“ဒီတွေ့ဆုံမှု ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က သူတို့ဘာတွေကို လုပ်ဆောင်မလဲ။ သူတို့ဘယ်လိုပြောပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မူတည်ပြီးတော့မှ ကျနော်တို့က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မလို့ အပြုသဘော ဆောင်တယ်၊ မဆောင်ဘူးဆိုတဲ့ ကိစ္စကို အခု ပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြောချင်ပါတယ်” ဦးခိုင်သုခ (ရက္ခိုင့်တပ်တော်-AA ပြောခွင့်ရသူ)

0
439

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခနှင့် အမေးအဖြေ

ဇွန်လ ၁ ရက်နေ့က တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှု အရ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ ကိုယ်စားလှယ်တွေနဲ့ စတင် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဘာတွေကို အဓိကထား ဆွေးနွေးခဲ့ကြသလဲ။ ဒီဆွေးနွေးပွဲက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို တကယ်ကော အပြုသဘောဆောင်ခဲ့ပါသလား။ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး – ဇွန်လ ၁ ရက်နေ့ကနေ့ ၃ ရက်နေ့အထိ မိုင်းလားမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးနေတာ ရှိတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံညှိနှိုင်းမှု အခြေအနေက ဘယ်လိုရှိပါလဲ.ဆရာ။

ဖြေ- ဟုတ်ကဲ့ပါ ။ မနေ့ကတော့ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံတာတော့ ရှိတယ်ဗျ။ ဒီတွေ့ဆုံပွဲမှာ ကျနော်တို့ ဘက်က ပြောခဲ့တာကတော့ နံပတ် (၁) အေအေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေး ကိစ္စ၊ နံပတ် (၂) ကတော့ မတရားအသင်းကနေ ပယ်ဖျက်ပေးရေး ကိစ္စ၊ နံပတ် (၃) ကတော့ လက်ရှိ ရခိုင်ပြည်အတွင်းမှာ မိုခါမုန်တိုင်းသင့်ပြည်သူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အချိန်မီ ချောမွေ့စွာ ရောက်ရှိရေးကိစ္စ ဒီ (၃) ချက်ကို ကျနော်တို့ အဓိက ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

မေး- ဟုတ်ကဲ့ပါ။ ဒါက ဆရာတို့ဘက်က ဆွေးနွေးခဲ့တာတွေပေါ့နော်။ စစ်ကောင်စီဘက်ကရော ဘယ်လိုပြောဆို ညှိနှိုင်းမှုတွေရှိခဲ့ပါလဲ။

ဖြေ- မနေ့က တွေ့ဆုံးပွဲမှာ သူတို့ဘက်ကပြောတာကတော့ ပါတီစုံဒီမိုကရေစီနိုင်ငံ ဖွဲ့စည်းခိုင်မာရေး ကိစ္စ၊ နောက်ပြီးရင် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ကိစ္စ၊ နောက်ပြီးလို့ရှိရင် ယုံကြည်မှု တည်ဆောက်ရေးကိစ္စပေါ့ဗျာ။ အဲ့ဒါတွေကို အဓိကထားပြီးတော့မှ သူတို့ဘက်က အကျယ်တဝင့်ရှင်းပြသွားတာတော့ ရှိတယ်။

မေး- ဒီတွေ့ဆုံဆွေးနွေးမှုကနေ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေကို မျှော်လင့်လို့ရနိုင်ပါလဲ။

ဖြေ- အခုတွေ့ဆုံပွဲကတော့ အဓိကက တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ကနေ ကမကထ လုပ်ပြီးတော့ ဖြစ်လာတဲ့တွေ့ဆုံပွဲပေါ့နော်။ ဒါကြောင့်မလို့ ဒီတွေ့ဆုံပွဲမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့က ဘာပြောလဲဆိုတာကို ကျနော်တို့ဘက်က နားထောင်တယ်။ ကျနော်တို့ဘက်က ပြောတာကိုလည်း သူတို့ဘက်က နားထောင်တာပေါ့။ ဒီအခြေအနေပါပဲ။ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။

မေး- စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလို့ BBC မှာပြောထားတာတွေ့ရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုပြောချင်ပါလဲ။

ဖြေ- ဒီ အပြုသဘောဆောင်တယ်။ မဆောင်ဘူးဆိုတာကတော့ လက်ရှိအချိန်အထိ ပြောဖို့ကတော့ စောသေးတာပေါ့နော်။ အပြုသဘော ဆောင်ခြင်း၊ မဆောင်ခြင်းကတော့ ဒီတွေ့ဆုံမှု ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က သူတို့ဘာတွေကို လုပ်ဆောင်မလဲ။ သူတို့ဘယ်လိုပြောပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မူတည်ပြီးတော့မှ ကျနော်တို့က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မလို့ အပြုသဘော ဆောင်တယ်၊ မဆောင်ဘူးဆိုတဲ့ ကိစ္စကို အခု ပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြောချင်ပါတယ်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here