30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အလယ်ကျွန်း၊ ဆင်မရဲရွာ၊ ကိုရင်ကျွန်း၊ နှောင်းဘရွာ၊ ဇီးပင်ကုန်း၊ တောင်ကျွန်း၊ အလယ်သောင်...... ငါန်းမြာလေးရွာ အဲ့ဒီကဒေသခံအကုန်လုံး ထွက်ပြေးနေရတယ်။ လူကတော့ ငါးထောင်ကျော်၊...

“အလယ်ကျွန်း၊ ဆင်မရဲရွာ၊ ကိုရင်ကျွန်း၊ နှောင်းဘရွာ၊ ဇီးပင်ကုန်း၊ တောင်ကျွန်း၊ အလယ်သောင်…… ငါန်းမြာလေးရွာ အဲ့ဒီကဒေသခံအကုန်လုံး ထွက်ပြေးနေရတယ်။ လူကတော့ ငါးထောင်ကျော်၊ တစ်သောင်းလောက်ရှိလောက်မယ်။ ရာသီဥတုက ပူပူနဲ့ နီးစပ်ရာတောထဲကို ပြေးကြ၊ ရှောင်ကြရတာပါပဲ” ရေစကြိုဒေသခံတစ်ဦး

ရေစကြိုဒေသတွင်း လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး လူ့အခွင့်ချိုး‌ဖောက်မှုအခြေအနေတို့ကို မြေပြင်တွင် မှတ်တမ်းကောက်ယူစုဆောင်းနေသူ ရေစကြိုဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ အမှတ် (၂၅၈) ခြေလျင်တပ်ရင်း (ခလရ -၂၅၈) က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံတို့၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ‌ဒေသခံများကို ဓါးစာခံအဖြစ် ဖမ်းဆီးနေ‌ခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နေ့စဉ်နီးပါးတိုက်ပွဲ ဖြစ်ပွားနေသည်။

ရေစကြိုဒေသတွင်း လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး လူ့အခွင့်ချိုး‌ဖောက်နေမှုအခြေအနေများကို မြေပြင်တွင် မှတ်တမ်းကောက်ယူစုဆောင်းနေသည့် အမည်မဖော်လိုသူ ရေစကြိုဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရေစကြိုဒေသတွင်း လက်ရှိအခြေအနေတွေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အခြေအနေကတော့ ဟိုကောင်တွေ (စစ်ကောင်စီတပ်) စစ်ကြောင်းထိုးတာ နေ့တိုင်းပါပဲ။ ရွာတွေထဲဝင် မီးရှို့တယ်။ ပစ္စည်းတွေယူတယ်။ ဖျက်ဆီးတယ်။ ပြည်သူတွေကို ဖမ်းတယ်။ စိတ်ထင်သလို လုပ်နေတာ။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ ၂၀ ရက် (ဧပြီ) နေ့က ကြူရွာ၊ ဆင်ကြို့ရွာမှာ တပ်စွဲပြီး အဲ့ရွာက လူတွေကို ဓါးစာခံဖမ်းတယ်။ လောလောဆယ် သိရသလောက်တော့ ၇ ဦးလောက်ရှိတယ် ဓါးစာခံက။ ပြည်သူတွေပစ္စည်းတွေကို ယူတယ်။ ခိုးတယ်။

လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တယ်။ နောက်တစ်ရက်ကြတော့ ကြူရွာကနေ ဗလဘရွာဘက်ကိုကူးတယ်။ ကူးတဲ့အချိန်မှာလည်း လက်နက်ကြီး တွေနဲ့ ရမ်းပစ်တယ်။ နောက်ပြီး ရွာကိုနှစ်ရက်ဆက်တိုက် မီးရှို့သွား တယ်။ အခုထိလည်း ရှိနေဆဲပါ။ ၂၀ (ဧပြီ) ရက်ထဲကနေ တောက်လျောက်ရှိတာ၊ အဲ့ဒီ ရေစကြိုအထိုင်တပ် ခလရ ၂၅၈ က။ အင်အားကတော့ ၁၅၀၊ ၂၀၀ လောက် ခန့်မှန်းထားကြပါတယ်။ ရေစကြိုမှာက ခလရ ၂၅၆, ၂၅၇ နဲ့ ၂၅၈ တို့ အထိုင်ချတာလေ။

ပုံစာ – ရေစကြိုပကဖနှင့်ကျောင်းသားတပ်မတော် ABSDF တို့ ၂၀၂၅၊ မတ်လ ၂ ရက်နေ့က အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ်။ (Photo – ရေစကြိုပကဖ)

မေး။ ။ ဒေသခံတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်ဆိုတော့ နှစ်ဖက်တိုက်ပွဲအခြေအနေကို သိရသလောက် ပြောပြပေးပါဦး။

ဖြေ။ ။ မနေ့က (ဧပြီ ၂၄ရက်) ညနေပိုင်း လေးနာရီခွဲကျော် ငါးနာရီလောက်ကတင် အဲ့ဒီဗလဘရွာဘက်က ထွက်လာတဲ့ စစ်ကားလေးစီးကို ဒီဘက်ကတပ်ဖွဲ့တွေက မိုင်းဆွဲတယ်။ သူတို့က ခလရ ၂၅၈ ဘက်ကို သွားတာပေ့ါ။ အဲ့ဒီမှာ မိုင်းဆွဲခံရတာ။ အထိအခိုက်ကတော့ မသိရသေးဘူး။ မိုင်းဆွဲခံရပြီး ကားတွေတော့ ခဏရပ်သွားတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်တော့ ကြားရတယ်။

၁၃ (ဧပြီ) ရက်နေ့ကလည်း ကံသစ်ရွာနားမှာ တိုက်ပွဲဖြစ်သေးတယ်။ အဲ့ဒီမှာတော့ စစ်တပ်ဘက်ကထိတယ်။ ဒါပေမယ့် လက်နက်တွေတော့ ကောက်လို့မရခဲ့ဘူး။ တိုက်ပွဲကတော့ ကြိုကြား ကြိုကြားရှိတာပေါ့။ ဒီဘက်ကလည်း အခါအခွင့်သင့်တာနဲ့ သူတို့ကိုချတာပဲ။ ဟိုဘက် စစ်တပ်ဘက်ကလည်း ကင်းပုန်းတွေ ချထားတာရှိတော့ အခြေအနေကြည့် လှုပ်ရှားရတာမျိုးပေါ့။

မေး။ ။ စစ်ကြောင်းထိုးတောက်လျောက်မှာရော စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ပါလား။

ဖြေ။ ။ လုပ်တာပေါ့။ ၁၇ (ဧပြီ) ရက် မနက်အစောပိုင်းမှာ ဗလဘရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲလို့ အသက် ၈၀ အဘိုးတစ်ယောက်သေတယ်။ ခြေတစ်ဖက်ပြတ်ပြီး သွေးထွက်လွန်သေသွားရတာ။ နောက်နှစ်‌ယောက်ထိပြီး ဒဏ်ရာရတယ်။ ၂၁ ရက် နေ့ခင်းပိုင်းမှာ ဇီးပင်ကုန်းရွာကို နှစ်ကြိမ်၊ ညပိုင်းမှာ နောက်ထပ်တကြိမ်။ မိတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံး ၄ လုံးချခဲ့တာ။ ကျောင်းဆောင် ပြိုသွားတယ်လို့ကြားတယ်။

အဲ့ဒီနေ့ညမှာပဲ အလယ်သောင်ရွာကိုလည်း လေကြောင်းတိုက်တယ်။ နောက် ၂၃ ရက်နေ့မှာလည်း ဇီးပင်ကုန်းအရှေ့ဘက်နဲ့ ဆင်မရဲရွာတောင်ပိုင်းကို ဗုံးကြဲခဲ့တယ်။ အဲ့ဒီမှာတော့ အမျိုးသမီးတစ်ဦး ခေါင်းထိပြီး သေဆုံးသွားတယ်။ ကျန်တဲ့နေရာက ပစ်ခတ်မှုမှာတော့ သေဆုံးမှုတွေကို စုံစမ်းနေရတုန်းပါပဲ။ ရွာတွေထဲ လည်း ကင်းပုန်းရှိတယ်။ ဖုန်းလိုင်းတွေလည်း မရတော့ လောလောဆယ်လက်လှမ်းမှီသလောက်ပဲ သိရပါသေးတယ်။

မေး။ ။ စစ်ကောင်စီတပ်က တောက်လျောက်စစ်ကြောင်းထိုး၊ မီးရှို့နေတာဆိုတော့ ဒေသခံတွေ ဒေသတွင်း နေထိုင်ရေးကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အလယ်ကျွန်း၊ ဆင်မရဲရွာ၊ ကိုရင်ကျွန်း၊ နှောင်းဘရွာ၊ ဇီးပင်ကုန်း၊ တောင်ကျွန်း၊ အလယ်သောင်၊ ဂွက်ကြီး၊ ဟင်္သာ၊ ကြူရွာ၊ ဆင်ကျို့၊ ဗလဘ၊ ကွန်ရစ်၊ ငါန်းမြာကြီး၊ ငါန်းမြာလေးရွာ အဲ့ဒီက ဒေသခံအကုန်လုံး ထွက်ပြေးနေရတယ်။ လူကတော့ ငါးထောင်ကျော် တစ်သောင်းလောက် ရှိလောက်မယ်။ ရာသီဥတုက ပူပူနဲ့ နီးစပ်ရာတောထဲကို ပြေးကြ၊ ရှောင်ကြရတာပါပဲ။

မေး။ ။ ဖမ်းခံထားရတဲ့ ဓါးစာခံဒေသခံတွေရော ပြန်လွတ်လာတာမျိုးရှိပါလား။

ဖြေ။ ။ လက်ရှိအထိတော့ ပြန်လွတ်တယ် မကြားသေးဘူး။ ဘာဖြစ်နေလဲဆိုတာလည်း အတိအကျ မပြောနိုင်သေးပါဘူး။ ဘာလို့ဆို ဖုန်းလိုင်းတွေလည်း မရ၊ ကင်းပုန်းတွေလည်း ရှိနေလို့လေ။ နောက်ထပ် လူတွေလည်း ထပ်မပါအောင် ဂရုစိုက်နေကြရတယ်။

သူတို့ (စစ်ကောင်စီတပ်) က ရွာတွေထဲ တောက်လျောက် ပတ်မွှေနေတာ လက်နက်ကြီး ရမ်းပစ်လိုက်၊ လေကြောင်း တိုက်လိုက်၊ ပစ္စည်းတွေ ခိုးလိုက်၊ ရွာတွေ မီးရှို့လိုက်နဲ့။ မီးရှို့တာလည်း ရွာလုံးကျွတ်နီးပါးပဲ။

ရှမ်းနီအသံ ပေးပို့သည်။