ရခိုင်မှာ သက်ငယ်မုဒိမ်းမှုအဖြစ်များလာတာက ဘာကြောင့်ပါလဲ

0
417
ပုံစာ - ရခိုင်ပြည်အတွင်း နယ်ပယ်အသီးသီးမှတက်ကြွလှုပ်ရှားသူများ။

ရခိုင်မှာ သက်ငယ်မုဒိမ်းမှု အဖြစ်များလာတာနဲ့ပတ်သတ်ပြီး ရခိုင်ပြည်အတွင်းနယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ၏သဘောထားအမြင်စုစည်းမှု။

ရခိုင်ပြည်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စသည့် မှုခင်းဖြစ်စဉ်များ ထူပြောလာပြီး ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြသည်။

အထူးသဖြင့် ယခုနောက်ပိုင်းတွင် သက်ငယ်မုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူများမှာ ကလေးနှင့် ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့ အဝင်အထွက်ရှိသူများ ဖြစ်နေသည်ကို တွေ့ရသည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်အတွင်း နယ်ပယ်အသီးသီးမှတက်ကြွလှုပ်ရှားသူများ၏ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်စောစံငြိမ်းသူ (ဥက္ကဌ-ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ရာဇဝတ်မှုကို ရာဇဝတ်မှုဥပဒေအရ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်တာ မရှိတဲ့အတွက်ကြောင့် အခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ထပ်ခါထပ်ခါဖြစ်တာလို့ သုံးသပ်လို့ ရတယ်။ နောက်တစ်ခုက ဒေသမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ အားနည်းလာနေတဲ့ အတွက်ကြောင့် ပြည်သူလူထုတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျမှုတွေ ဖြစ်လာတယ်။ သောက်စားမူးယစ်မှုတွေ ဖြစ်လာတယ်။ အခုဆိုရင် အဖေနဲ့သမီးဆိုတဲ့ အခြေအနေတွေတောင် ဖြစ်လာတယ်။ အရေးအကြီးဆုံးက မြင်သာထင်သာရှိတဲ့ အရေးယူဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် မလုပ်နိုင်လို့ရှိရင် ကျူးလွန်သူအတွက်ဖြစ်စေ၊ နောက်ထပ် ကျူးလွန်ဖို့ လူအတွက်ဖြစ်စေ အပြစ်ကျခြင်း မရှိဆိုတဲ့ စိတ်ဓာတ်တွေ ဝင်နေကြလို့ နောက်ထပ်လည်း အခုထက် ဆိုးရွားတဲ့ ကျူးလွန်မှုတွေ ဖြစ်လာနိုင်တယ်။ အခုက လူသိထင်ရှားဖြစ်တဲ့ ကျူးလွန်မှုတွေတောင် မသေမချာနဲ့ ပျောက်ကွယ်သွားတာတွေ ရှိတဲ့အတွက်ကြောင့် ကျူးလွန်ဖို့လူတွေကိုလည်း နောက်ထပ်ကျူးလွန်လို့ ရတယ်ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်နေတာ၊ အရေးအကြီးဆုံးက ကျူးလွန်သူကို ကျူးလွန်သူလို့ ချပြပြီး အရေးယူဖို့လိုတယ်။

ကိုမင်းစောခိုင် (Gender Trainer)

အခုလိုတွေ ဖြစ်တာကတော့ ကျူးလွန်သူတွေ အသိပညာမရှိလို့ပေါ့။ သူတို့က သဘောတူညီချက် ယူရမယ် ဆိုတာကို နားမလည်ကြဘူး။ ကျူးလွန်ခံရသူဘက်က ဘာမှမပြောဘူးဆိုရင် သဘောတူညီမှုရပြီလို့ ထင်ကြတာလည်း ရှိတယ်။ နောက်တစ်ခုက တရားဥပဒေစိုးမိုးမှု အားနည်းလို့လည်းပါတာပေါ့။ ကျူးလွန်သူတွေကို သေသေချာချာ အပြစ်ပေးသင့်တာတွေ၊ နောက်ပြီး ကျူးလွန်ခံရတဲ့သူတွေကို ပတ်ဝန်းကျင်က ဝိုင်းပြီးနိမ့်ချတာတွေ အရှက်ခွဲတာတွေမလုပ်ဘဲ ရပ်တည်ပေးဖို့လိုတယ်။ တချို့မိန်းကလေးတွေဆိုရင် ကျူးလွန်ခံရရင်တောင် ရှက်ပြီး ထုတ်မပြောကြတာတွေ ရှိတယ်။ ကျူးလွန်သူတွေကိုလည်း ကျူးလွန်သူလို ဆက်ဆံဖို့ လိုမယ်။

ဒေါ်မလွမ်းပို (ပညာရေးဝန်ထမ်း/စစ်တွေမြို့)

သက်ငယ်မုဒိန်းတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အကြောင်းက အခုက ဖုန်းတွေ၊ အင်တာနက်တွေကို စည်းကမ်းမရှိ သုံးကြတယ်၊ အသက်အရွယ်နဲ့ မလိုက်အောင်ထိ သုံးနေကြတာလေ။ အဲဒါတွေကြောင့် ဆိုရှယ်မီဒီယာတွေက ဗီဒီယိုတွေလို လက်တွေ့ဘဝမှာ ပြုလုပ်ဖို့ ကြိုးစားလာကြတယ်။ နောက်ပြီး မူးယစ်ဆေးဝါးတွေကို အတိုင်းအဆမသိ သုံးလာကြတယ်။ အသိစိတ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ သိက္ခာတရားတွေ မထိန်းနိုင်ကြတော့ အခုလိုတွေဖြစ်လာကြတာလို့ ထင်တယ်။ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့က ကလေးသူငယ်မိဘတွေ၊ ဆရာ/မတွေအနေနဲ့ ကလေးတွေ နားလည်နိုင်လောက်အောင် သေသေချာချာ သင်ပြထားဖို့ လိုတယ်။ သူစိမ်းတွေကိုဆိုရင် ဘယ်လိုဆက်ဆံရမယ် ဆိုတာတွေကို သင်ပြထားပေးရမယ်။ လိင်ပိုင်းဆိုင်ရာ ပညာပေးဗီဒီယိုဖိုင်လေးတွေ ပြတာ၊ မျှဝေတာတွေကို ပတ်ဝန်းကျင်မှာ မကြာမကြာ လုပ်ရမယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်လာလို့ရှိရင် ထိရောက်တဲ့ ပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ပေးရင်တော့ လျော့နည်းလာမယ်လို့ထင်တယ်။

ဒေါက်တာမောင်မောင်ဦး

သက်ငယ်မုဒိန်းတွေ ဘာလို့ဖြစ်လဲဆိုတဲ့ အကြောင်းအရင်းထဲကတစ်ခုက ကျူးလွန်ခံရသူတွေက ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုမှာ ရှိမနေတာကြောင့်လည်း ဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ ပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ အသိပညာအားနည်းလို့ဖြစ်တယ်။ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာတွေလည်း အားကောင်းဖို့လိုတယ်၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်လို့ ဖြစ်တယ်လို့ထင်တယ်။ နောက်ထပ် လိင်ပိုင်းဆိုင်ရာ အသိပညာတွေ အားနည်းလို့လည်း အများကြီး ပါဝင်တယ်။ အသက်အရွယ်အလိုက် သင့်တော်တဲ့ လိင်ပိုင်းဆိုင်ရာအသိပညာတွေ ပေးဖို့လိုအပ်တယ်။ ဥပဒေတွေမှာဆိုရင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေ သေသေချာချာလုပ်ဖို့လိုတယ်။ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး သိသင့်တာကို သင်ပြပေးထားဖို့လိုမယ်။ ကလေးသူငယ်၊ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုတယ်။ အဲဒါ မှ နည်းနည်းလျော့ကျလာမှာ။

မယွန်းနဒီဦး (ကျောက်တော်လူငယ်များအစည်းအရုံး)

အခုဆိုရင် ရခိုင်ပြည်နေရာအနှံ့တွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာနေတာကို ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ အများစုကတော့ ကလေးသူငယ်တွေကို သူတို့ပတ်ဝန်းကျင်က ဆက်စပ်တဲ့လူကြီးတွေ ဆွေမျိုးသားချင်းတွေက ကျူးလွန်ကြတာတွေ ပိုများတယ်။ ကျူးလွန်တဲ့သူတွေအနေနဲ့ သူတို့လိင်စိတ်ကြွလာရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိလို့ အခုလိုတွေ ဖြစ်ကြတာ။ အဲဒါကြောင့် လိင်ပိုင်းဆိုင်ရာ အသိပညာနဲ့ ပတ်သက်လို့ ကလေးတွေဆိုရင် ကျောင်းပညာရေးမှာ သူတို့နဲ့သင့်တော်တာတွေ ထည့်ပေးသင့်တယ်။ လူကြီးတွေအနေနဲ့ ဆိုရင်လည်း ဖြေရှင်းလို့ရမယ့် ကိစ္စတွေနဲ့ စောင့်ထိန်းသင့်တာတွေကို တာဝန်ရှိသူတွေက စီစဉ်ပေးသင့်တယ်။ နောက်ပြီး တရားဥပဒေပိုင်းပေါ့။ ကျူးလွန်ခံရတဲ့သူတွေက ဘယ်သူ့ကိုသွားတိုင်လို့ တိုင်ရမှန်း မသိကြဘူး။ ဘယ်အစိုးရကို အားကိုးရမလဲ မသေချာဘူး။ ကလေးသူငယ်ကာကွယ်ရေး ဥပဒေတွေကိုလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရမယ်။ ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူရမယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here