“အခု လူငယ်လေးတွေက ဘာမှ သာမန်မဟုတ်တော့ဘူး။ သူတို့ထက် ပိုအရည်အချင်းရှိတယ်။ သူတို့ထက်ကို နည်းပညာတွေ တိုးတက်တယ်။ သူတို့အာဏာသိမ်းတာ မခံနိုင်လို့ တိုက်တာပဲရှိတာ” သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း

0
374
ပုံစာ - သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ အမေးအဖြေ

နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ လက်နက်ကိုင်တပ်မတော်သားတွေနဲ့ ရင်ဆိုင် တိုက်ခိုက်တာမဟုတ်ဘဲ လက်နက်မဲ့ အရပ်သားပြည်သူတွေ၊ ရဟန်းတွေ နိုင်ငံဝန်ထမ်းတွေကို သတ်ဖြတ် နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက စွပ်စွဲလိုက်ပါတယ်။

ထိုင်းနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အခုလို စွပ်စွဲပြောဆိုခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုမှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဘယ်လို တုံ့ပြန်လိုက်ပါလဲ။ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ပြဿနာတွေ အပါအဝင် စစ်ကောင်စီ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ အရင်ဆုံး EAO တချို့က လူငယ်တွေကို PDF အဖြစ် သင်တန်းပေးလက်နက်ကိုင်ဆင်ပြီး ဒေသတွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲပြောဆိုတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုလိုပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ PDF တွေကို EAO က သင်တန်းပေးတာ မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုဗစ်ရောဂါကြောင့် စိတ်ထိခိုက်လွယ်တဲ့ လူငယ်တွေကို PDF အဖြစ် သင်တန်းပေးတယ်ဆိုတာ လုံးဝ မှားပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ လူငယ်တွေအားလုံးရဲ့ ခံစားချက်နဲ့ လုပ်နေတာပဲလေ။ စစ်တပ်အာဏာသိမ်းတာကို မကြိုက်လို့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်ကောင်စီက လက်နက်တွေနဲ့ ဖြိုခွင်းပြီးတော့ လူပေါင်းများစွာ သေတယ်။ စစ်ကောင်စီကို လက်နက်နဲ့ တော်လှန်ရတဲ့ အထိကို ဖြစ်သွားရတာပေါ့။

မေး။ ။ နှစ်ပေါင်း ၅၀ နီးပါးကြာ အေးချမ်းနေတဲ့ တိုင်းပြည်ဟာ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် မအေးချမ်းတော့ဘူးလို့ စစ်ကောင်စီရဲ့ ပြောဆိုတဲ့အပေါ်မှာ ဘာပြောချင်တာရှိမလဲ။

ဖြေ။ ။ နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေတယ် ပြောတယ်။ အဲဒါကလည်း သူတို့အာဏာမသိမ်းရင် ဒီဟာကြီး ထပ်ဖြစ်စရာ အကြောင်းမရှိဘူးလေ။ သူ့ဘာသူ အနိုင်ရပါတီကို အာဏာလွှဲပေးလိုက်ရင်ရပြီ။ အနိုင်ရပါတီက ဆက်အုပ်ချုပ်နေရင် ပြီးတာပဲ။ ဒီပြဿနာတွေ ဘာမှမဖြစ်ဘူး။ PDF ဆိုတာ သူတို့ပဲ ဖန်တီးခဲ့တာ။ PDF ဖြစ်ပေါ်လာဖို့အတွက် သူ့တို့ဘာသာ ဖန်တီးပေးလိုက်တာ။ စစ်ကောင်စီက ဖန်တီးပေးလိုက်တာ။

မေး။ ။ PDF တွေက လက်နက်ကိုင် တပ်မတော်သားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ လက်နက်မဲ့ အရပ်သား ပြည်သူတွေ၊ ရဟန်းတွေ နိုင်ငံဝန်ထမ်းတွေကို သတ်ဖြတ်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲတယ်။ ဒီအပေါ်မှာ ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ PDF တွေ တိုက်ခိုက်နေတာ ရှင်းရှင်းလေးပဲ။ အာဏာသိမ်းတာကို မကြိုက်လို့ တိုက်တာ။ အာဏာသိမ်းတာ ဘယ်သူလဲ စစ်ကောင်စီလေ။ စစ်ကောင်စီကိုပဲ ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်တယ်။ အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်တယ်ဆိုတာ ကျွန်တော်တို့ လုံးဝတိုက်ခိုက်တာ မရှိဘူး။ ရဟန်းသံဃာတွေ နိုင်ငံ့ဝန်ထမ်းတွေကို သတ်ဖြတ်နေတာလည်း လုံးဝ မရှိပါဘူး။ စစ်ကောင်စီကို လုံးဝ အထောက်အပံ့ပြုနေတဲ့ စစ်ကောင်စီဘက်မှာ ရှိနေတဲ့ စစ်ကောင်စီဘက်တော်သားတွေပဲ ကျွန်တော်တို့ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

မေး။ ။ သူတို့စစ်တပ်အနေနဲ့ သာမန်လက်နက်ကိုင် အဖွဲ့တွေကို လွယ်ကူစွာ ချေမှုန်းနိုင်စွမ်း ရှိတယ်၊ ဒါပေမယ့် အရပ်သားများစွာ ထိခိုက်သေကြေမှာ စိုးတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတာလို့ ပြောတယ်။ ဒီအပေါ်မှာ မှတ်ချက်ပြုပေးပါဦး။

ဖြေ။ ။ သူတို့အနေနဲ့ သာမန်လက်နက်ကိုင်တွေကို အလွယ်တကူ ချေမှုန်းတယ်ဆိုတာ အလကားပါ။ လူလိမ်တွေ၊ ကျွန်တော်တို့က သာမန်လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်ဘူး။ အခု လူငယ်လေးတွေက ဘာမှ သာမန် မဟုတ်တော့ဘူး။ သူတို့ထက် ပိုအရည်အချင်း ရှိတယ်။ သူတို့ထက်ကို နည်းပညာတွေ တိုးတက်တယ်။ သူတို့အာဏာသိမ်းတာ မခံနိုင်လို့ တိုက်တာပဲ ရှိတာ၊ အရပ်သားတွေကို တိုက်တယ် ဆိုတာလည်း သူတို့ပဲ တိုက်တာ။ အရပ်သားတွေကိုပဲ တိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာထဲကို ပစ်ထည့်တယ်။ ရွာသားတွေ သေတယ်။ ထိခိုက်ဒဏ်ရာ ရတယ်။ တိရစ္ဆာန်တွေ သေတယ်။ ရွာတွေ ပျက်စီးတယ်။

အားလုံးကို စစ်ကောင်စီကပဲ လုပ်တာပဲလေ။ ဘယ် ကျွန်တော်တို့ တော်လှန်ရေးအင်အားစု ဘယ် PDF မှ လုပ်တာ မဟုတ်ဘူး။ ဒါကမြေပြင်မှာ လက်တွေ့၊ ကျွန်တော်တို့မှာ မှတ်တမ်းတွေလည်း ရှိတယ်။ ဒါတွေကို တချိန်ကျရင် ကျွန်တော်အားလုံး ပြန်ရှင်းမယ်။ ဒီကျေးရွာတွေမှာဆိုရင် ကျွန်တော်တို့က ဝင်တိုက်တယ်။ သူတို့ ထိခိုက်ပြီ ဆိုတာနဲ့ ရွာထဲ လက်နက်ကြီး ပစ်ချတယ်။ သူတို့လည်း လှမ်းအော်တယ်…မင်းတို့ ငါတို့ကိုပစ်၊ ငါတို့ထိတာနဲ့ ငါတို့ လက်နက်ကြီးနဲ့ ပစ်မယ်။ ဒါမျိုး သူတို့ အော်နေကျပဲ…ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့လေ မြေပြင်မှာ။ စစ်မြေပြင်မှာ သွေးကြောင်နေတဲ့ ကောင်တွေ…နောက်ဆုံးရွာထဲကို ပစ်ထည့်တယ်။ ရွာသားတွေပဲ ထိခိုက်တယ်။

မေး။ ။ စစ်ကောင်စီရဲ့ပြောဆိုချက်တွေအပေါ် ဘာများဖြည့်စွက်ပြောကြားလိုပါလဲ။

ဖြေ။ ။ စစ်ကောင်စီကနေ အာဏာရပါတီကို အုပ်ချုပ်ခွင့် ပေးလိုက်မယ်ဆိုရင်…အာဏာမသိမ်းခဲ့ဘူးဆိုရင် ဒီပြသာနာတွေဖြစ်ဖို့ ဘာတစ်ခုမှ မရှိဘူး။ PDF တွေဆိုတာလည်း ပေါ်လာစရာအကြောင်း မရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီထက် တိုးတက်ဖို့ပဲ ရှိတာလေ။ အရပ်သား အုပ်ချုပ်ခဲ့တဲ့ ၅ နှစ် အတွင်းမှာ သူတို့အုပ်ချုပ်ခဲ့တဲ့ နှစ် ၅၀၊ ၆၀ ထက် စာရင် အများကြီး တိုးတက်နေတာ မျက်မြင်ကိုယ်တွေ့ပဲလေ။ လူငယ်လေးတွေက ဒီမိုကရေစီ အရသာကို စပြီး ခံစားရတဲ့ အချိန်မှာ စစ်တပ်က အာဏာကောက်သိမ်းလိုက်တာ ဖြစ်လို့ မခံရပ်နိုင်ဖြစ်ပြီး လူငယ်တွေအားလုံးက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ဆန္ဒပြလို့ မရတော့ နောက်ဆုံး လက်နက်ကိုင်ပြီး တွန်းလှန်ရတာပေါ့။ သူတို့ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက်ပေါ့။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here