တန်းကရပ်အောင် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အထူးပိတ်ဆို့သွားဖို့တော့ လိုအပ်တယ်။ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ပိတ်ဆို့မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။

မေး။ ။ KNU ထံ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ သတင်းတွေ တွေ့နေရပါတယ်။ အခုနှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိပေါ့။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင် ရောက်လာတဲ့ အခြေအနေလည်း ပြောပြလို့ရနိုင်သလောက် ပြောပြပေးပါဦး။

ဖြေ။ ။ စကစဘက်က စစ်သားတွေ အလင်းဝင်လာတာတွေရော လက်နက်ချတာတွေရောမျိုးစုံပဲ။ လူဦးရေ ကတော့ မပြတ်တမ်း ရှိတယ်။ ကျွန်တော်တို့ နားလည်ရမှာက လက်နက်ချ အလင်းဝင်တာရှိသလို လက်နက် ပါတာ ဖြစ်ဖြစ်၊ မပါတာပဲ ဖြစ်ဖြစ် အာဏာဖီဆန်ပြီး တော်လှန်ရေးကို နည်းလမ်းစုံကနေ အကျိုးပြုနေတဲ့ စစ်သားတွေလည်း ရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဘက် ရပ်တည် ဖို့ပဲ လိုတယ်။

ပြည်သူဘက်ရပ်တည်မယ်ဆိုရင် ဘယ်နေရာမှာနေနေ တော်လှန်ရေးကို အထောက်အကူ ပြုတယ်ဆိုတာ သတင်းပေးချင်တယ်။ အဲဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ အထူးသဖြင့် စကစတပ်သားတွေက လက်နက်နဲ့တကွ လာပူးပေါင်းမယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ် ဆိုပေမယ့် ဒါကတော့ နည်းလမ်းတစ်ခုတည်း မဟုတ်ဘူး။ တခြားနည်းလမ်းတွေ လည်း လုပ်နိုင်ပါတယ် ဆိုတာ အများကြီးရှိပါတယ်။ လုပ်နိုင်တဲ့အနေအထားနဲ့ဆက်ပြီး ကျွန်တော်တို့ အားပေးသွားမှာပါ။

မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ နိုင်ငံရေးစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူအပေါ် အသိပေး ပြောကြားလိုတာရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ နိုင်ငံရေး၊ စစ်ရေး ပြောမယ်ဆိုရင် စကစဘက်က တော်တော်လေးကို အကြပ်ရိုက်တာကိုတော့ တွေ့ရတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကလည်း မထင်မှတ်ပဲနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ပိုပြီး ပိတ်ဆို့လာတာ တွေ့ရတယ်။ အဲဒါကြောင့် စီးပွားရေးဂယက် ရိုက်ခတ်မှုတွေက တိုင်းသူပြည်သား အပေါ်မှာရော၊ သူ့အပေါ်မှာရော နိုင်ငံတွင်းမှာရှိတဲ့သူတွေ ကြုံတွေ့ရမှာပဲ။

ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးဆိုတာက ကျွန်တော်တို့ ဒီဟာကို အတူတကွ ရင်ဆိုင်သွားရမှာပဲလေ။ ဒါကတော့ အာဏာရှင်စနစ်တွေ ပြုတ်ကျဖို့က အဓိက ဖြစ်တဲ့အပေါ်မှာ ကျွန်တော်တို့ က ရှေ့ဆက်ပြီး ချီတက်သွားဖို့ပဲ ရှိတယ်။ အခက်အခဲ အကျပ်တည်းတွေရှိလည်း ကျွန်တော်တို့ နောက်ဆုတ် လို့ မရဘူးဆိုတာ သတင်းပေးချင်တယ်။ ကျွန်တော်တို့လည်း အတူတိုက်ပွဲ ဝင်သွားမယ်ဆိုတာ အတိအလင်း အသိပေး ချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here