သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ၂၀၂၄ ဇန်နဝါရီ တတိယပတ်မှစတင်ပြီး ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။
ထိုသို့ PNO နှင့် PNLA တို့ နှစ်ဖက်တက်အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ ခေါင်းစဉ်တပ်၍ အခွန်ကောက်ယူမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောဆိုသည်။
တဖက်တွင်လည်း PNO က စစ်အင်အားအလုံးအရင်းဖြင့် အင်အားပြသမှုလုပ်ဆောင်သလို အခွန်ကောက်ယူမှုများ ရှိနေရာတွင် ကားချောဆွဲမှု၊ ကားရှိသည့်နေအိမ်များအား အခွန်ကောက်ယူမှုများ မကြာခဏ ပြုလုပ်လာတာ ကြောင့် ပြည်သူများ အခက်အခဲကြုံနေကြရသည်။ ယင်းအပြင် ပင်လောင်း၊ ဆီဆိုင်ဒေသအတွင်း တိုက်ပွဲများ ကြောင့် ဒေသခံတချို စစ်ဘေးတိမ်းရှောင်နေရသည်။
ဒေသတွင်း တိုက်ပွဲများကြောင့် စိုက်ပျိုးရေးကို သေချာမလုပ်ကိုင်နိုင်သဖြင့် ဝင်ငွေထိခိုက်နေသလို ကုန်ဈေးနှုန်း မြင့်တက်နေသည့်ကြား ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အကြောင်းအမျိုးမျိုးပြပြီး အခွန်ကောက်နေသည့်အတွက် စားဝတ်နေရေး ထိခိုက်နစ်နာလျက် ရှိနေသည်။ ထိုသို့ပအိုဝ်းပြည်သူ့စစ် PNO က အကြောင်းအမျိုးမျိုးပြ ခေါင်းစဉ်တပ် အခွန်ကောက်ယူမှုကြောင့် ဒေသခံပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲစကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

နန်းဦး (ဆီဆိုင်ဒေသခံ)
သူတို့ကောက်တာက ကျပ် ၅ သောင်းကနေ ကျပ်ငွေ ၁ သိန်းပါ။ တချို့ရွာတွေမှာတော့ စက်ပေါ်မူတည်ပြီးတော့ ပေးရတာ၊ စက်ကြီးဆိုရင်လည်း ထော်လာဂျီတောင် ၁ သိန်း ပေးရတာပဲလေ။ စစ်ကလည်း ဖြစ်ခဲ့တာဆိုတော့ အကုန်လုံးက လယ်ယာတွေ မလုပ်ရဘူးလေ။ အကုန်လုံးက စစ်ဘေးရှောင်နေကြတာကိုး။ ဘာအလုပ်မှလည်း မလုပ်ဖြစ်ကြတော့ ငွေကြေးအခက်အခဲတွေ ကြုံတွေ့နေရတာပေါ့။ ရွာကလူတွေကတော့ နေ့စားအလုပ် လုပ်တာတွေ ရှိတယ်။ အကုန်လုံးကတော့ ချွေတာသုံးနေကြတာလေ။
တချို့တွေက မရှိတော့လည်း မတတ်နိုင်တာတွေ ရှိတယ်။ အကြာကြီး စစ်ဘေးရှောင်ခဲ့ရတာလေ၊ အဲ့လိုတွေ အခွန်ပေးဖို့ဖြစ်လာတော့ ပိုက်ဆံရှိတဲ့လူတွေ ဆီမှာ ပိုက်ဆံချေးငှားကြရတာပေါ့၊ သူများချေးပေးသလောက် ယူရတာပေါ့။ ဘယ်စစ်မဆိုပေါ့ ငြိမ်းချမ်းမှု မရှိရင်တော့ အကုန်လုံးကတော့ တူတူပါပဲ။ ပြည်သူတွေပဲ ဒုက္ခရောက် ကြတာလေ၊ ပြည်သူတွေပဲ ပြေးကြတာလေ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း သူတို့ကယူပြီး စားကြ တာပဲလေ။ လူတိုင်းကတော့ ဘာအလုပ်မှလည်း သေချာမလုပ်ရတော့ အကုန်လုံးကတောာ့ အခက်အခဲတွေ ရှိနေတုန်းပါပဲ။
ခွန်စိန် (ပင်လောင်းဒေသခံ)
ကျနော်တို့ဆီမှာတော့ ၁ ခါ၊ ၂ ခါလောက် ကောက်တယ်။ ကားအမျိုးအစားပေါ်မူတည်ပြီး ကောက်တာပါ။ လပိုင်းတော့ ကြာပြီ။ မထည့်နိုင်တဲ့လူတွေလည်း ရှိပါတယ်။ အဲ့တုန်းကတော့ ခြိမ်းခြောက်မှုတွေတော့ ရှိခဲ့တာ ပေါ့။ တခြားရွာတွေမှာတော့ ဆက်ကောက်နေလောက်တယ်။ ဒီလိုကောက်နေတော့ မိသားစုစားဝတ်နေရေး အတွက်ကတော့ ထိခိုက်စေတာပေါ့။ ကုန်စည်စီးဆင်းမှုက ကျပ်တည်းလာတော့ အခက်အခဲဖြစ်လာတာပေါ့။
ဒီတရက်လုပ်တရက်စားတဲ့လူတွေ ရှိတယ်လေ၊ သူတို့ကိုလည်း အခက်အခဲတွေ ဖြစ်စေတာပေါ့။ အခွန်ကောက် ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့နေရာတွေမှာ သုံးရင်တော့ ကိစ္စမရှိဘူးပေါ့နော်၊ အလွဲသုံးစား မလုပ်ရင်ပေါ့။ တချို့တွေ ကြတော့ သူတို့ဟာသူတို့ကောက်ပြီးတော့ ဒေသမှာကာကွယ်ပေးဖို့ ဒါမျိုးဆိုရင်တော့ ကျနော်တို့လည်း မငြင်းပါ ဘူး။ တချို့ကြတော့လည်း အဲ့လိုမဟုတ်ဘဲနဲ့ အလွဲသုံးစားတွေ လုပ်နေတာတွေကိုတော့ မရှိစေချင်ဘူးပေါ့ဗျာ။
ဦးအောင် (ဟိုပုံးဒေသခံ)
သူတို့ချောဆွဲပြီးကတည်းက စပြီးကောက်တာပဲ။ မြို့ထဲတွေမှာတော့ သိပ်မကောက်ရဲကြဘူး။ သူတို့ကတော့ ပအိုဝ်းအချင်းချင်းကို အဓိကထားကောက်တာလေ။ ဟိုပုံးရော အနီးအနားကျေးရွာတွေရော ကောက်နေတာလေ။ သူတို့တွေက ကောက်နေတာ ခဏခဏပါပဲ။ ရွာမှာကတော့ ဈေးအမျိုးမျိုး တောင်းယူတာပေါ့။ အခုက တော်တော်လေးကို ခက်ခဲတယ်။ စစ်မှုထမ်းဖို့ကလည်း ပေးရတယ်။ အဲ့ကားရှိတဲ့ကိစ္စတွေရောပေးရတာလည်း ရှိတော့ ပြည်သူအပေါ်လည်း မကြည့်ဘူးပေါ့။ သူတို့အတွက်ပဲ သူတို့ ကြည့်ကြတာရော၊ ပြည်သူတွေ ရှာစားရတာ ပိုခက်သွားတာပေါ့။ သူလုပ်နေတာ မဟုတ်သေးဘူးလေ။ မရှိတဲ့လူတွေအတွက်လည်း အခက်အခဲတွေ ဖြစ်စေတယ်လေ။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ခံတစ်ဦး
PNO/PNA အနေနဲ့ကတော့ တောက်လျှောက်လုပ်နေတဲ့ကိစ္စပေါ့လေ။ သူတို့လှုပ်ရှားနေတဲ့ အထူးဒေသ (၆) မှာ အခွန်ကောက်ယူတဲ့ကိစ္စကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ တောက်လျှောက် ရှိနေပေါ့လေ။ အခွန်ကောက်ယူမှုကိစ္စနဲ့ ပတ်သတ်ပြီးတော့မှ ဒေသခံလူထုတွေအနေနဲ့တော့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ တောက်လျှောက် ထည့်နေရတဲ့ အနေအထားမှာတော့ အများကြီးရှိနေတယ်ပေါ့လေ။ ဆိုတော့ မထည့်လိုလည်းမရတဲ့အခြေအနေ မှာလည်း အများကြီးတွေ့ရတယ်ပေါ့။ အခွန်ကောက်ယူမှုနဲ့ ပတ်သတ်ပြီးတော့မှ လူထုတွေကတော့ အဆင်ပြေ နေတဲ့ အခြေအနေမျိုးမှာတော့ မရှိဘူးလေ။ လက်ရှိအခြေအနေမှာတော့ မထည့်ချင်လည်းထည့်ရတယ်၊ အဆင်မပြေလည်း ထည့်ရတယ်ပေါ့လေ။ အခွန်ကောက်ယူတာနဲ့ ပတ်သတ်ပြီးတော့ မတူညီတဲ့ အခင်းအကျင်း အောက်မှာ ရင်ဆိုင်နေရတယ်။ တချို့တွေကြတော့ ပေးစရာမရှိတော့ အကြွေးနဲ့ယူပြီး ပေးနေရတာတွေလည်း ရှိနေတယ်။ ထိခိုက်မှုလို့ပြောရင်တော့ မတူဘူးပေါ့။
တချို့တွေကြတော့ ကျပ်တည်းနေတဲ့ မိသားစုဆိုလို့ရှိရင် တချို့က စားစရာသောက်စရာ မရှိတောင်မှ ဒီအခွန် ပေးနေရတဲ့ အခြေအနေမျိုးလည်း အများကြီးပဲ။ အခွန်လို့ပြောလိုက်ရင်လည်း အများကြီး၊ တခါတခါ တကြိမ် တကြိမ်မှာ ပေးရတာလည်း မတူဘူးလေ။ ပိုပြီးတွေ့နေရတာက စစ်ဖြစ်ပွားနေတဲ့ဧရိယာမှာ အခွန်ကောက်ယူမှုက ပိုပြီးတော့မြင့်တက်နေတာမျိုးတွေ တွေ့ရတယ်။ တဘက်မှာလည်း စစ်ရှောင်နေတဲ့အတောအတွင်းမှာ စားဝတ် နေရေးကို မနည်းပြေလည်အောင် ဖြေရှင်းနေရတဲ့ကြားထဲမှာမှ ဒီလိုမျိုး အခွန်ကို မဖြစ်မနေပေးနေရတယ်ဆိုတဲ့ အနေအထားမျိုးက အရမ်းခက်ခဲတယ်ဆိုတဲ့နေရာထက် ကျမတို့ပြောရတာများတယ်။ တောက်လျှောက်ကတော့ လူထုတွေဆီကနေ တုန့်ပြန်မှု ကတော့ အသက်မသေအောင်ပဲ နေနေရတယ်ဆိုတဲ့ အနေအထားမျိုးလည်း အများကြီးတွေ့ရတယ်။ ဘယ်သူမှ အဆင်ပြေနေတဲ့ အနေအထားမျိုးမှာတော့ မရှိဘူး။
တခါတလေမှာ အခွန်လို့ပြောလိုက်ရင်လည်း အများကြီးပေါ့လေ။ လက်နက်ကိုင်အစုအဖွဲ့တွေကလည်း များတဲ့အပေါ်မှာ သူတို့ပေးနေရတဲ့အခွန်ကလည်း ဟိုအစုအဖွဲ့ ပေးရ၊ ဒီအစုအဖွဲ့ပေးရ ဆိုတာလေ။ တချို့သော ဒေသတွေမှာကျတော့ ၃ သိန်း ကနေ ၅ သိန်း ကြားတောင် ပေးရတာရှိတယ်။ နည်းနည်းစီပေးရတဲ့ အခွန်တွေ ကလည်း အရမ်းများတယ်။ ဒေသတခုနဲ့ ဒေသတခုက မတူဘူး။ တချို့ဒေသကလည်း ၅ သိန်း ကနေ ၁၀ သိန်း ကြားမှာ ပေးနေရတဲ့အခြေအနေ အများကြီးရှိတယ်။ အခွန်လည်း ပေးရတယ်၊ စစ်သားစုဆောင်းတဲ့ အထဲမှာလည်း ပေးရတယ်။ ထိခိုက်မှုလို့ပြောရင် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် သော်လည်းကောင်း ရှိမယ်ပေါ့လေ။ ဆိုတော့ အဓိက ကတော့ အခွန် ကောက်ယူမှုထက်စာရင် ခြိမ်းခြောက်မှု ကြီးက ပိုပြီးတော့ ဖြစ်ပေါ်နေတာမျိုးပေါ့လေ။
ဥပမာဆိုရင်တော့ ကျေးရွာတစ်ရွာမှာ PNO/PNA အားမပေးလို့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးကို အားပေးထောက်ခံလို့ပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ဖိအားပေးခြိမ်းခြောက်တဲ့ကိစ္စရပ်က တောက်လျှောက်ရှိနေတယ်။ နောက်ထပ်တခုကြတော့ ဒီလိုမျိုးအားပေးနေတဲ့အပေါ်မှာ နေအိမ်ကိုမီးရှို့ခံရတဲ့ ကိစ္စရပ်တွေ နောက်ပြီးတော့မှ အိမ်တိုင်ရာရောက် ခြိမ်းခြောက်တဲ့ကိစ္စရပ်တွေ တောက်လျှောက်ဖြစ်နေတာလေ။ အခွန်ကောက်ယူမှုကိစ္စကလည်း သက်ရောက်မှု ရှိသလိုမျိုး အခွန် ကောက်ယူမှုထက် တိုက်ရိုက်ဖိအားပေးနေတဲ့ ကိစ္စရပ်တွေ လက်တွေ့မှာ ဒီလိုမျိုးခြိမ်းခြောက်ပြီး လုပ်ဆောင်တဲ့ ကိစ္စရပ်က ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုကိစ္စတွေက ဘယ်လောက်ထိထိခိုက်မှုရှိလဲလို့ ပြောလာရင် သက်သေအထောက်အထားနဲ့ ပြဖို့ကတော့ နည်းနည်းခက်တယ်ပေါ့နော်။
အဓိကတော့ ဘယ်အစုအဖွဲ့ပဲဖြစ်ဖြစ်လေနော် လူထုကို ဒီလိုမျိုး မတရားအခွန်ကောက်နေတဲ့ ကိစ္စရပ်ကတော့ လုပ်နေတဲ့ကိစ္စရပ်ကတော့ မလုပ်သင့်ဘူး၊ ရှိလည်းမရှိသင့်ဘူး။ နဂိုအဖွဲ့အစည်းက ဖွဲ့စည်းချမှတ်ထားတဲ့မူ ပေါ်လစီမှာလည်း ဒီလိုမျိုးရှိကြမယ် မထင်ဘူး။ ဒီလိုမျိုး လုပ်နေတဲ့အပေါ်မှာကြတော့ လူထုကိုဖိနှိပ်တာ အာဏာရှင်နဲ့တူတူပဲ ပေါ့လေနော်။ ဒီလိုမျိုးလုပ်နေတာတော့ လုပ်လည်းမလုပ်သင့်ဘူး၊ ရှိလည်းမရှိသင့်ဘူး။ ပိုဆိုးတာက လူထုကို ငွေထုပ်လို့မြင်နေတဲ့ကိစ္စက တော်တော်လေးအဆင်မပြေဘူး။ လူထုတွေက တနေ့တနေ့ သူတို့ရဲ့စားဝတ်နေရေးကို ပြေလည်အောင် မနည်းဖြေရှင်းနေရတဲ့ကြား လူထုတွေကို ကာကွယ်စောင့်ရှောက် မယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ လူထုတွေဆီကနေ ရသမျှယူနေတဲ့ကိစ္စရပ်က ဒါမျိုးကြတော့ မလုပ်သင့်ဘူး လို့တော့ ပြောနေကြကိစ္စရပ်ပေါ့လေ။
သျှမ်းသံတော်ဆင့် ပေးပို့သည်။