“အခုတလောက လေယာဉ်က နေ့တိုင်းကို ဝဲတယ်။ နောက်ပြီးမှ အခန့်မသင့်ရင် ကြဲသွားတယ်။ ဒီလိုမျိုးပါပဲနော။ ဒါပေမယ့် အခုကြဲနေတာတွေကတော့ အရပ်သားကို တားဂတ်လုပ်ပြီးမှ တိုက်တာတွေ ကျနော်တို့ ပိုတွေ့ရပါတယ်” KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်

0
368
ပုံစာ - ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်

စစ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခဖြစ်သည့် နေရာတိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ လုပ်ဆောင်နေသည့်အတွက် စစ်ရေးပဋိပက္ခကြားရှိ ပြည်သူများမှာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိမှန်သေဆုံးခဲ့ရသလို တချို့မှာ မိမိနေရပ်ဒေသကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုအခြေအနေများကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်အရေး လှုပ်ရှားသူများက ပြည်သူများ ထိမှန်သေဆုံးနေသည့် လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် လေယာဉ်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် စနစ်မျိုးကို နိုင်ငံတကာအနေနှင့် ကူညီလုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

ထိုသို့တောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ တစုံတရာ ပြောင်းလဲလာမှု မရှိသေးဘဲ စစ်ရေးပဋိပက္ခ အတွင်းရှိ ပြည်သူများမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးနေရဆဲ ဖြစ်သည်ဟု တက်ကြွလှုပ်ရှား သူများနှင့် လူအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ဇူလိုင်လ ၁၂ ရက် မှာ စစ်ကောင်စီတပ်က ထိုင်း – ကရင်နီ (ကယား) နယ်စပ်ရှိ စစ်ဘေးရှောင် စခန်းတစ်ခုနှင့် ဖားဆောင်း မြို့နယ်ထဲက နေရာတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်သေဆုံး ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း လေကြောင်းအခြေအနေ၊ ထိခိုက်သေဆုံး ပျက်စီးမှုများနှင့် စစ်ဘေးရှောင်များရဲ့ အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး – ၂ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီနေ့ (ဇူလိုင် ၁၂ ရက်) မနက်မှာ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲ သွားတယ်လို့ သိရတယ်။ အဲဒီအခြေအနေလေးပြောပြပေးပါလား။

ဖြေ။ ။ ဟုတ်တယ် မနက် ၁ နာရီ ၁ နာရီကျော်လောက်မှာ ဗုံးကြဲတယ်။ ၄ ကြိမ် ဗုံးကြဲတယ်။ အဲဒါ ကျနော်တို့ စာသင်ကျောင်းရယ်၊ ဆေးခန်း ၁ လုံးရယ်၊ ဘုရားကျောင်း ၁ လုံးရယ်၊ နောက် လူနေအိမ်တချို့ရယ် ပျက်စီးသွား တာပေါ့။ ဒါ့အပြင်ကို ကျနော်တို့ ဒီလူတစ်ဦးပေါ့နော စစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ နောက်ပြီးမှ အရပ်သား ၂ ဦး ဒဏ်ရာ ရသွားတယ်။

မေး။ ။ စစ်ဘေးရှောင်တွေကရော စခန်းထဲမှာပဲ ရှိနေသေးတာလား။ သူတို့ရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အခုကတော့ ကျနော်တို့ တချို့ ဒီစခန်းထဲက ထွက်သွားတာပေါ့နော။ တခြားနေရာမှာ ကျနော်တို့ နည်းနည်းတိမ်းရှောင်နေတာတွေ ရှိတယ်။ နည်းနည်းလုံခြုံတဲ့ နေရာမှာပေါ့လေ။ အဲမှာ လူဦးရေက ကျနော်တို့ ညကဖြစ်တဲ့ လူဦးရေက ၅၀၂၈ ဦး လောက် ရှိတယ်ပေါ့နော။ စာရင်းအရပေါ့နော။ အခုက ကျနော်တို့ အဲဒီစခန်းကနေ နည်းနည်းလေး ရှောင်ထားတာပေါ့နော။ အဲဒါလေးပါ။

မေး။ ။ ပြီးတော့ မနေ့ကည (ဇူလိုင် ၁၁ ရက်) ကလည်း ဖားဆောင်းဘက်မှာလည်း လာကြဲသွားတယ်ပေါ့နော။ အဲဘက်က အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ မနေ့ည (ဇူလိုင် ၁၁ ရက်) က ၁၂ နာရီလောက်မှာပေါ့၊ အဲဒါ သောဆူးမှာ လေယာဉ် ၃ စီးနဲ့ လာကြဲတာ၊ လာကြဲတော့ အဲမှာလည်း ဘုရားကျောင်းတစ်လုံးနဲ့ နေအိမ် ၉ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ နောက်ပြီး ၁၁ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးပေါ့နော သေသွားတယ်ပေါ့။

မေး။ ။ အခုလက်ရှိ ဒီနယ်စပ်တကြောမှာ အခြေအနေကရော ဘယ်လိုရှိနေသေးပါလဲ။ ငြိမ်သွားပြီလား။ လေယာဉ်တွေ လာသေးလား။

ဖြေ။ ။ အခုတလောက လေယာဉ်က နေ့တိုင်းကို ဝဲတယ်။ နောက်ပြီးမှ အခန့်မသင့်ရင် ကြဲသွားတယ်။ ဒီလိုမျိုးပါပဲနော။ ဒါပေမယ့် အခုကြဲနေတာတွေကတော့ အရပ်သားကို တားဂတ်လုပ်ပြီးမှ တိုက်တာတွေ ကျနော်တို့ ပိုတွေ့ရပါတယ်။ မနေ့က ဖြစ်ရပ်တွေပဲ ကြည့်လို့ရှိရင် ဘုရားကျောင်းတွေ စာသင်ကျောင်းတွေကိုပဲ တည့်တည့် ချတာတွေပေါ့နော၊ ဖြစ်ရပ်တွေထဲမှာ အဲဒါတွေက တအားသိသာတယ်ပေါ့။ အရပ်သားကို တားဂတ်လုပ်ပြီးမှ ပစ်ခတ်တိုက်ခိုက်တာ ဆိုတာလေ။

မေး။ ။ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဒီလိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာကို ဆရာတို့အနေနဲ့ ဘာများထပ်ပြီး တောင်းဆိုချင်ပါလဲ။

ဖြေ။ ။ ဒါကတော့ ခုနပြောသလို ကျနော်တို့ ဒီအရပ်သားတွေကို တားဂတ်လုပ်ပြီးမှ တိုက်တာကတော့ ကျနော်တို့ လူသားမျိုးနွယ်မှုဆိုင်ရာ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာကို နိုင်ငံတကာက သိရဲ့သားနဲ့ ကျနော်တို့ ဒီမြန်မာအစိုးရကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရအောင် ကျနော်တို့ အရေးယူ ဆောင်ရွက်ဖို့ ကျနော်တို့ ဝိုင်းဝန်းပြီးမှ လုပ်ဆောင်သင့်တယ်ဆိုတာကို ကျနော်တို့တော့ အမြဲတစေတိုက်တွန်း နေတာပဲလေနော။ ဆိုတော့ နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေက အမြဲတမ်း သတိထားဖို့ လိုပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here