“ပစ္စည်းဥစ္စာတွေ ပေါမယ်ထင်တဲ့အိမ်တွေ နည်းနည်းချောင်ချောင်လည်လည်ရှိတဲ့ အိမ်ကောင်းကောင်းကြီးတွေ အဲဒါတွေရွေးပြီး တက်ပြီးတော့ ယူသွားတာဗျ။ ဓါးပြတိုက်နေသလိုပဲ တကယ်ပဲဓားပြလိုပဲÓ ကိုမင်းလွင်ဦး/ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်

0
449
ပုံစာ - ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်ကိုမင်းလွင်ဦး။

ထားဝယ်ခရိုင်အတွင်း ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို စစ်ကောင်စီတပ်က ဓားပြသဖွယ် အတင်းအဓမ္မ ယူဆောင်နေတာတွေနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ မေးမြန်းချက်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး ဒေသခံပြည်သူ့နေအိမ်တွေထဲ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာပြီးနောက် ရွှေ၊ ငွေ၊ ဆိုင်ကယ်အပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မယူဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုယူဆောင်ရာမှာ စစ်ကောင်စီတပ် ထောက်ခံတဲ့ကျေးရွာဖြစ်စေ၊ မထောက်ခံတဲ့ကျေးရွာဖြစ်စေ ဝင်ရောက် မွှေနှောက်တာတွေလုပ်ဆောင်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ကျေးရွာတွေကို PDF အားပေးထောက်ခံရင် သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းမယ်၊ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ထားဝယ်ခရိုင်အတွင်း ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု၊ ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဓားပြသဖွယ်လုပ်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အာဏာသိမ်းကာလအတွင်း ထားဝယ်ခရိုင်အတွင်းမှာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ အာဏာသိမ်းပြီး ကျွန်တော်တို့ လူထုသပိတ်တွေ အင်တိုက်အားတိုက်လုပ်ပြီးတဲ့ နောက်ပိုင်းပေါ့ဗျာ။ ဖေဖော်ဝါရီ ၂၈ နောက်ပိုင်းကတည်းကဆို တော်တော်လေး လမ်းမှာတွေ့တဲ့သူတောင်မှ သူတို့က ပစ်ခတ်တာတွေမျိုး တောက်လျှောက်လုပ်တယ်ဗျာ။ ပြီးတော့ ပျူတွေနဲ့အတူ သူတို့စစ်ကောင်စီ တပ်သားတွေနဲ့ ပေါ့ဗျာ အဲဒီလိုပေါင်းပြီးတော့လည်းပဲ ရွာတွေထဲ သူတို့စစ်ကြောင်းထိုးတာမျိူး ရှိတယ်။ ပြီးတော့ လူတွေ အခန့်မသင့်ရင် လူငယ်တွေကို ဖမ်းဆီးပစ်သတ်တာတွေမျိူးရှိတယ်။ အဲဒီလို စစ်ကြောင်း မဟုတ်တောင်မှ တခါတလေဆို ကားနဲ့ရုတ်တရက်လာပြီးတော့ အဲဒီလိုအရပ်သားတွေပေါ့ဗျာ၊ ရွာမှာရှိတဲ့ အဖိုးကြီးအဖွားကြီးတွေ က အစ အရပ်သားတွေပါ ပစ်ခတ်သတ်ဖြတ်တာတွေရှိတယ်ဗျ။ အခုအခြေအနေကတော့ သူတို့တခါတလေဆို ရွာတွေထဲကို စစ်ကြောင်းထိုးတယ်ဗျာ။ စစ်ကြောင်းထိုးပြီးတော့ အဓိကကတော့ PDF တွေနဲ့ ပတ်သတ်တယ်ဆို အဲဒီအိမ်တွေပါ မီးရှို့၊ လူတွေပါသတ် အဲဒီလိုမျိူးတွေ လုပ်တာတော့ရှိတယ်ဗျ။

မေး။ ။ ထားဝယ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေက နေအိမ်တွေကို ဝင်ချင်သလိုဝင်မွှေပြီး ပြည်သူပိုင် တန်ဖိုးရှိ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တွေကို မတရားသိမ်းယူနေတယ်လို့ ကြားသိရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အခုထားဝယ်ခရိုင်အတွင်းမှာဆိုရင် အရင်ကထက်ဗျာ သူတို့စစ်ကြောင်းထိုးပြီးတော့ ဝင်တယ်၊ သူတို့ လူထုကိုခြိမ်းခြောက်တယ်ပေါ့ဗျာ။ ခြိမ်းခြောက်တယ်ဆိုတာက သပိတ်တွေလုပ်မယ်ဆို သပိတ်ရှိတဲ့ နယ်မြေ ပေါ့ဗျာ၊ ရွာထဲကိုဝင်လို့ရှိရင် သပိတ်တွေ ဘာတွေလုပ်မယ်ဆိုရင် ဒီထက်ပိုဆိုးမယ်ပေါ့။ အဲဒီလိုမျိူး ရွာတွေကို ပစ်မယ်ပေါ့ ။ ပြီးတော့ PDF တွေကို အားပေးမယ်ဆိုလို့ရှိရင် ရွာတွေ ဖျက်ဆီးခံရမယ်။ ဘာညာ အဲဒါမျိုးတွေ သူတို့တောက်လျောက် ခြိမ်းခြောက်တဲ့စာတွေလည်း ရေးခဲ့တယ်။ ပြီးတော့ အခုက ကျွန်တော်တို့ ဘက်မှာဆိုရင် နှစ်ရွာရှိနေပြီဗျာ၊ ရုတ်တရက်စစ်ကြောင်းထိုးဝင်ပြီးတော့ ရွာထဲမှာ အိမ်တစ်အိမ်ပေါ်ကို တက်ပြီးတော့ အိမ်ထဲကလူတွေ အပြင်ထုတ်ပြီးတော့ သူတို့လိုချင်တဲ့ဟာတွေရှာတယ်။ အဲဒါက PDF နဲ့ ပတ်သက်တယ် ဆိုပြီးတော့ရှာတာ မဟုတ်ဘူး။

ကျွန်တော်တို့နားလည်တာက အဓိက ပိုက်ဆံရှိမယ်ထင်တဲ့ အိမ်တွေပေါဗျာ။ ပစ္စည်းဥစ္စာတွေ ပေါမယ်ထင်တဲ့ အိမ်တွေ နည်းနည်းချောင်ချောင်လည်လည်ရှိတဲ့ အိမ်ကောင်းကောင်းကြီးတွေ အဲဒါတွေရွေးပြီး တက်ပြီးတော့ ယူသွားတာဗျ။ ဓါးပြတိုက်နေသလိုပဲ တကယ်ပဲဓားပြလိုပဲ၊ ပြီးတော့ ဆိုင်ကယ်တွေဆိုလဲ အဲဒီလိုပဲဗျ။ တချို့ ဆိုင်ကယ် အဟောင်းလေးတွေဆိုရင် ခင်ဗျားလိုင်စင်ရှိလားဘာညာ လိုင်စင်ရှိတယ်ဆိုရင်ပြန်ပေးခဲ့တယ်။ ဆိုင်ကယ်အကောင်းကြီးဆိုရင်တော့ လိုင်စင်ရှိရှိ မရှိရှိ ယူသွားတာပဲ။ အဲလိုမျိူးတွေကတော့ နှစ်ရွာပေါ့ဗျာ။ လတ်တလောမှာတော့ နှစ်ရွာ၊ အဲဒီနှစ်ရွာ သူတို့မြို့နှင့်ကပ်လျက်ရွာ၊ အဲဒီလိုမျိူးတွေ သူတို့လိုက်လုပ်နေတာ ရှိတယ်။

မေး။ ။ စစ်ကောင်စီတပ်က ကျေးရွာထဲမှာ အခုလိုထင်တိုင်းကြဲလာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘယ်လိုပြဿနာတွေ ရင်ဆိုင်နေရလဲ။ သူတို့မှာရော ဘယ်လိုစိုးရိမ်ပူပန်မှုတွေနဲ့ ကြုံနေရပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ဗျ။ အခုဟာက မလုံခြုံတော့ဘူးဗျာ။ အသက်အန္တရာယ်လဲ စိုးရိမ်ရတယ်။ ပြီးတော့ အိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာတွေလဲ စိုးရိမ်ရတဲ့အနေအထားပေါ့ဗျာ။ ဘဏ်မှာအပ်မယ်ဆိုရင်လည်း ဘဏ်ကမလုံခြုံဘူး။ အိမ်မှာ ထားမယ်ဆိုရင်လည်း လုံးဝမလုံခြုံဘူး။ ရှိတဲ့ပစ္စည်းဥစ္စာ ရှိတဲ့ဟာလေးတွေကို ပြည်သူတွေက စိုးရိမ်တထိတ်ထိတ် ဖြစ်ရတာပေါ့ဗျာ။ ချွေးနှဲစာလေးတွေ ကိုင်ထားတဲ့ ပစ္စည်းဥစ္စာလေးတွေတောင်မှ အိမ်မှာမထားရဲတဲ့ အနေအထားပေါ့ဗျာ။ အဲဒီလိုမျိုးအခြေအနေတွေ ဖြစ်လာတယ်ပေါ့။

မေး။ ။ ထားဝယ်ခရိုင်အတွင်းက အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်အနေနဲ့ ဘာကြောင့် အခုလို ဖိနှိပ်လာတယ်လို့ မြင်ပါလဲ။ ဒီလုပ်ရပ်အပေါ် ဘယ်လိုမှတ်ချက်ပြုလိုလဲ။

ဖြေ။ ။ သိတဲ့အတိုင်းပဲလေဗျာ။ စစ်တပ်ကလည်းပဲ နိုင်ငံရေးအရစစ်ရေးအရ ဖိအားကောင်းကောင်း ဖြစ်လာတဲ့ အခါမှာ တိုင်းပြည်စီးပွားရေးကလည်း ဇောက်ထိုးမိုးမျော်ဖြစ်နေပြီ။ အဲဒီတော့လစာလည်းကောင်းကောင်း ပေးနိုင်တဲ့အနေအထားမျိုး ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့သိတာက အဲဒီလိုမျိုး အခြေအနေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့ဗျာ၊ ဟိုးအောက်ခြေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဒီလိုပဲ၊ ဓါးပြတိုက်စားကြမှာပေါ့။ ဟိုအရင်က အတိုင်းပဲ။ သူတို့ယာဉ်ထိန်းရဲတွေကိုဆိုရင် သူတို့ပြောနေကျ လစာ ကောင်းကောင်းမပေးနိုင်တော့ သူတို့ဖမ်းစားတယ်ပေါ့။ အဲဒီလိုမျိုးတွေရှိတာ၊ ဟိုးအရင်ကတည်းက အခုဆို ပိုဆိုးတာပေါ့ဗျာ။ အခုက သူတို့မှာ လွတ်လပ်စွာ လူသတ်ပိုင်ခွင့် ပေးထားသလို ဖြစ်နေတယ်။ လွတ်လပ်စွာ ခိုးယူပိုင်ခွင့် ပေးထားသလို ဖြစ်နေတာပေါ့ဗျာ။ သူတို့ကာချုပ်ကြီးက၊ အဲဒီလိုအခြေအနေမှာ ရှိတယ်ဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ ပိုပြီးတော့စိတ်ပူနေရတာက ဒီဘက်က တော်လှန်ရေးအင်အားစုတွေ လက်လှမ်းမမီတဲ့ ရွာတွေမှာဆိုရင် အတော်လေးစိတ်ပူရတယ် ။ နောက်ပြီး သူတို့ကို ထောက်ခံခြင်း၊ မထောက်ခံခြင်းနဲ့ မဆိုင်တော့ဘူးဗျ။ သူတို့လိုချင်တဲ့ပစ္စည်းဥစ္စာဆိုရင် သူတို့ကိုထောက်ခံတဲ့ရွာလည်း ဝင်သိမ်းတာပဲ။

မေး။ ။ အခုနောက်ပိုင်း ထားဝယ်ဒေသထဲမှာ စစ်ကောင်စီတပ်အနေနဲ့ ဘယ်လိုစစ်ရာဇဝတ်မှုတွေကို အများဆုံး ကျူးလွန်လာတာ တွေ့ရပါလဲ။

ဖြေ။ ။ နည်းစုံပေါ့ဗျာ၊ နည်းစုံကျုးလွန်နေကြတာပဲ။ လူ့အခွင့်ရေးချိူးဖောက်တာတွေ၊ စစ်ရာဇဝတ်မှု ကျုးလွန်နေတာအမျိူးစုံပဲ ။ တကယ်တော့ တဖက်နဲ့တဖက် စစ်တိုက်တယ်ဆိုတာ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လို့ မရဘူးလေ။ အခုဟာက ရွာထဲကိုလည်း ပစ်ချတာပဲ။ စစ်သားတွေက အဲဒီလိုပေါ့ဗျာ။ တစ်ခုခုဖြစ်တယ်ဆိုရင် ဥပမာ- သူတို့စခန်းအနီးတဝိုက် တိုက်ခိုက်တဲ့အခါမျိုးဆိုရင် သူတို့က အနီးပတ်ဝန်းကျင်ကို ပစ်တာပဲ။ အကုန်ရမ်းသမ်းကို ပစ်တာပဲ။ အဲဒီတော့ နည်းပေါင်းစုံနဲ့ ချိုးဖောက်တာပေါ့ဗျာ။ ဘာတခုမှ စည်းမျဉ်းစည်းကမ်း မရှိဘူး။ ကျွန်တော်တို့ မြင်ရသလောက်ကတော့ အောက်ခြေမှာပိုဆိုးတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here