“ဖက်ဒရယ်ဆိုတာကတော့ ရှင်းရှင်း ပြောရမယ်ဆိုရင် ပြည်ထောင်တွေ စုပေါင်းဖွဲ့လို့သာ ကျနော်တိုက ဖက်ဒရယ် ဆိုတာကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာတာဖြစ်တာလေ။ အဲတော့ ပြည်နယ်တွေ ပြည်ထောင်တွေ မရှိဘဲနဲ့ ဖက်ဒရယ်ဆိုတာလည်း မရှိနိုင်ဘူး။ အဲအတွက်ကြောင့် ကျနော်တို့ကတော့ တတ်နိုင်သမျှကတော့ ကျနော်တို့ ပြည်နယ်တွေ ပြည်ထောင်တွေ အားကောင်းရေးကို ကျနော်တို့ကတော့ စပြီးလုပ်မှာဖြစ်တယ်” ဦးအောင်ဆန်းမြင့် – အတွင်းရေးမှူး (၁) / KNPP

0
197
ပုံစာ - ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရန် ကြိုတင်ပြင်ဆင် လုပ်ဆောင်မှုတို့နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်။

နှစ်ပါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သည့် အဓိကအကြောင်းအရင်းက အုပ်ချုပ်သူအဆက်ဆက်က ဗဟိုချုပ်ကိုင်မှုကိုအခြေခံပြီး အာဏာရှင်စနစ်နှင့် အုပ်ချုပ်ခဲ့သည့်အတွက်ကြောင့်ဟု တိုင်းရင်းသားများက ပြောဆိုသည်။

ဗဟိုချုပ်ကိုင်မှုစနစ်က အမျိုးသားရေးပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင် ပြဿနာများကို ပိုပြီးရှုပ်ထွေးစေ လာသည်ဟု တိုင်းရင်းသားများက ဆိုပါသည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို အခြေခံသော ပြည်ထောင်စုက နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်သည့်အတွက် လာမည့်အနာဂတ်တွင် တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သူတို့သဘောထားတို့ကို လက်ရှိ နွေဦးတော်လှန်ရေးတွင် ထုတ်ဖော်ပြောဆိုလာပါသည်။

တိုင်းရင်းသားများအနေနှင့် အနာဂတ်တွင် ဘယ်လိုပုံစံ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရန် ဆန္ဒရှိနေကြပါလဲ။ လက်ရှိမှာလည်း ဘယ်လို ကြိုတင်ပြင်ဆင်မှုတို့ကို လုပ်ဆောင်နေကြပါပြီလဲ။ ဒီအခြေအနေများအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တိုင်းရင်းသားတွေအနေနဲ့ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့ ဘယ်လိုပုံစံမျိုး ပြင်ဆင်လုပ်ဆောင်ကြရမှာပါလဲ။

ဖြေ။ ။ ကျနော်တို့က ဒီနေ့ နှစ်ပေါင်း ၇၀ ကျော်ပေါ့နော။ ကျနော်တို့ တိုင်းပြည်ကို ကြည့်လိုက်လို့ရှိရင် ကျနော်တို့ အာဏာရှင်စနစ်နဲ့ ဒီဗဟို Centralize ပေါ့၊ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ပဲ ကျနော်တို့က နေလာခဲ့ကြရတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေပေါ့နော၊ နောက် နိုင်ငံရေးအခက်အခဲ တွေကို ကျနော်တို့ မဖြေရှင်းနိုင်ခဲ့ဘူး။ အဲတော့ ဒီနေ့ဒီအချိန်မှာလည်း အားလုံးက ဒီနေ့နိုင်ငံရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့အတွက် နည်းလမ်းကို ကျနော်တို့က ဝိုင်းပြီးတော့ရှာကြတယ်။ ရှာကြတဲ့အခါမှာ အားလုံးက ဖက်ဒရယ်ကို သွားမယ်။ အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ကို သွားမယ်ဆိုပြီး‌တော့ ကျနော်တို့ကြားထဲမှာ ဖက်ဒရယ်ရဲ့ Definition ကတော့ ကွာနေတုန်းပဲ။ ဘာဖြစ်လဲဆိုလို့ရှိရင် မင်းအောင်လှိုင်ကိုယ်၌ကိုက ဖက်ဒရယ်လို့ ပြောတာကိုးနော။

နောက် ကျနော်တို့ Stakeholders တွေ ကြားထဲမှာလည်း ဖက်ဒရယ်ရဲ့ Concept ဖက်ဒရယ်ရဲ့ Definition နဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ကွဲလွဲမှုတွေရှိတယ်။ တချို့ကလည်း ဗဟိုအခြေပြုပေါ့နော။ Decentralization ကနေပဲ Decentralization ပေါ့။ အာဏာခွဲဝေရေးဆိုတဲ့ ဖက်ဒရယ်စနစ်ကိုပဲ ကျနော်တို့က ဆွေးနွေးနေသလို တချို့ ကလည်း ကျနော်တို့ ပြည်နယ်အားကောင်းရေးပေါ့နော၊ ပြည်နယ်အားကောင်းရေးကနေပြီးမှ ပြည်ထောင်စု အားကောင်းရေးဆိုတဲ့ Bottom up Federalizing ကို ကျနော်တို့က ဆွေးနွေးကြတာဖြစ်တယ်။ အဲတော့ ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ကျနော်တို့ ဗဟိုချုပ်ကိုင်မှုစနစ်ကတော့ ကျနော်တို့ အလုပ် မဖြစ်ဘူး။ ကျနော်တို့ဆီမှာရှိတဲ့ ဒီ နိုင်ငံရေးပြဿနာတွေ အမျိုးသားရေး ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကျနော်တို့ ပြည်နယ်အားကောင်းရေးကနေပြီးမှ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့ အခြေခံမူဖြစ်တဲ့ ချဉ်းကပ်မှုဖြစ်တဲ့ Bottom up Federalizing approach ကို ကျနော်တို့က ဆွေးနွေးပြီးမှ သဘောတူကြတာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ နောက်တခုက ကျနော်တို့ကြားထဲမှာ တိတိလင်းလင်းက ကျနော်တို့ အနာဂတ်တိုင်းပြည်ကို ကျနော်တို့က Regime Change နဲ့ မသွားချင်ဘူး။ Regime Change ဆိုလို့ရှိရင် ဒါ အာဏာရှင်စနစ်ကို ဆက်အကောင်အထည်ဖော်မှာပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့က System Change ကို သွားချင်တာ။ System Change ဆိုကတည်းက ကျနော်တို့ ချည်းကပ်တဲ့ပုံစံတွေက အသစ်ဖြစ်တာပေါ့ဗျာနော။ ဆိုတော့ အဲဒီလိုပုံစံနဲ့ ကျနော်တို့တိုင်းပြည်ကို ပြည်နယ်အားကောင်းရေးကနေပြီးမှ ဒီပြည်ထောင်စု အားကောင်းရေး အခြေခံမူ ချည်းကပ်မှုနဲ့ပေါ့နော။ ကျနော်တို့သွားကြဖို့ဆိုပြီး ကျနော်တို့က သဘောတူကြတာဖြစ်ပါတယ်။

မေး။ ။ ရှေ့လုပ်ငန်းစဉ်တွေကြတော့ ဘယ်လိုဆက်လုပ်ဆောင်သွားဖို့ ရှိပါလဲ။ အခုလက်ရှိ သဘောတူတဲ့ အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီးတော့ပါ။

ဖြေ။ ။ အဲဒီအကြောင်းအရာတွေ၊ ရှေ့လုပ်ငန်းစဉ်က ကျနော်တို့ ဒီဖက်ဒရယ်စနစ်ပေါ့နော၊ ကျနော်တို့ Bottom up approach နဲ့ သွားမယ်။ ဆို‌တော့ သွားမယ်ပြည်နယ်တွေ အားကောင်းရေးကနေပြီးမှ ပြည်ထောင်စု အားကောင်းရေး အခြေခံမူ ချည်းကပ်မှုနဲ့ သွားမယ်။ အဲဒီအတွက်ကို ကျနော်တို့က ပြည်နယ်တွေမှာ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ပေါ်ထွန်းရေး သို့မဟုတ်လို့ရှိရင်လည်း ကျနော်တို့ Governing document တွေ ပေါ့နော၊ ပေါ်ပေါက်လာရေး ကျနော်တို့က အကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချသွားဖို့ ရှိတယ်။

နောက် ပြည်နယ်အချင်းချင်းကြားထဲမှာရော ပြည်ထောင်စုကြားထဲမှာရော ကျနော်တို့ conflicts တွေ ဖြစ်လာခဲ့ရင် ဒါတွေကို ဘယ်လိုမျိုး အဖြေရှာကြမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဆွေးနွေးကြမယ်။ နောက်ပြီးမှ ကျနော်တို့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေပေါ့နော၊ ပြည်နယ်ဖက်ဒရယ် ယူနစ်တွေကြားထဲမှာ deviation of competency ပေါ့။ လုပ်ပိုင်ခွင့်အာဏာတွေကို ဘယ်လိုခွဲဝေကြမလဲဆိုတာတွေ ဒါ ဒီလုပ်ငန်းတွေက အများကြီး ရှိတယ်။ အဲဒါတွေကို ကျနော်တို့ဆက်ပြီးမှ ဆွေးနွေးချမှတ်သွားမယ်ဆိုတာ ကျနော်တို့ ပြောတာဖြစ်တာပေါ့။

မေး။ ။ ဟုတ်ကဲ့၊ ဖက်ဒရယ်ကိုသွားတဲ့အခါမှာ အခုလက်ရှိကလည်း NUG ရှိတယ်ဆိုတော့ ဆရာတို့နဲ့ NUG နဲ့ ဘယ်လို ဆက်လက်ညှိနှိုင်းသွားဖို့ ရှိပါလဲ။ အခုလက်ရှိကတော့ အဖွဲ့ ၉ ဖွဲ့ပဲ ပါတာဆိုတော့လေ။

ဖြေ။ ။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဒီ Concept ကို ကျနော်တို့ကတော့ အဖွဲ့အစည်းတော်တော်များများနဲ့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် အခုလက်ရှိပေါ့၊ ကျနော်တို့ အမည်နာမ ဖော်နိုင်တဲ့အဖွဲ့တွေ လောက်ပဲ ကျနော်တို့လုပ်ထားတာ ဖြစ်တာပေါ့နော။ ကျနော်တို့ လက်ရှိ ဖက်ဒရယ်အဆင့်ပေါ့နော၊ ပြည်ထောင်စု အဆင့် NUG နဲ့လည်း ကျနော်တို့ ဒီလိုဖက်ဒရယ် concept တွေပေါ့နော။ ဒါတွေကို ကျနော်တို့ သဘောတူညီချက် ယူထားပြီးပြီ ဖြစ်တာပေါ့။

မေး။ ။ တဖက်ကဆိုရင်လည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ MNDAA က NUG နဲ့ ပူးပေါင်းလုပ်ဆောင်မှာ မဟုတ်ဘူးဆိုပြီး ထုတ်ပြန်လိုက်တာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဖက်ဒရယ်တည်ဆောက်ရေးမှာ အခက်အခဲတစုံတရာ ဖြစ်လာနိုင်ပါလား။ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဖက်ဒရယ်ဆိုတာကတော့ ရှင်းရှင်း ပြောရမယ်ဆိုရင် ပြည်ထောင်တွေ စုပေါင်းဖွဲ့လို့သာ ကျနော်တို့က ဖက်ဒရယ်ဆိုတာကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာတာဖြစ်တာလေ။ အဲတော့ ပြည်နယ်တွေ၊ ပြည်ထောင်တွေ မရှိဘဲနဲ့ ဖက်ဒရယ်ဆိုတာလည်း မရှိနိုင်ဘူး။ အဲအတွက်ကြောင့် ကျနော်တို့ကတော့ တတ်နိုင်သမျှကတော့ ကျနော်တို့ ပြည်နယ်တွေ၊ ပြည်ထောင်တွေ အားကောင်းရေးကို ကျနော်တို့ကတော့ စပြီးလုပ်မှာ ဖြစ်တယ်။ သို့သော်လည်းပဲ တချို့ပြည်နယ်တွေပေါ့နော။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတော့ သူတို့ရဲ့ နိုင်ငံရေး အခြေအနေပေါ့နော၊ ဒေသန္တရကွဲလွဲမှုတွေ နောက်ပြီးမှ ကျနော်တို့ချဉ်းကပ်နေရတဲ့ ဒီ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ကတော့ အနည်းငယ်ကွဲပြားလိမ့်မယ်။

ဒါပေမယ့်လည်း ကျနော်တို့ နားလည်ထားတာကတော့ ကျနော်တို့ ဒီနေ့ဒီခေတ်ကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ ဂလိုဘယ်လိုက်ဇေးရှင်းပေါ့ဗျာ။ တစ်ဦးတစ်ဖွဲ့တည်း လူမျိုးတမျိုးတည်း တပြည်နယ်ထဲရပ်တည်ဖို့ ဆိုတာတော့ တော်တော်လေးတော့ အခက်အခဲရှိပါတယ်ပေါနော။ အဲဒီမှာတော့ ကျနော်တို့နောက်ဆုံးတော့ ကျနော်တို့အချင်းချင်းကြားထဲမှာတော့ ကျနော်တို့ ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးမှ ကျနော်တို့ဆွေးနွေးမှုတွေတော့ ရှိလာမှာပါပေါ့နော်။

မေး။ ။ ဆရာဦးအောင်ဆန်းမြင့်အနေနဲ့ ဖက်ဒရယ်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ဒီအနာဂတ်မြန်မာနိုင်ငံမှာ ကျနော်တို့ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ကျနော်တို့ကတော့ ဝိုင်းဝန်းပြီးမှ တည်ဆောက်သွားမယ်။ အဲလို တည်ဆောက်သွားတဲ့အခါမှာလည်း အားလုံးအတွက်ပေါ့နော။ ကျနော်တို့ အဆင်ပြေချောမွေ့အောင် လက်ရှိ နိုင်ငံရေးအခက်အခဲတွေ ပြဿနာတွေကိုလည်း ကျော်လွှားနိုင်အောင်တော့ ကျနော်တို့ ဒီပြည်နယ် အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး အခြေခံမူဖြစ်တဲ့ Bottom up Federalizing approach နဲ့ ချီတက်သွားမယ် ဖြစ်တာကို ကျနော်တို့ ဒီနေ့ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်လို့နော်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here