“အပြစ်မဲ့လူတွေကို ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ဒါတွေက နှစ်နှစ်တာ၊ သုံးနှစ်တာ လူထုတော်လှန်ရေးအတွင်းမှာလည်း အများကြီး ကြုံခဲ့ရပြီးပြီ။ နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားနယ်မြေတွေ အတွင်းမှာလည်း ခံစားခဲ့ရပြီးပြီ။ အဲဒီတော့ အကြမ်းဖက်လုပ်ရပ်ကို လုပ်တာက ဘယ်သူလဲ” ဦးအောင်ဆန်းမြင့် (အတွင်းရေးမှူး-၂ /ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP))

0
278
ပုံစာ - KNPP အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ၂၂ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အနေနဲ့ အမြဲတမ်း တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး ပါဝင်ဆွေးနွေးကြဖို့ စစ်ကောင်စီဘက်က ထပ်မံဖိတ်ခေါ်ထားပါတယ်လို့ ဆိုပါတယ်။

ထိုသို့တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားဖို့ဆိုရင်လည်း အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့က သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာအကြောင်း မရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး စစ်ကောင်စီက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ သူတို့ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်တယ်တို့၊ ပါတီစုံစနစ်ကို ကြိုးပမ်းတယ်တို့ ဆိုတာ ဒီနေ့ သူတို့ရဲ့လုပ်ရပ်က သက်သေခံပါတယ်။ ပါတီစုံစနစ်ကို ကြိုးပမ်းတယ်လို့ ပြောရအောင် ဒီနေ့ရှိပြီးသား ပါတီတွေကို မှတ်ပုံမတင်လို့ ဖျက်သိမ်းလိုက်တာကလည်း ဒီအပြောနဲ့ လက်တွေ့နဲ့ မကိုက်ဘူးပေါ့။ ဒါအားလုံး ပါဝင်ရေးကို ကန့်သတ်လိုက်တဲ့ သဘောပဲဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးသွားလို့ မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုကို အာမခံပေးခဲ့မှ စစ်တပ်ရဲ့အာဏာ တည်မြဲရေးအတွက်ကို အာမခံ ထားပေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ဖြစ်တယ်။

တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံ ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူး။ နောက်ပြီးတော့ ဖွဲ့စည်းပုံကလည်း တစ်ပြည်ထောင်စနစ်ကို အခြေခံပြီးတော့မှ (Centralisation) ကို ဦးတည်တဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ ကျွန်တော်တို့ လိုချင်တာက တန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတော့ ဒါကလည်းဘယ်လိုမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။

မေး။ ။ စစ်ကောင်စီ ပြောဆိုခွင့်ရသူက သူတို့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အကြမ်းဖက်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်လည်း ရှိတယ်။ ဒီပြောဆိုချက်က အကြမ်းဖက်လုပ်ရပ်ကို လုပ်နေတာက ဘယ်သူတွေလဲ။ ဒီနေ့တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ အရပ်သားတွေရှိနေတဲ့ ဘုရားကျောင်း၊ ဆေးခန်းတွေ၊ ဆေးရုံတွေ ဘာသာရေးဘုရားကျောင်းတွေကို လက်နက်ကြီး တွေနဲ့ပစ်၊ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေက ဒါတွေက အကြမ်းဖက်လုပ်ရပ် မဟုတ်ဘူးလား။ အပြစ်မဲ့လူတွေကို ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ဒါတွေက နှစ်နှစ်တာ၊ သုံးနှစ်တာ လူထုတော်လှန်ရေး အတွင်းမှာလည်း အများကြီး ကြုံခဲ့ရပြီးပြီ။ နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားနယ်မြေတွေ အတွင်းမှာလည်း ခံစားခဲ့ရပြီးပြီ။ အဲဒီတော့ အကြမ်းဖက်လုပ်ရပ်ကို လုပ်တာက ဘယ်သူလဲ။

မေး။ ။ KNPP အပါအဝင် နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာဖို့က သူတို့လုပ်ဆောင်မှုအပေါ် မူတည်တယ်လို့ စစ်ကောင်စီက ပြောလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ KNPP အနေနဲ့ ဘာတုံ့ပြန်ချင်တာ ရှိမလဲ။

ဖြေ။ ။ NCA က၂၀၀၈ ကို အခြေခံထားတာ ဖြစ်တယ်။ ၂၀၀၈ က ကျွန်တော်တို့ လိုချင်တဲ့ အမျိုသား တန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လိုမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ကို တစ်ပြည်ထောင်စနစ်ကို ဦးတည်ပြီးမှ (Centralisation) ပေါ့နော်၊ ဒါကိုဦးတည်တဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ နောက်ပြီးတော့မှ စစ်တပ် အာဏာတည်မြဲရေးနဲ့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုကို အာမခံပေးထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။

ဒီဖွဲ့စည်းပုံကို အခြေခံပြီးတော့မှ ကျွန်တော်တို့က NCA ဆိုပြီး လုပ်ထားတာ ဖြစ်တယ်။ ဒီဟာကို အခြေခံပြီး ဆွေးနွေးဖို့ဆိုတာ ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်ဘူး။ ပြောချင်တာက NCA ထိုးထားခဲ့တဲ့ ၁၀ ဖွဲ့ ရှိတယ်။ ထိုးထားတဲ့ ၁၀ ဖွဲ့ အခြေအနေကို ကြည့်ပါ ။ဒီနေ့ သူတို့လည်း သဘာပေါက်လာပြီ။ NCA လမ်းကြောင်းနဲ့ တိုင်းပြည်ကို မတည်ဆောက်ဘူးဆိုတာ သူတို့ ရှင်းနေပြီ။ NCA ပါ အချက်အလက်တွေကို ဘယ်သူက ချိုးဖောက်တာလဲ။ စစ်တပ်ကိုယ်တိုင်က အရင်ဆုံးချိုးဖောက်တာ။

စစ်တပ်က အရင်ဆုံးချိုးဖောက်လို့သာ KNU တို့ CNF တို့ က NCA သည် သူတို့အတွက် တရားမဝင်တော့ဘူး၊ မရှိတော့ဘူး ဆိုပြီး သူတို့က ပွင့်ပွင့်လင်းလင်း ကြေငြာပြီးမှ ဒီနေ့ပြန်ပြီးမှ တိုက်ပွဲတွေ ဖြစ်နေရတာဖြစ်တယ်။ ဒီလို အနေအထားမျိုးမှာ NCA နဲ့ သွားလို့ ဘယ်လိုမှ အာမခံချက် မရှိနိုင်တော့ဘူး။ ကျွန်တော်တို့ကို အကြမ်းဖက် တယ်လို့ ပြောရအောင် အကြမ်းဖက်ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဖို့ လိုတယ်။ ဘယ်သူက အကြမ်းဖက်နေ တာလဲ။ ဒီနေ့ အကြမ်းဖက်တာက စစ်တပ်ဖြစ်တယ်။ ဖက်ဆစ်ဝါဒကို ကျင့်သုံးတာက စစ်တပ်ဖြစ်တယ်။ ကျွန် တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့က အမျိုးသား တန်းတူရေး၊ တရားမျှတရေးကို လိုလားတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ အဲ့ဒါပါပဲ ကျွန်တော်တို့ ပြောချင်တာက။

မေး။ ။ စစ်ကောင်စီ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုတာရှိပါလဲ။

ဖြေ။ ။ ဒီနေ့ စစ်အာဏာသိမ်းပြီးတော့မှ ပေါ်လာတဲ့တော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်တယ်။ လူထုက နိုင်ငံရေးအရ ဆွေးနွေးလို့ မရလို့သာ ဒီနေ့လက်နက်ကိုင်ပြီး ဆန့်ကျင်နေရတာ ဖြစ်တယ်။ ခုခံစစ်ကို ဆင်နွှဲရတာ ဖြစ်တယ်။ သူတို့လိုမျိုး အကြမ်းဖက်လုပ်ရပ်ကို လုပ်တာက ဘယ်သူလဲ။ ဒါကလည်း တစ်ချက်ပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါမှာ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုနဲ့ စကားပြောရုံနဲ့ မရဘူး။

အစုအဖွဲ့ အကန့်အသတ်က နေပြီးတော့ အားလုံးပါဝင်ရေးကို အားလုံးနဲ့ သက်ဆိုင်တယ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းက။ လူထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်။ အဲဒီတော့ အားလုံးပါဝင်ရေးကို အဓိက ထားပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ လိုတယ်။ ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ အခင်းအကျင်း ကလည်း စစ်တပ်ဘက်ကနေ စပြီးမှ လုပ်ရမယ့် အခင်းအကျင်းမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ အကြမ်းဖက် တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့လို့ ကျွန်တော်တို့ကို ပြောပေမယ့် သူက အရင် အရပ်သားပြည်သူတွေကို တိုက်ခိုက်တာတွေ၊ စစ်ဆင်ရေးတွေ သူတို့က အရင်ဆုံး ရပ်တန့်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ ဒါတွေပါပဲ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here