“ဒီရောဂါကြတော့ အဲ့လောက်ထိ ကိုဗစ်လိုမျိုး ဖြစ်မှာမဟုတ်ဘူး။ သူကတော့ ကွက်ကျားကွက်ကျားပဲ ဖြစ်မှာ။ တကယ်လို့ ဒီဖြစ်တဲ့နေရာကနေ ထိန်းနိုင်လို့ရှိရင် တော်ရုံကူးစက်မှာ မဟုတ်ဘူး……..ဒီတစ်ရပ်ကွက်ကို ထိန်းနိုင်မယ်ဆိုလို့ရှိရင် သူက အဆင်ပြေလောက်ပါတယ်။ အဓိက က လူတွေကြပ်တည်းနေလို့သာ ပြန်ပေါ်လာတာ” ဒေါက်တာဂရေစ့်

0
167
ပုံစာ - ဝမ်းရောဂါဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းစဉ်တခုမြင်ကွင်း။ (Photo – Social Media)

လက်ရှိဖြစ်ပွားနေသော လူသေဆုံးမှုအထိရှိခဲ့သည့် ဝမ်းရောဂါနှင့်ပတ်သက်ပြီး တော်လှန်ရေးနယ်မြေရောက် ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာဂရေစ့်နှင့် ဆက်သွယ်မေးမြန်းချက်။

ယခုဇူလိုင်လဆန်းပိုင်းကစပြီး ရန်ကုန်တိုင်းအတွင်း လူသေဆုံးမှုအထိရှိခဲ့သည့် ဝမ်းရောဂါ စတင်ဖြစ်ပွား လာခဲ့သည်။ ဇူလိုင်လ ၇ ရက်နေ့ တစ်ရက်တည်းမှာတင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက် ကုသရသော လူနာ ၄၄ ဦးအထိ ရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဇူလိုင်လ ၆ ရက်နေ့ကလည်း ဆေးရုံတက်ကုသရသူ ၆၃ ဦးနှင့် ဇူလိုင်လ ၈ ရက် တွင်လည်း ဆေးရုံတက်ကုသရသူ လူနာသစ် ၆၀ ဦး အထိ ရှိလာလို့ ၃ ရက်အတွင်း ဆေးရုံတက်ကုသရသူ ၁၆၇ ဦး အထိ ရှိလာခဲ့သည်။

ဝမ်းရောဂါကြောင့် တပတ်အတွင်း သေဆုံးသူ ၅ ဦးအထိ ရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသော ပရဟိတအဖွဲ့များနှင့် ရန်ကုန်မြို့ခံများက ပြောဆိုပေမယ့် စစ်ကောင်စီက ဝမ်းရောဂါကြောင့် သေဆုံးသူ မရှိကြောင်း စစ်ကောင်စီလက်အောက် သတင်းမီဒီယာများကတဆင့် ပြောဆိုထားသည်။

ယင်းအပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းပျက်ဝမ်းလျှောလူနာများကို စနစ်တကျ ဆေးကုပေး နေပြီး ရောဂါထိန်းချုပ်ရန် အတွက်လည်း ကြိုးစားနေသည်ဟု ထုတ်ပြန်ထားသည်။ ကူးစက်မြန် ကာလဝမ်းရောဂါ ဖြစ်လာမည်ဆိုသည့် စိုးရိမ်စိတ်ဖြင့် ရန်ကုန်မြို့ခံတချို့က ဆေးဆိုင်များတွင် ဓာတ်ဆားထုတ်များ အဝယ်များ နေတာကြောင့် တချို့ဆေးဆိုင်များ၌ ဓာတ်ဆားထုတ် ဝယ်မရတော့ကြောင်းလည်း သိရသည်။

လတ်တလောဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါက ဖြစ်ပွားရာနေရာဒေသကနေ တခြားဒေသများကို ကူးစက်ပြန့်ပွား နိုင်ပါလား။ တော်လှန်ရေးနယ်မြေစသည့် တိုက်ပွဲပဋိပက္ခများကြောင့် လူအစုအဝေးလိုက် စစ်ဘေးရှောင်နေထိုင်ကြရာ နေရာများမှာ မကူးစက် မဖြစ်ပွားအောင် ဘယ်လိုကာကွယ် ပြုမူနေထိုင်ဖို့လိုပါလဲ။ တော်လှန်ရေးနယ်မြေရောက် ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာဂရေစ့်အား လက်ရှိဖြစ်ပွားနေသည့် ဝမ်းရောဂါနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဒီဝမ်းရောဂါဟာ ဘာကြောင့်ဖြစ်လာရတာပါလဲ။

ဖြေ။ ။ ကျွန်တော့်အမြင်ပြောရမယ်ဆို လူတွေရဲ့ စီးပွားရေးကျပ်တည်းလာတာလည်းပါတယ်။ နောက်တခုက နိုင်ငံရေး အခြေအနေမကောင်းတာနဲ့ စစ်ရေးရောပေါ့နော်။ ဒါတွေကြောင့် ကျန်းမာရေးဌာနဘက်ခြမ်းက သူတို့ အနေနဲ့ လုပ်ပေးရမယ့်အရာတွေ မလုပ်ပေးနိုင်တော့လို့ အားနည်းလာတာလည်း ပါတယ်။ နောက်တချက်က ဒီရာသီဥတုနဲ့ ရေကြီးနေတာနဲ့ တကိုယ်ရေသန့်ရှင်းရေးပေါ့ ပြောရမယ်ဆို သန့် ၄ သန့်က ကျွန်တော်တို့ မလိုက်နိုင် တော့ဘူး။ သူတို့ကြပ်မတ်ပေးရမယ့်အရာတွေက ဝေးလာတော့လေ အဲ့ဒါတွေကြောင့် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

မေး။ ။ ဒီဝမ်းရောဂါ ကူးစက်ပြန့်ပွားတတ်ပုံနဲ့ လက္ခဏာတွေက ဘာတွေဖြစ်ပါလဲ။

ဖြေ။ ။ အဓိက က လက်မသန့်လို့ ကူးတတ်တယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေကနေပြီးတော့ ရောဂါရှိတဲ့သူနဲ့ အတူနေမိတာတို့ အဲ့ကနေတဆင့် ကူးနိုင်တာပေါ့နော်။ ကာလဝမ်းရောဂါကတော့ ဝမ်းသွားမယ်။ ဆန်ဆေးရေလို ဝမ်းသွားလိမ့်မယ်။ ငါးညှီအနံ့လိုမျိုး ရမယ်။ သူက ဝမ်းသွားတာကြတော့ ပုံမှန်ဝမ်းသွားတာမျိုး မဟုတ်ဘဲနဲ့ pressure ကျတာ မြန်တယ်။ pressure ကျတဲ့အချိန်မှာ အရည်လိုက်မဖြည့်ပေးနိုင်ဘူး ဆိုရင်တော့ အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တယ်။

မေး။ ။ တကယ်လို့ ဒီရောဂါခံစားနေရပြီးဆိုရင် ဘာတွေလုပ်သင့်ပါလဲ။

ဖြေ။ ။ ကိုယ်က ဝမ်းသွားနေပြီ၊ သံသယဝင်နေပြီ၊ လက္ခဏာက ဝမ်းရောဂါပြောပြီဟေ့ဆိုရင် အရင်ဆုံး ဓာတ်ဆားရေ သောက်ပါ။ အရည်ဓာတ် ပြန်ဖြည့်ပေးရတာပေါ့။ လက်လှမ်းမှီသလောက် ဓာတ်ဆားရေ သောက်မယ်။ အဆင်မပြေဘူးဆိုရင် အနီးစပ်ဆုံး အကောင်းဆုံးကတော့ ကျန်းမာရေးဌာနထံ သွားပြသင့်တယ်။

မေး။ ။ ဘယ်အသက်အရွယ်တွေမှာ ရောဂါပိုပြင်းထန်နိုင်ပါလဲ။

ဖြေ။ ။ အဓိက လူငယ်တွေ ကိုယ်ခံအားကျတဲ့သူတွေ အသက်ကြီးပိုင်းတွေ ကိုယ်ခံအားကျတဲ့သူတွေက ရောဂါပိုပြီးတော့ ပြင်းထန်နိုင်တယ်။

မေး။ ။ ဝမ်းရောဂါ မဖြစ်အောင်၊ မကူးစက်အောင် ဘယ်လိုမျိုးသတိပြု ကာကွယ်နေထိုင်သင့်ပါလဲ။

ဖြေ။ ။ အတိုကောက်ပြောရရင် အဓိက က သန့် ၄ သန့်ပေါ့။ တကိုယ်ရေ သန့်ရှင်းရေးရှိဖို့လိုမယ်။ နောက်ပြီး တော့ အစားအသောက်တွေ သန့်ရှင်းဖို့လိုတယ်။ လက်တွေ သန့်ရှင်းဖို့လိုမယ်။ ပတ်ဝန်းကျင် အနေအထိုင်တွေ သန့်ရှင်းနေဖို့ လိုမယ်။ အဓိက ကတော့ ဒါတွေပါပဲ။ ဒီကနေပဲ ကူးစက်တတ်တာဆိုတော့ ဒါတွေကို သေချာဂရုစိုက် ပေးမယ်ဆိုရင် ကြိုတင်ကာကွယ်လို့ ရနိုင်တာပေါ့။

မေး။ ။ ဝမ်းရောဂါဖြစ်ပြီးဆိုရင် ဘယ်လောက်ကြာနိုင်လဲ။ ရောဂါကူးစက်ခံရပြီးဆိုရင်လည်း ဘယ်လိုမျိုး နေထိုင်သင့်ပါလဲ။

ဖြေ။ ။ ကိုယ်က ရောဂါဖြစ်ပြီလို့ သိပြီဆိုရင် နီးစပ်ရာကျန်းမာရေးဌာနကိုသွား ဒါက အကောင်းဆုံးနည်းလမ်းပဲ။ တကယ်လို့ လက်လှမ်းမမှီဘူးဆိုရင် ဓာတ်ဆားရေသောက် အရည်ဓာတ်ဖြည့် အဓိကက ဒါပဲပေါ့။ ဒီကောင်က ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘူး ဘက်တီးရီးယားကြောင့်ဆိုရင် နည်းနည်းကြာနိုင်တယ်။ ၄ ရက် ၅ ရက်လောက် ကြာနိုင်တယ်။

မေး။ ။ အခုဆိုရင် ဝမ်းရောဂါက ရန်ကုန်မှာ ဖြစ်ပွားနေတာပေါ့လေ၊ ဆိုတော့ အခြားဒေသကိုရော ကူးစက် ပြန့်နှံ ရောက်လာနိုင်ချေ ရှိပါလား။

ဖြေ။ ။ ဒီရောဂါကြတော့ အဲ့လောက်ထိ ကိုဗစ်လိုမျိုး ဖြစ်မှာမဟုတ်ဘူး။ သူကတော့ ကွက်ကျားကွက်ကျားပဲ ဖြစ်မှာ။ တကယ်လို့ ဒီဖြစ်တဲ့နေရာကနေ ထိန်းနိုင်လို့ရှိရင် တော်ရုံကူးစက်မှာ မဟုတ်ဘူး။ ဟို ကိုဗစ်တုန်းကလိုမျိုး တစ်ကမ္ဘာလုံးလောက်ထိလည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးလောက်ထိလည်း မဟုတ်ဘူး။ ဒီတစ်ရွာထဲမှာမှ တစ်ရပ်ကွက်ပေါ့။ ဒီတစ်ရပ်ကွက်ကို ထိန်းနိုင်မယ် ဆိုလို့ရှိရင် သူက အဆင်ပြေလောက်ပါတယ်။ အဓိက က လူတွေကြပ်တည်းနေလို့သာ ပြန်ပေါ်လာတာ။ သူကလည်း မကြာမကြာ ပြန်ပေါ်တတ်တယ်။ မှတ်မိသလောက် တော့ မပေါ်တာ တော်တော်ကြာပြီ။ ဒီ ၂၀၁၀ နောက်ပိုင်းကတည်းက ဝမ်းရောဂါ ပြန်ဖြစ်တယ်ဆိုတာ မကြားရ သလောက်ပါပဲ။

မေး။ ။ ဒေါက်တာအနေနဲ့ ဝမ်းရောဂါနဲ့ပတ်သက်ပြီး ဘာများထပ်ဖြည့် ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ဝမ်းရောဂါ ကြောက်တယ်ဆိုရင် သန့် ၄ သန့်ကို သေချာထိန်းသိမ်းပါ။ အဲ့ဒါ လိုက်လုပ်နိုင်တယ်ဆိုရင် ကြောက်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တော်လှန်ရေးနယ်မြေမှာကြတော့ မလွယ်ဘူးဆိုတာ ပြောချင်တယ်။ အတတ်နိုင်ဆုံး ကိုယ့်စခန်းမှာ သန့်သန့်ရှင်းရှင်းလေ ချက်ပြုတ်မယ်။ စစ်ဘေးရှောင်လိုမျိုးပဲ ကျွန်တော်တို့ ထိန်းသိမ်းရတာ နည်းနည်းခက်လိမ့်မယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here