“အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု‌တွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးတော့ တိုက်ခိုက်တဲ့ကိစ္စတွေ လူတွေနေတဲ့ ပရဝုဏ်၊ အိမ်ခြေတွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာဖြစ်တဲ့အတွက် ကြောင့် ခြေလက်အင်္ဂါ ချို့ယွင်းဆုံးရှုံးကုန်ကြတဲ့အတွက် နောက်ပြန်ပြီး နာလန်မထူနိုင်တဲ့ အနေအထားထိ ရောက်ကြတယ်။ အဲဒီအထဲမှာဆိုရင် အမျိုးသမီးတွေ ကလေးသူငယ်တွေလည်း ပါပါတယ်” – နိုင်အိုင်းမွန် (HURFOM)

0
139
Photo – Social Media

အာဏာသိမ်းပြီးနောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီက ဘာတွေကျူးလွန်နေလဲ။

တောင်ပိုင်းဒေသများတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းယူစောင့်ကြည့် ထုတ်ပြန်နေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာ နိုင်အိုင်းမွန်နှင့် ဆက်သွယ် မေးမြန်းချက်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတောင်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီဒေသက အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် စစ်ကောင်စီက အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး အကာအကွယ်ပေးရန် လိုအပ်နေသည်ဆိုပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ကြေညာချက် ထုတ်ပြန်ပါသည်။

ယင်းအပြင် လူ့အသက်နှင့် ကိုယ်ခန္ဓာအင်္ဂါများကို ဆုံးရှုံးမှုဖြစ်စေသည့် မြေမြှုပ်မိုင်းများကို အများပြည်သူ သွားလာ လုပ်ကိုင်ရာနေရာများ၌ မိုင်းမြှုပ်နှံထောင်ထားတာကြောင့် ဒေသခံပြည်သူများ မိုင်းအန္တရာယ်ကို ကြုံတွေ့ရင်ဆိုင် ကြရသည်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများက ဘယ်လောက်အထိ ဆိုးရွားနေပါလဲ။

ယခုလို လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်နေသည့် စစ်ကောင်စီကို အပြစ်ဒဏ်ပေးနိုင်ရေးအတွက် လုပ်ဆောင်နေမှုများကို စောင့်ကြည့်မှတ်တမ်းနေမှု၊ စစ်ဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများကို အသိပညာပေးနေမှုများနှင့် ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ ပရိုဂရမ်ဒါရိုက်တာ နိုင်အိုင်းမွန်ကို ဆက်သွယ်မေးကြည့်ထားပါသည်။

မေး။ ။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က မကြာသေးမီက ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီမှာ စစ်ကောင်စီက ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျုးလွန်နေတာပါလဲ။

ဖြေ။ ။ အဓိက မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ပစ်မှတ်ဧရိယာဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီမှာဆိုရင် မြောက်ပိုင်း၊ ကရင်ပြည်နယ်ဆိုရင် တောင်ပိုင်း၊ မွန်ပြည်နယ်မှာဆိုရင် တစ်မြို့နယ်လုံးမှာရှိတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အဓိက ၃ နှစ်ကျော်ကာလအတွင်းမှာ မတရားအမှုဆင် ဖမ်းဆီး ခြင်း၊ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတာတို့ PDF တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို တနည်းတဖုံနဲ့ ငွေကြေးသော်လည်းကောင်း အခြားသောနည်းနဲ့ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာတို့ ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာကို ဖမ်းဆီးခံရတာ တော်တော်များများ အများဆုံးဖြစ်တယ်။

ဒုတိယ တစ်ချက်က ဒီနှစ်နှစ်ကျော်ကာလမှာ မတရားဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသွား တာတွေ မြင့်မားလာတာ ရှိတယ်။ နောက်ဆက်တွဲမှာပဲ ဒီပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့အခါကြတော့ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု‌တွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ပြီးတော့ တိုက်ခိုက်တဲ့ကိစ္စတွေ လူတွေနေတဲ့ ပရဝုဏ်၊ အိမ်ခြေတွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား ပြီးတော့ တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် ခြေလက်အင်္ဂါ ချို့ယွင်းဆုံးရှုံးကုန်ကြတဲ့အတွက် နောက်ပြန်ပြီး နာလန်မထူနိုင်တဲ့ အနေအထားထိ ရောက်ကြ တယ်။ အဲဒီအထဲမှာဆိုရင် အမျိုးသမီးတွေ ကလေးသူငယ်တွေ လည်း ပါပါတယ်။

နောက်တစ်ခုက မတရား ငွေကြေးကောက်ခံမှုတွေရဲ့နောက်ကွယ်မှာ အထူးသဖြင့် ဒီလုံခြုံရေးဂိတ်တွေ ဖြတ်သန်းတဲ့အခါ မိုဘိုင်းဖုန်းမှာရှိတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး ငွေညှစ်ဖမ်းဆီးခံရတာတွေ၊ ဖမ်းဆီးခံရရင် မတရားပိုက်ဆံတောင်းပြီးမှ ပြန်လွှတ်ပေးတဲ့ကိစ္စ‌တွေ၊ ငွေမပေးနိုင်ရင် မတရားဖမ်းဆီးချုပ်နှောင်တဲ့ ကိစ္စ‌တွေနဲ့ ဆက်နွယ်ပြီး ဖြစ်နေတာတွေရှိတယ်။ နောက်တခုက လူတွေပျောက်ဆုံးနေတဲ့ကိစ္စ‌တွေ၊ ဖမ်းဆီးခံရရင် မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်နေတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်။

နောက်ဆုံးတစ်ခုက မြေမြှုပ်မိုင်းပေါ့။ တော်တော်များများ စကစက သူတို့ရဲ့ ကာကွယ်တားဆီးရေးပေါ့။ နောက်ပိုင်းမှာ စကစက ခံစစ်ပုံစံ ဖြစ်သွား တယ်။နိုင်ငံ့နေရာအနှံ့မှာ ထိုးစစ်တွေတောက်လျှောက်ခံရပြီး နောက်ပိုင်း အင်အားဆုံးရှုံးလာပြီးတော့ သူတို့ရဲ့ တပ်ခွဲ၊ တပ်မ၊ တပ်စိတ်တွေ သူတို့ရဲ့တပ်ပြင်ထဲမှာရှိနေတဲ့ လူငယ်တွေတော်တော်များများ လုပ်ကိုင်စားသောက်နေတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းထောင်ပြီးတော့ သူတို့ရဲ့ အကာအကွယ်ကို ယူတာဖြစ်တယ်။ တဆက်တည်းမှာပဲ ခုနကဖမ်းဆီးခြင်းနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဘာဖြစ်သွားလဲဆို သူတို့ရှေ့တန်းထွက်ရမယ်ဆိုရင် ဖမ်းဆီးထားတဲ့လူတချို့ကို လူသားဒိုင်းအဖြစ်သုံးတဲ့ကိစ္စတွေ ရှိလာတယ်။ ဒါတွေဟာ ချိုးဖောက်မှုတွေ အများကြီးဖြစ်တယ်။

နောက် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်စော်ကားမှုတွေ မုဒိမ်းမှု မဟုတ်သည့်တိုင် ကာယအိန္ဒြေပျက်ယွင်းအောင်၊ နောက်တခုက စစ်ဆေးရေးကာလတွေမှာ ထိကပါးရိကပါး ချိုးဖောက်တဲ့ စစ်ဆေးမှုတွေ၊ အမျိုးသမီး ဂုဏ်သိက္ခာကျဆင်းသွားအောင် တော်လှန်ရေးထဲမှာ ပါချင်စိတ် မရှိအောင် ကန့်သတ်ပြီးတော့ ဖိနှိပ်တဲ့ကိစ္စ‌တွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်ပြီးတော့ ချိုးဖောက်နေတာ တွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်။

မေး။ ။ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ရော စစ်ကောင်စီဘက်က ဘယ်လောက်အထိ ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့တာမျိုးရှိလဲ။ အခုလတ်တလောမှာရော မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတာတွေရော ရှိပါလား။

ဖြေ။ ။ သုံးလအတွင်းမှာ case နှစ်ဆယ့်ခြောက်ခုရှိတယ်။ နှစ်ပြည်နယ်နဲ့ ဒေသကြီးတစ်ခုပေါ့။ လူနှစ်ဆယ်ခြောက်ဦးပါ။ အများစုကတော့ ဒီခြေထောက် ဒဏ်ရာရတာတို့ ကိုယ်လက်အင်္ဂါ ဖြတ်လိုက်ရတာတို့ မျက်စိကွယ်သွားတာတို့ ရှိတယ်။ သေဆုံးသွားတဲ့နှုန်းက ရှစ်ခုရှိတယ်။ ဆိုတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောရရင် တောက်လျှောက်မှတ်တမ်းတင်နေတဲ့ နှစ်ဆယ့်ငါးနှစ်တာ ကာလပတ်လုံးမှာ ဒီပဋိပက္ခလောက်မှာ ဖြစ်တာက အများဆုံးဖြစ်နေတယ်။ ဒါကြောင့် အခုကာလမှာ ဒီမြေမြှုပ်မိုင်းကိစ္စကို မေးပြီးတော့ ဖော်ပြရခြင်း ဖြစ်ပါတယ်။

မေး။ ။ မြေမြှုပ်မိုင်းနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေကို ပညာပေးလှုံ့ဆော်တာမျိုးရော HURFOM အဖွဲ့ကနေ လုပ်ဆောင်ပေးတာရှိပါလား။

ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးတဲ့နယ်မြေမှာ တစ်စိတ်တပိုင်း လုပ်နိုင်တယ်။ အခုက ပဋိပက္ခ ကာလရဲ့ အလယ်တည့်တည့်ကို ရောက်နေတော့ ပညာပေးတဲ့ကိစ္စတွေ တိုက်တွန်းဆော်ဩ‌တဲ့ကိစ္စတွေ သိပ်မဆောင်ရွက်နိုင်ဘူး။ ဒါပေမဲ့ ကိုယ်ရဲ့ Focus area နဲ့ နီးစပ်တဲ့ ကိုယ့်ကွန်ရက်အဖွဲ့အစည်းတွေ အင်အားရှိတဲ့ နေရာတွေမှာ ဒါမျိုးတွေ ကျွန်တော်တို့ အမြဲတမ်း ပညာပေးလေ့ရှိပါတယ်။

နောက်တခုက မြေမြှုပ်မိုင်းသာမက လေကြောင်းရန်ကာကွယ်ရန်ဆိုတဲ့ အသိပညာပေး ဗဟုသုတတွေ၊ ဆောင်ရန် ရှောင်ရန်တွေ အသက်ဘေးအန္တရာယ်က လုံခြုံမှုတို့အတွက် ပညာပေးနေတာ ရှိပါတယ်။ ဒါဟာလည်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် တတ်နိုင်သလောက် လူ့အခွင့်အရေး မှတ်တမ်းတွေ တင်ပြီးတော့ လုပ်နေတာ ရှိပါတယ်။

မေး။ ။ စစ်ကောင်စီကို နောင်တချိန်မှာ ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့၊ ကျူးလွန်သူတိုင်းက ပြစ်ဒဏ်တွေကနေ မကင်းလွတ်စေဖို့ လုပ်ဆောင်ပေးရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော ဘာများ တိုက်တွန်းနှိုးဆော်ချင်တာရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့ လူ့အခွင့်အရေးမြှင့်တင်ခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ တစ်အချက်က ရေတို ကာလမှာ လာလုပ်ရမလဲဆိုရင် လူ့အခွင့်အရေးမှတ်တမ်းတွေကို ချက်ချင်းသုံးလို့ရအောင် ပြုပြင်တယ်။ ကျွန်တော်တို့ ပြန်ပြီးတော့ အစီရင်ခံစာတို့ ထုတ်ပြန်ကြေညာချက်တို့ နေ့စဉ်လူ့အခွင့်အရေးကို ထုတ်ပြန်တဲ့ လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ပါတယ်။

ဒီဟာတွေက ရေတိုကာလမှာ စကစရဲ့ အင်မတန်မှ ရက်စက် ကြမ်းကြုတ်တဲ့ လူသားမျိုးနွယ်အပေါ်မှာ ကျုးလွန်တဲ့ ရာဇဝတ်မှုကိစ္စတွေ နောက်တစ်ခါ စစ်ရာဇဝတ်မှု ကိစ္စတွေကို ဒီကိစ္စတွေကို ဆင်ခြင်အောင် ရပ်တန့်သွားနိုင်အောင် နည်းသွားအောင် သတင်းထုတ်ပြန်ပြီးတော့ တိုက်တွန်းတာပေါ့။

နိုင်ငံတကာအသိုင်းအဝန်းတွေ၊ မူဝါဒရေးဆွဲသူတွေ၊ နောက်တစ်ခါ နိုင်ငံတကာမှာ ရှိနေတဲ့ UN Agency တွေ၊ တနည်းနည်းတဖုံနဲ့ စကစရဲ့ အုပ်ချုပ်ရေး ယန္တရားရပ်သွားအောင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် သော်လည်းကောင်း ဖိအားပေးနိုင်တဲ့ အင်အားစု၊ အာဆီယံ အပါအဝင် ဒါတွေကို အမြဲစဉ်ဆက် ရပ်တန့်သွားဖို့၊ လျှော့ချဖို့၊ ဆင်ခြင်ဖို့၊ ကာကွယ်ဖို့ မြှင့်တင်ရေးမှာပူးပေါင်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒါရေတိုပေါ့။

ရေရှည်မှာကျတော့ အပြစ်ရှိရဲ့သားနဲ့ အရေးမယူနိုင်တဲ့ ကိစ္စတွေမဖြစ်ရလေအောင် နောက်တခုက အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်မှာ ဒီအမှုမှန်တွေ ကိုယ်စီကိုယ်စီ တရားမျှတမှုတွေရအောင် ဆောင်ကြဉ်းပေးဖို့အတွက် မှတ်တမ်းတွေက ရေရှည်ကာလမှာ အထောက်အကူဖြစ်ဖို့ သုံးစွဲနိုင်ဖို့အတွက် ရည်ရွယ်ပြီး အချက်အလက်ကို စုဆောင်းတယ်။ သိမ်းဆည်းထားတဲ့အပေါ်မှာ ခွဲခြမ်းစိတ်ဖြာပြီးတော့ ဥပဒေရှုထောင့်အရ ပိုင်းခြားသုံးသပ် စိတ်ဖြာတာတွေ တချိန်ကျရင် အသင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

နောက်ဆုံးတခုက ဒီလူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းရဲ့ ရည်မှန်းချက်အကြီးကြီးပေါ့။ ဘာလဲဆိုရင် တချိန် လွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်လာခဲ့ရင် ခုနက နစ်နာသူ ကိုယ်စီ ကိုယ်စီရဲ့ တရားမျှတမှုတွေကို ရဖို့သာမက ဒီမြေဒီရေမှာ ဒီလိုကိစ္စမျိုးတွေ ဘယ်တော့မှ ပြန်မဖြစ်အောင် ဆိုတဲ့ အာမခံချက် ပေးနိုင်တဲ့ မူဝါဒတွေ ဖြစ်မြောက်လာအောင် တွန်းအားပေးတဲ့အနေနဲ့ ဖြစ်ပြီးတဲ့ အချက်အလက်တွေ ထောက်ပြပြီး လူမှု အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်နိုင်တဲ့ အုပ်ချုပ်မှုယန္တရားဆိုင်ရာ အကာအကွယ်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို ရေးဆွဲနေတာပါ။

ဒါတွေကို အသုံးပြုနိုင်အောင် ရည်ရွယ်ပါတယ်။ ဒါအမြင့်ဆုံးရည်ရွယ်တာ ဖြစ်ပါတယ်။ အခုလို အချိန်မျိုးမှာတော့ ဖြစ်လာနိုင်ဖွယ်မရှိဘူး။ ဒါပေမဲ့ ပြည်သူကအောင်နိုင်တဲ့တနေ့ ဒီမြန်မာနိုင်ငံမှာ ခုနကပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီထွန်းကားတဲ့ တနေ့ကြရင် ဒီကိစ္စ‌တွေကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုရည်မှန်းချက်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာကို လုပ်နေပါတယ်။ တဆက်တည်းမှာပဲ ဒီအစီရင်ခံစာ ထုတ်လိုက်တာက အမျိုးသမီးနဲ့ပတ်သက်တဲ့ အခွင့်အရေးကို အလေးပေးလုပ်ထားတာ ဖြစ်တယ်။

အမျိုးသမီးတွေရဲ့အခွင့်အရေး ကလေးတွေရဲ့အခွင့်အရေး လူ့အခွင့်အရေးမှာပါတယ်။ သီးခြားဖော်ပြရတဲ့ အကြောင်းရင်းက တချို့ကိစ္စတော်တော်များများ အမေ့လျော့ခံတွေ ဖြစ်နေတယ်။ လူ့အခွင့်အရေးနောက်ကွယ်မှာ အမျိုးသမီးတွေရဲ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တော်တော်များများက ပုန်းလျှိုးကွယ်ပျောက်နေတဲ့ အမေ့လျော့ခံတွေ ဖြစ်နေတယ်။

ဒါတွေဟာ ဖြစ်လို့မရဘူး သိပ်အရေးကြီးပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်တော်များများက အခုဆိုရင် စနစ်တကျနဲ့ ချိုးဖောက်ခံရတဲ့ပုံစံ‌တွေ ရှိနေတဲ့အတွက်ကြောင့် သုံးလတစ်ကြိမ် စောင့်ကြည့်ပြီးတော့ ဒီလူ့အခွင့်အရေး အစီရင်ခံစာနဲ့ ဖြန့်ချိပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here