2 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခုတခါလည်းပဲ ကျနော်တို့ကတော့ မကြိုက်ဘူးဆိုပြီးမှ ပြန်ပျက်သွားမလားတော့မသိဘူး။ အဲဒါကြောင့် လူကအရေးကြီးတယ်လို့၊ ဘယ်လောက်ပဲ မူဝါဒကောင်းကောင်း ချမှတ်၊ ချမှတ်၊ အဲဒီမှာ ပါဝင်တဲ့လူတွေက...

“အခုတခါလည်းပဲ ကျနော်တို့ကတော့ မကြိုက်ဘူးဆိုပြီးမှ ပြန်ပျက်သွားမလားတော့မသိဘူး။ အဲဒါကြောင့် လူကအရေးကြီးတယ်လို့၊ ဘယ်လောက်ပဲ မူဝါဒကောင်းကောင်း ချမှတ်၊ ချမှတ်၊ အဲဒီမှာ ပါဝင်တဲ့လူတွေက မကောင်းရင်တော့ ပြည်သူလူထုအတွက် ကောင်းတဲ့ဟာ ဖြစ်မလာမှာကို စိုးရိမ်မိပါတယ်” Salai Bawi Kung / ဒုတိယဥက္ကဌ- ချင်းပြည်ကောင်စီ

ချင်းပြည်ကောင်စီက လက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှုများအပါအဝင် ချင်းအမျိုးသားကောင်စီဖြစ်ပေါ်နိုင်ရေး အလားအလာနှင့်ပတ်သက်ပြီး ချင်းပြည်ကောင်စီဒုတိယဥက္ကဌ Salai Bawi Kung နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်ကောင်စီသည် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ချင်းပြည်အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး စသည့် မဏ္ဍိုင် ၃ ရပ်ကို လည်ပတ်နေသည်မှာ ၁ နှစ်ခွဲကျော်လာပြီဖြစ်သည်။ ဒီမဏ္ဍိုင် ၃ ရပ် အခြေအနေက ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေပါပြီလဲ။

မကြာသေးခင်ရက်ပိုင်းမှာ ချင်းပြည်ကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ၏ အရေးပါသည့် ပုဒ်မတချို့ကို ပြုပြင်ပြောင်းလဲပြီး ချင်းတော်လှန်ရေးအင်အားစုကြားက နှစ်ဖွဲ့ကွဲနေသော ICNCC / CB တို့နဲ့လည်း ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီဖွဲ့စည်းနိုင်ရေး ခြေလှမ်းစတင်လာနေပါသည်။

ထိုအခြေအနေများအပါအဝင် ချင်းပြည်ကောင်စီ၏ ပလက်ဝအရေးကိစ္စ၊ CDM မူဝါဒအရေးကိစ္စတို့အပေါ် သဘောထားများနှင့်ပတ်သက်ပြီး ချင်းလဲန်းကောင်စီ၊ ဒုတိယဥက္ကဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တော်လှန်ရေး ၄ နှစ်ကျော်ကာလနဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းထူထောင်ပြီး တနှစ်ကျော်အကြာ ချင်းပြည်ကောင်စီက လက်ရှိမှာ ဘာတွေဆောင်ရွက်နေပါလဲခင်ဗျာ။

ဖြေ။ ။ ချင်းပြည်ကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ကောင်စီက မူဝါဒချမှတ်တယ်။ အစိုးရက အုပ်ချုပ်ရေးကိုအကောင်အထည်ဖော်တယ်။ တရားလွှတ်တော်ချုပ်က တရားစီရင်ရေးကို ဆောင်ရွက် တယ်။ လွှတ်တော်ကတော့ ဥပဒေပြုတယ်။ ကျနော်တို့ကောင်စီက မူဝါဒနဲ့လမ်းညွှန်ချက်ပေးတယ်။ မဏ္ဍိုင်ကြီး ၃ ရပ်က သူတို့အလုပ်ကို သူတို့လုပ်နေတာဖြစ်တယ်။ လွှတ်တော်ကတော့ ဥပဒေ ၅/၆ ခု ပြဌာန်းထားပြီ။ အုပ်ချုပ်ရေးကတော့ လွှတ်တော်ကပြဌာန်းပေးတဲ့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေအတိုင်း မြေပြင်မှာ သူတို့ ဆောင်ရွက်တဲ့ဟာရှိတယ်။ သို့သော် မြေပြင်မှာဆောင်ရွက်တဲ့နေရာမှာ တော်လှန်ရေးစကတည်းက မြို့နယ်နဲ့ ဒေသလို့ခေါ်တဲ့ အစိုးရတွေမှာရှိနှင့်ပြီသား၊ သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ သို့မဟုတ် အက်ဥပဒေပေါ့နော်၊၊ သူတို့ တည်ဆောက်ပုံက ရှိပြီးသားဆိုတော့ အဲဒါကိုဖျက်သိမ်းလို့ မရသေးတော့ လွှတ်တော်ကပြဌာန်းထားတဲ့ ဒေသန္တရ အုပ်ချုပ်ရေးအတိုင်း မလုပ်ဆောင်နိုင်ဘူး။

ဒါကြောင့်အစိုးရက အုပ်ချုပ်ရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒေသန္တရအစိုးရနဲ့ ချင်းပြည်အစိုးရကြားမှာ ပီပီပြင်ပြင်၊ ဟန်ချက်ညီညီသွားတဲ့နေရာမှာ အခက်အခဲရှိနေတယ်။ သူတို့ ဒေသန္တရအစိုးရတွေကလည်းပဲ အစိုးရပုံစံ မကျသေးတာလည်းရှိသလို၊ သူတို့ဟာ ပြည်သူတွေက စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်တဲ့ အခြေအနေ လည်း မရောက်သေးတော့ တော်လှန်ရေးအစုအဖွဲ့အနေနဲ့ပဲ သွားနေတဲ့အခါ သူတို့အုပ်ချုပ်ရေး ယန္တရားလုပ်တဲ့ အချိန်မှာ ကျနော်တို့ ကျေနပ်တဲ့ပြည်သူတွေကျေနပ်မယ့် ဒေသန္တရအုပ်ချုပ်ရေးလည်း မတည်ဆောက်နိုင်သေး သလို ချင်းပြည်အစိုးရလည်းပဲ ပြည်သူတွေကျေနပ်လောက်တဲ့ဟာ မဖြစ်သေးဘူးဆိုတာ သူတို့အကောင်အထည် ဖော်တဲ့နေရာမှာ ရှိတာပေါ့နော်။ တရားစီရင်ရေးကလည်း ချင်းလဲန်းတရားလွှတ်တော်ချုပ်က သူတို့တရားစီရင်ရေး ကလည်း အများကြီးမဆောင်ရွက်နိုင်ပါဘူး။ သို့သော် သူတို့ရနိုင်သလောက် တရားစီရင်ရေးလည်းပဲ လုပ်ဆောင် နေတာတွေ့ရပါတယ်။

မေး။ ။ ချင်းလဲန်းကောင်စီက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ပြင်ဆင်တာကို သီးသန့်မေးပါမယ်။ ချင်းလဲန်းကောင်စီ တနှစ်ကျော်ကာလအတွင်းမှာ တခြားပြုပြင်ပြောင်းလဲမှုတွေရော ရှိနေပါလား။

ဖြေ။ ။ ကျနော်တို့ အပြောင်းအလဲလည်း မလုပ်သေးပါဘူး။ ဝန်ကြီးဌာနတွေက ၁၄ ခု ရှိတယ်။ ဒါက များပါတယ်ဆိုပြီး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် ဝန်ကြီးဌာန ၁၄ ခုက ဘာလို့များခိုင်းသလဲ ဆိုရင် ချင်းပြည်မှာအားလုံ ပါဝင်ရေး၊ မြို့နယ်စုံဒေသစုံက အစုအဖွဲ့အစုံတွေ အားလုံးပါဝင်နိုင်ရေးဆိုပြီးတော့ ကောင်စီသာမကဘဲ အစိုးရဝန်ကြီးဌာနကို ဖွဲ့တဲ့နေရာမှာ အားလုံးပါဝင်နိုင်ရေးကို ဦးစားပေးတဲ့အတွက် အရည်အချင်းကို အဓိက ဦးစားမပေးသေးဘဲနဲ့ အရေအတွက်ဆိုရမလား၊ နိုင်ငံရေးစုစည်းမှုရနိုင်အောင်ဆိုပြီးမှ ဝန်ကြီးဌာနကိုလည်း သူများအမြင်မှာ အများကြီးလို့ဆိုရမှာပေါ့၊၊

ဒါတွေကိုလျော့ချရင် ကောင်းမလားဆိုပြီး ကောင်စီမှာလည်းပဲ တခါတလေဆွေးနွေးတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က သက်တမ်းက ၂ နှစ်ပဲဆိုတော့ သက်တမ်းပြည့်ရင် ပြီးသွားမှာပါ၊၊ နောင်အစိုးရသစ်တွေမှာ နောက်ထပ်ကောင်စီဝင်ကနေမှ ဒီဝန်ကြီးဌာနကို လျော့ချကို လျော့ချရမှာလို့ သဘောထားပေးကြတာရှိတယ်။ ဒါပေမယ့်လက်တွေ့မှာ အားလုံးပါဝင်ရေးကို ဦးစားပေးရတဲ့အတွက် အဲလောက်ပြုပြင်ပြောင်းလဲရေးကို လုပ်ထားတာမရှိသေးပါဘူးလို့ ပြောချင်ပါတယ်။

မေး။ ။ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ပေးတာတွေ့ရပါတယ်။ ဘယ်လိုလုပ်ဆောင်ခဲ့တယ်၊ ဘာကြောင့်လုပ်ရတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ပုဒ်မ ၂၆ ကို အရင်တုန်းကကြည့်မယ်ဆိုရင် အစမှာ ကောင်စီဝင်ဦးရေအားလုံးကို ၁၄၀ နဲ့ ကန့်သတ် လိုက်ပြီးတော့မှ လွှတ်တော်အမတ်တွေကို ၂၇ ယောက်၊ CNF EAO လည်း ၂၇ ယောက် ၊ မြို့နယ်နဲ့ဒေသ ၈၆ ဆိုပြီး ကိန်းကိုအရှင်မထားဘဲနဲ့ အသေထားလိုက်တာယ်။ အဲတော့ ဒီနေရာမှာ CNF EAO တွေရဲ့ပါဝင်မှုက များလွန်း အားကြီးတယ်ဆိုပြီး တချို့လူတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တူတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါတယ်။ EAO ဖြစ်တဲ့ CNF က ၂၅ ရာခိုင်နှုန်း ပါတယ်ဆိုပြီးတော့မှ ဝေဝါးအောင်ကိုလုပ်ကြတယ်။ အမှန်မှာ အဲဒီအချိန်က ICNCC တုန်းကလည်း EAO ဖြစ်တဲ့ CNF က ၁၈ % ၊ လွှတ်တော်အမတ်ကလည်း ၁၈ ဆိုပြီးတော့ တူညီတဲ့ဦးရေနဲ့ လာကြတာကိုး။ ဒါပေမယ့် ICNCC တုန်းက ဘာစောဒကမှမတက်ဘူး။ ချင်းပြည်ကောင်စီဖြစ်လာတဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်တော့ ၂၅ ရာခိုင်နှုန်းဆိုပြီး မလိမ့်တပတ်ပြောတာပေါ့၊၊

တကယ်တမ်းက အဲဒီတုန်းကလည်းပဲ ၁၉ ရာခိုင်နှုန်းပဲဖြစ်တာပါ၊၊ ကောင်စီဝင်တွေရဲ့ ရာခိုင်နှုန်းနဲ့တွက်မယ် ဆိုရင်ဆိုတော့ အဲဒါကိုလူပြောများလာတဲ့ အခါကြတော့ ဒါဆိုရင်ပြင်ရမယ်ဆိုပြီးမှ EAO ဖြစ်တဲ့ CNF ကို ကျနော်တို့ကကောင်းကောင်းပြောတယ်။ ဘာပဲ ဖြစ်ဖြစ် ၁၅ ဦးအထိ လျော့ချလိုက်တာကောင်းတယ်ဆိုပြီးမှ ကျနော်တို့က ၂၇ ဦးကနေ ၁၅ ဦးကို လျော့ချတာ ဖြစ်တယ်။ နောက်ပြီးတော့ မြို့နယ်နဲ့ဒေသလို့ ပြောတဲ့အချိန်မှာ မြို့နယ်က အရင်ရှိပြီးသာ ၉ မြို့နယ်ကို ဆိုလိုတယ်။ ဒေသက တော်လှန်ရေးကာလမှာ တော်လှန်ရေးနယ်မြေမှာ အုပ်ချုပ်ရေးလုပ်လာတဲ့ပနယ်မြေကို ဆိုလိုတယ်။ ဥပမာ- မြို့နယ်သတ်မှတ်မယ်ဆိုရင် နရိန်မြို့ဆိုရင် လောက်တူဒေသ၊ ရေဇွာမြို့ဆိုရင် ဇိုတုန်ဒေသ၊ လိုင်လင်းပီမြို့ဆိုရင် မရာဒေသဆိုပြီးမှ ဒေသတွေကို ကိုယ်စားလှယ်တွေပေးထားတယ်။ အုပ်ချုပ်ရေး သီးသန့် လုပ်ထားတဲ့အတွက် မြို့နယ်နဲ့ ဒေသမှာလည်း ၃ မျိုးခွဲလိုက်တယ်။ ကိန်းအသေမထားဘဲနဲ့ ကိန်းအရှင်သီးသန့် ထားပေးတယ်။

ဒေသမရှိတဲ့မြို့နယ်လို့ ကျနော်တို့သတ်မှတ်တာက လောလောဆယ်က ကန်ပက်လက်နဲ့ မင်းတပ်၊ ပလက်ဝ၊ အဲဒီ ၃ မြို့နယ်က ဒေသမရှိသေးတဲ့မြို့နယ်လို့ခေါ်ရမှာပေါ့။ ဒေသရှိတဲ့မြို့နယ်ဆိုရင် ဥပမာ- ပြောရရင် မတူပီမြို့နယ် ကဒေသရှိသွားပြီ။ ဥပမာ- ဇိုတုန်နဲ့ မရာနဲ့ ဖြစ်သွားပြီး၊၊ ထန်တလန်ကလည်း ဒေသရှိသွားပြီး၊ ဇိုဖေ၊ မရာ၊ လောက်တူနဲ့။ အဲလိုပုံစံပေါ့။ ဟားခါးဆိုရင်လည်း ဒေသရှိသွားပြီး ဆန်ထန်ဆိုပြီးတော့။ အဲဒါမျိုးကို ဒေသရှိတဲ့ မြို့နယ်လို့ခေါ်တယ်။ လူဦးရေက ကိုယ်စားလှယ်လွှတ်တဲ့နေရာမှာ ကိုယ်စားလှယ်ဦးရေကို ဒေသမရှိတဲ့မြို့နယ် ဆိုပြီးမှ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝ လိုမျိုးက ၈ ဦး ကောင်စီဝင် ကိုယ်စားလှယ်စေလွှတ်ရမှာ ဖြစ်ပါတယ်။ ၈ ဦးထဲမှာ CDM လည်း ပါချင်ပါမယ်။ CSO နဲ့ နိုင်ငံရေးပါတီလည်း ပါချင်ပါမယ်။ အဲဒီမှာ ကိုယ်စားလှယ်ကို စေလွှတ်ရမှာဖြစ်တယ်။ ဒေသရှိတဲ့ မြို့နယ်က မတူပီ၊ ဟားခါး၊ ထန်တလန်တို့က ၅ ဦးစီ လွှတ်ရမယ်လို့ ရေးထားတယ်။ ဒေသတွေကတော့ ၃ ဦးစီဆိုပြီးမှ ကိုယ်စားလှယ်ကို အပြောင်းအလဲလုပ်ထားတယ်။

လွှတ်တော်အမတ်တွေကတော့ မလျော့ချတော့ဘူး။ မကန့်သတ်တော့ဘူး။ ၂၇ ဦး ရှိရင် ၂၇ ဦး ဖြစ်မယ်။ ၂၀ ဦးဆိုရင် ၂၀ ဦး သူတို့လာရမယ်။ တော်လှန်ရေးမှာပါဝင်တဲ့ ချင်းလွှတ်တော်အမတ်တွေကို ဆိုလိုတယ်။ ပြည်ထောင်စုလွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ဒါကချင်းပြည်ရဲ့ စည်းလုံး ညီညွတ်ရေးကိုလိုချင်တဲ့အတွက် ပြင်ဆင်ရခြင်းဖြစ်ပါတယ်။ အားလုံးက လောလောဆယ်က လွှတ်တော်အမတ် တွေက ၂၅ ဦး၊ ၂၇ ဦး အားလုံးကိုလက်ခံပေမယ့် ဝင်လို့ရပေမယ့် လောလောဆယ် ကျနော်တို့ဆီမှာရှိတာ က ၁၅ ဦးပဲရှိတယ်။ နောက်ပြီးတော့ CNF ကိုတော့ ၁၅ ဦးပဲ ကန့်သတ်လိုက်တာဖြစ်တယ်။ မြို့နယ်နဲ့ဒေသက အမျိုးမျိုး လာကြတော့ ၈၄ ဦး ရှိမှာဖြစ်တယ်။ အဲဒီမှာ တချက်မမေ့ဖို့က ကလေး- ကဘော် – ဂန့်ဂေါ ကိုတော့ နောင်တချိန် မှာ ရည်ရွယ်ချက်ထားတဲ့ဟာက သူတို့ကို မြို့နယ်၊ဒေသ မရှိတဲ့ပုံစံနဲ့ထားပေမယ့် သူတို့ကိုလည်း ၈ ဦး ပေးထား တယ်။ အားလုံးကောင်စီဝင်စုစုပေါင်းက ၁၁၄ ဦးရှိတယ်။

မေး။ ။ ICNCC ဘက်က ချင်းအမျိုးသားကောင်စီဖြစ်မြောက်ရေးအတွက် အိန္ဒိယက တာဝန်ရှိသူတွေထံကို ကော်မတီကိုယ်စားလှယ်စာရင်းတွေ ပို့ထားပြီးလို့သိရပါတယ်။ ချင်းလဲန်းကောင်စီဘက်ကရော အဲဒါနဲ့ပတ်သက်လို့ ဘာတွေပြင်ဆင်ဆောင်ရွက်နေပါပြီလဲ။

ဖြေ။ ။ ကျနော်တို့ကလည်း ပို့ထားပါပြီ။ ညှိနှိုင်းရေးအဖွဲ့ကိုဖွဲ့ထားပြီးတော့မှ သူတို့တောင်းဆိုထားတဲ့ အချက်တွေအတိုင်းပေါ့နော်။

မေး။ ။ အဲဒီတွေ့ဆုံဆွေးနွေးမှုက ဘယ်အချိန်လောက်ဖြစ်နိုင်မလဲ၊၊ ချင်းပြည်သူတွေက ဘာတွေ မျှော်လင့်နိုင်မလဲခင်ဗျာ။ ချင်းအမျိုးသားကောင်စီ ဖြစ်ပေါ်နိုင်ရေးက ဘယ်လောက်အထိ အလားအလာရှိပါလဲ၊၊

ဖြေ။ ။ ကျနော်တို့ကနှစ်ဖွဲ့ရှိနေတော့ ပြည်သူတွေကပေါင်းစေချင်တာပေါ့။ ကျနော်တို့လည်း ပေါင်းချင် ပါတယ်။ သူတို့ CB တွေကလည်း ပေါင်းချင်မယ်ထင်ပါတယ်။ ကျနော်တို့မပေါင်းတော့ ပြည်သူလူထုနစ်နာတာကို သူတို့နားလည်သလို၊ ကျနော်တို့လည်းနားလည်ပါတယ်။ သို့သော် ပေါင်းနိုင်ဖို့က လူကအရေးကြီးတယ်။ သူတို့ ပေါင်းချင်တယ်လို့ ဘယ်လောက်ပြောပြော၊ လမ်းကပိတ်နေတယ်ဆိုရင် ပေါင်းလို့ကမလွယ်ဘူး။ သို့သော် ပေါင်းနိုင်ဖို့က သူတို့ကလည်းပြောပြီးသား၊ ချင်းလဲန်းဖွဲ့စည်းပုံအောက်မှာတော့ သူတို့ကမဝင်နိုင်ဘူး။ ဘယ်လောက်ပဲ ပြင်ဆင်ပေးရင်လည်း ငါတို့မကြိုက်ဘူးလို့ ပြောလိုက်ပြီ။ သူတို့ကတော့ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲရမယ်လို့ပြောတယ်။

ဖွဲ့စည်းပုံအသစ်ကဘာဖြစ်မလဲဆိုရင် ကျနော်တို့သိကြတဲ့အတိုင်း ကျနော်တို့ ဘက်က လွှတ်တဲ့လူတွေရော၊ သူတို့ဘက်ကလူတွေရော ကောင်းကောင်းမဆွေးနွေးဖြစ်ကြတာလား မသိဘူး။ Advocacy အဖွဲ့က ဒီလိုလုပ်ပါဆိုတာကို သူတို့အားနာလို့လား မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ် ဆိုတဲ့အဆင့်က တော့ရတယ်။ သို့သော် ချင်းအမျိုးသားကောင်စီဆိုပြီး တခါတည်းအမည်ပေးလိုက်တော့ ဒါက “ဂွကျ” (အဆင်မပြေ) တာပေါ့။ ချင်းအမျိုးသားကောင်စီဆိုတာက ဘယ်လို ဖြစ်ပေါ်လာမလဲဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီးမှပဲ ချင်းအမျိုးသားကောင်စီကဖြစ်လာမှာ၊၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ ပြောဆို ထားတာက ချင်းအမျိုးသားကောင်စီ အခြေခံဥပဒေဆိုတာလည်း အဆင်မပြေဘူး။ ပြီးတော့ ချင်းအမျိုးသား အခြေခံဥပဒေဆိုတာလည်း အဆင်မပြေဘူး။

ချင်းအမျိုးသားဥပဒေဆိုတာက လုပ်လို့ရတယ်။ အခြေခံဥပဒေနဲ့ ဥပဒေဆိုတာ မတူဘူးပေါ့နော်။ ချင်းအမျိုးသား ဥပဒေကတော့ ရေးဆွဲလို့ရတယ်။ ချင်းအမျိုးသားကောင်စီဆိုတာက အဖွဲ့အစည်းတခုအောက်မှာရှိမယ့် ကောင်စီပဲ ဖြစ်ရမယ်။ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေတခု အောက်မှာပဲရှိရမယ့် အဖွဲ့အစည်းဖြစ်တယ်လို့ ကျနော်က မြင်တယ်။ အဲဒီတုန်းကလည်း တဖွဲ့က ချင်းပြည်နယ်ကြိုက်တယ်၊ တဖွဲ့က ချင်းပြည်ချင်းလဲန်းကြိုက်တယ်။ သဘောထားချင်မတူညီကြတော့ ချင်းအမျိုးသားကောင်စီလို့ ပြောမယ်လို့ပြောလိုက်တော့ အမှန်မှာ အဲလို မဟုတ်ရဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်ဆိုရင် ချင်းပြည်နယ်အခြေခံဥပဒေ ဖြစ်ရင်ဖြစ်မယ်၊ ချင်းပြည် ချင်းလဲန်းအခြေခံဥပဒေ ဖြစ်ရင်ဖြစ်မယ်၊ အဲဒီအခြေခံဥပဒေ အောက်မှာပဲ ချင်းအမျိုးသားကောင်စီဆိုပြီး အခန်းတခန်း အနေနဲ့ပါလို့ရမယ်။

အဲလို မဟုတ်ဘဲနဲ့ ချင်းအမျိုးသားကောင်စီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက သတ်သတ်မှတ်မှတ်မဖြစ်ဘူးပေါ့နော်။ ဘယ်လိုရေးဆွဲကြမလဲဆိုတာ ကြည့်မယ်ဆိုရင် မူကြမ်းရေးဆွဲရေးကော်မတီဖွဲ့မယ်။ အစကနေ ပြန်စကြမယ်။ ချင်းပြည်အတွက်၊ ချင်းတွေ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတာကို ကျနော်နားလည်တယ်။ ဆွဲရမယ့် လူတွေကလည်း ကျနော်တို့လည်း သူတို့ကိုသိပါတယ်။ သူတို့ကလည်း ကျနော်တို့ကိုသိပါတယ်။ သိတဲ့အခါကြတော့ ပြန်ဆွဲရင် အဖြေရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာကလည်း အခုချိန်မှာ ကျနော်ကတော့ မျှော်လင့်ချက် အဲလောက်ကြီးမထားနိုင်ဘူး။ သဘောတူညီချက် ရနိုင်မလား၊ မရနိုင်ဘူးလား ဆိုတာကိုပေါ့နော်။ ဥပဒေရေးဆွဲဖို့နဲ့ပတ်သက်လို့က ကျနော်တို့ပြင်ဆင်ထားပါတယ်။

ပြည်သူလူထုအတွက်သော်လည်းကောင်း၊ အားလုံးအတွက်သော်လည်းကောင်း ဒါကလုပ်မှဖြစ်မယ်ဆိုတော့ကာ ကျနော်တို့က နာနာခံခံပဲ၊ လုပ်ရုံပဲ၊၊ သို့သော် ကျနော်တို့ ချင်းလဲန်းကောင်စီ မဖြစ်ပေါ်ခင်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲတုန်းကလည်းပဲ အများဆုံးသဘောတူပြီးသာ။ တဖွဲ့၊ နှစ်ဖွဲ့လောက်ပဲ သဘောမတူတာသာရှိတယ်။ အဲဒီမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခေါ်နေပေမယ့် နောက်ဆုံးကြတော့ ငါတို့မပါဘူးဆိုတာဖြစ်လာတယ်။ အခုတခါလည်းပဲ ကျနော်တို့ ကတော့ မကြိုက်ဘူးဆိုပြီးမှ ပြန်ပျက်သွားမလားတော့မသိဘူး။ အဲဒါကြောင့် လူကအရေးကြီးတယ်လို့၊ ဘယ်လောက်ပဲ မူဝါဒကောင်းကောင်း ချမှတ်၊ ချမှတ်၊ အဲဒီမှာ ပါဝင်တဲ့လူတွေက မကောင်းရင်တော့ ပြည်သူလူထုအတွက်ကောင်းတဲ့ဟာ ဖြစ်မလာမှာကို စိုးရိမ်မိပါတယ်။

မေး။ ။ နောက်အကြောင်းအရာ မေးခွန်းတခုကို မေးချင်ပါတယ်။ ဒီမေးခွန်းက ကျနော်တို့ ချင်းညီနောင်ဘက်ကိုလည်း မေးထားတာဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝကို ရခိုင်ပြည်နယ်ရဲ့ ၈ ခုမြောက်ခရိုင်အဖြစ် ဥပဒေပြဌာန်းပြီး ULA/AA က အုပ်ချုပ်ရေး ဖော်ဆောင်မယ်လို့သိရပါတယ်။ ချင်းလဲန်းကောင်စီရဲ့ သဘောထားက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ချင်းလဲန်းကောင်စီသဘောထားက ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကတော့ မသိသေးပေမယ့် ချင်းလဲန်းကောင်စီက အရင်ကတည်းက ရှိနှင့်ပြီးသား ချင်းပြည်နယ်ကိုတော့ ချင်းပြည်နယ်လို့ သတ်မှတ်ပြီးတော့မှ ပလက်ဝမှာ AA က တော်လှန်ရေးကာလလည်းဖြစ်ပေမယ့် အုပ်ချုပ်ရေးယန္တရားတွေ လုပ်ပြီးတော့မှ သူတို့အုပ်ချုပ်တာကို ကျနော်တို့က ဘယ်ကြိုက်မလဲ၊၊ ဒါပေမယ့် တော်လှန်ရေးကာလဖြစ်တဲ့အတွက် ထားလိုက်ပါဦးမယ်ဆိုပြီးမှ ကျနော်တို့ ဘာမှမပြောဘူး။ အချင်းချင်း ဆွေးနွေးရအောင်ဆိုပြီး၊ အခုက ပိုဆိုးသွားတာက ကျနော်တို့ ချင်းတွေညီအစ်ကိုတွေဖြစ်တဲ့ CB တွေက AA ရဲ့ အပေါင်းအပါးဖြစ်တဲ့အခါကြတော့ ပိုဂွကျသွားတယ်။ ဒီနေရာမှာ ဒီလိုဖြစ်တယ်ဆိုရင်လည်းပဲ တခါတလေ ကျနော်တို့ဘက်က ကြေညာချက်ထုတ်ရင်လည်းပဲ ကျနော်တို့အဖွဲ့ဝင်တွေက AA နဲ့ ပတ်သက်ပြီးတော့မှ ကြေညာချက်ထုတ်ရင်လည်းပဲ AA ဘက်ကရပ်တည်ပြီး CB က ကြေညာချက်တွေ ပြန်ထုတ်တဲ့အလေ့အကျင့်ရှိတယ်။ သူတို့အဖွဲ့က AA နဲ့ လက်တွဲတယ်ဆိုတော့ ပြောရတာ အတော် “ဂွ” ကျတယ်။

သို့သော် နောင်တချိန်မှာတော့ အဆင်ပြေလာလိမ့်မယ်လို့မျှော်လင့်တယ်။ ဒါပေမယ့် စိုးရိမ်တာက ဒီတော်လှန်ရေးကာလမှာ ရခိုင်လူမျိုးတွေကို ပလက်ဝမြို့နယ်မှာ အခြေချခိုင်းပြီးတော့မှ၊ တကယ်လို့များ တော်လှန်ရေးကကြာလာလို့ ချင်းတွေက IDPs တွေနဲ့နေသွားမယ်။ အဲလိုအချိန်ကာလတခုမှာ ချင်းပြည်လူထု ဒေသခံတွေကို မောင်းထုတ်ပြီးတော့မှ အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ် ပလက်ဝမှာ မနေထိုင်နိုင် အောင်၊ သို့သော်ရခိုင်လူမျိုးတွေက ပလက်ဝမှာ အများကြီးလာနေပြီးတော့မှ နောင်တချိန်မှာ နယ်မြေသတ်မှတ် တာက ပြည်သူလူထုဆန္ဒအတိုင်းပဲလုပ်ရမယ်။ လူထုဆန္ဒခံယူပွဲလုပ်မယ်၊၊ ပလက်ဝမှာနေထိုင်တဲ့လူတွေ လက်ထောင်ကြဆိုပြီး အဲအချိန်မှာ ရခိုင်လူမျိုးတွေကပိုများသွားပြီး ချင်းလူမျိုးတွေက ပိုနည်းသွားရင် ကျနော်တို့က နိုင်ငံရေးအရရှုံးသွားမှာကိုလည်း စိုးရိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၉ အထွေထွေ အုပ်ချုပ်ရေးရဲ့သန်ခေါင်းစာရင်းအရ ပလက်ဝမြို့နယ်မှာ ရခိုင်လူဦးရေ က ၁၈ ရာခိုင်နှုန်း ရှိပြီးသားဖြစ်တဲ့အတွက် ကျနော် အဲဒါကိုပြောတာပါ။

တကယ်တော့ တိုင်းနဲ့ပြည်နယ် နယ်နိမိတ်တို့၊ မြို့နယ်နယ်နိမိတ်တို့က အသစ် ပြန်လည်သတ်မှတ်မယ်ဆိုရင် အဲဒီမှာရှိနေတဲ့ သက်ဆိုင်ရာပြည်သူလူထုတွေရဲ့ ဆန္ဒက အဓိကဖြစ်မယ်ဆိုတော့ အဲဒီအချိန်ကြရင် ကျနော်တို့ နိုင်ငံရေးအရတောင်မှ ကျနော်တို့ဆုံးရှုံးသွားမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် CB တွေ အပေါ်မှာလည်း ကျနော်စိတ်ငြိုငြင်တာက အဲလိုမျိုး ကျနော်တို့ကိုနိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေး အရသော် လည်းကောင်း တခုခုလုပ်နိုင်တဲ့လူတွေကို အိမ်နီးနားချင်းကောင်းပီသစွာ ပေါင်းမယ်ဆိုပြီးတော့မှလုပ်တဲ့ဟာက တဖက်မှာမှန်သလိုလိုဖြစ်ပေမယ့် အမှန်က မစည်းလုံးလို့ ကျနော်တို့ရဲ့နယ်မြေတွေ သူတို့ထဲမှာပါသွားမှာကို အများကြီးစိုးရိမ်တယ်။ နယ်မြေကိစ္စနဲ့ပတ်သက်မယ်ဆိုရင် တစိတ်တဝမ်းထဲရပ်တည်ရမှာဖြစ်တယ်။

ကျနော်တို့ CB နဲ့ CC က အမြန်ဆုံးစည်းလုံးသွားရင် အဲဒါမျိုးကတပန်းတော့သာသွားမယ်။ နောင် ပလက်ဝ ကိစ္စလည်း အဆင်ပြေချောမွေ့မယ်။ အဲလိုမဟုတ်ဘဲနဲ့ ကိုယ်ကိစ္စကြောင့် အဖွဲ့အစည်းကိုအန်တုပြီးတော့မှ အဲလိုမျိုး လုပ်နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ ပြီးရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်းပဲ အမြန်ဆုံးနည်းနဲ့ ပြည်သူလူထုတွေကို ၊ အမြန်အာဏာမပေးထားဘူး။ ကျနော်တို့အဖွဲ့အစည်းဆီမှာပဲ အာဏာကို ဆက်ထားနေမယ်ဆိုရင် အများကြီးဆုံးရှုံးစရာတွေရှိသလို အများကြီးနစ်နာစရာတွေ ရှိတယ်လို့၊၊ အဲဒါကြောင့် တော်လှန်ရေးအဖွဲ့တွေကို ကျနော်ပြောချင်တယ်။ ချင်းပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေကို အာဏာမြန်မြန် ပေးရအောင်လို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ ချင်းပြည် CDM ပေါ်လစီကိုရေးဆွဲခြင်း၊ CDM affairs team ကိုဖွဲးစည်းခြင်းတို့ ဆောင်ရွက်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ဖို့ရှိပါလဲ၊၊

ဖြေ။ ။ CDM မူဝါဒက ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာပဲ အတည်ပြုထားပြီ။ မူဝါဒဆိုတော့ ပြည့်စုံတာတော့ မဟုတ်ပေမယ့် လောလောဆယ်အသုံးပြုလို့ရမယ့် အဆင့်တော့ရှိတယ်။ အဲဒီမူဝါဒကို ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် CDM ဆိုတဲ့ဟာနဲ့ Non- CDM ဆိုတဲ့ဟာကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှာပဲ အဓိက လုံးထွေးနေတာ ဖြစ်တယ်။ သူတို့ကို ဘယ်လိုအရေးယူရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာက အများကြီးမထည့်ထားပါဘူး။ အဓိက က CDM နဲ့ Non- CDM ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို အဓိကလုပ်တာပါ။ ကျနော်တို့က CRPH က လုပ်သလို CDM ဥပဒေလိုလုပ်နိုင်မလားဆိုပြီး စဉ်းစားထားတယ်။

ဥပဒေပြုရေးအဖွဲ့ဖြစ်တဲ့ ချင်းလဲန်းလွှတ်တော်ကိုတော့ပို့ရလိမ့်မယ်။ ပို့ပြီးတော့မှ သူတို့က ဒါက ဥပဒေအနေနဲ့ ဆွဲသင့်တယ်ဆိုရင် ဆွဲရမှာဖြစ်ပါတယ်။ ဒီဟာက နေပါစေဦး၊ အဲဒီမူဝါဒအဆင့်လောက်ပဲ ထားပြီးတော့မှ ကိုင်တွယ်အကောင်အထည်ဖော်လို့ရပါတယ်။ တချို့မူဝါဒတွေက တခါထဲနဲ့အကောင်အထည်ဖော်လို့ရတာမျိုး ရှိသလို တချို့မူဝါဒတွေက ဥပဒေကထပ်လိုက်လာမှ၊ နည်းဥပဒေအထိထပ်လုပ်မှ အကောင်အထည်ဖော်လို့ ရတာမျိုးရှိတဲ့အတွက် ကျနော်တို့ကောင်စီက လက်ဆုပ်လက်ကိုင်ဖြစ်မယ့်မူဝါဒကတော့ ချမှတ်လိုက်ပါပြီ။ အသေးစိတ်တော့ အဲဒီထဲမှာမပါပါဘူး။

မေး။ ။ ချင်းလဲန်းကောင်စီရဲ့သက်တမ်းက ၂ နှစ်လို့ သိရပါတယ်။ အခုတစ်နှစ်ခွဲကျော်လာပါပြီ။ သတ်မှတ်ကာလအတွင်းမှာ ရည်မှန်းထားတဲ့အတိုင်းအတာကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်ပါလဲ။ ဒီသက်တမ်းကုန်သွားရင် နောက်သက်တမ်းကို ဘယ်လိုဆောင်ရွက်သွားမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ သက်တမ်း ၂ နှစ်ကာလမှာ လုပ်ရမယ့်ဟာက အချက်က ၂၀ ချက်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာ ၃ ပုံပုံရင် ၂ ပုံလောက်ပဲလုပ်နိုင်တယ်။ ၁ ပုံကကျန်ခဲ့တယ်။ ဒီနေရာမှာ အဓိကကြတဲ့ဥစ္စာက နောင်မှာ ဖြစ်ပေါ်လာမယ့် permanent constitution တို့ ၊ Transitional Constitution တို့ ရေးဆွဲရမှာ တာဝန်ရှိတယ်လို့ ချင်းလဲန်းကောင်စီကို တာဝန်ပေးထားတယ်။ ဒါပေမယ့် အခုက အားလုံးမပါဝင်နိုင်သေးတဲ့အတွက် CB တွေ ရှိနေသေးတဲ့အတွက် အဲဒါကိုမလုပ်ဆောင်နိုင်ဘူး။ နောက်ပြီး ကျန်တဲ့ဟာတွေလည်း မလုပ်ဆောင်နိုင်တာတွေရှိတယ်။

သို့သော် ကျနော်တို့ကောင်စီက လုပ်ရမယ့်အထဲမှာ သက်တမ်းကုန်ခါနီးပြီးဆိုတော့ တော်တော်များများတော့ လုပ်ဖြစ်ပါတယ်။ ကောင်စီသက်တမ်းက ဒီဇင်ဘာလမှာကုန်မှာဖြစ်တယ်။ သို့သော် အစိုးရ၊ လွှတ်တော်၊ တရားရေးကတော့ ဇန်နဝါရီလမှာ သက်တမ်းကုန်မှာဖြစ်တယ်။ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ကောင်စီကို အသစ်ပြန်လည်ရေးဆွဲပြီးမှ ဆက်လက်ပြီး ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ သက်တမ်းကုန်မယ့် မဏ္ဍိုင်ကြီး ၃ ရပ်ကိုလည်း ဆက်လက်ပြီး ရွေးချယ်တင်မြောက်သွားမှာဖြစ်ပါတယ်။

KMG ပေးပို့သည်။