“တိုက်ပွဲတွေဖြစ်နေတာတော့မရှိတော့ဘူး။ ဒါပေမယ့် စစ်ကြောင်းတွေက အခုချိန်ထိ ရှိနေသေးတယ်။ ရွာတွေမှာ ခုထိ တပ်စွဲထားတာရှိနေတယ်။ ဘုရားငါးဆူရှိတယ်၊ ခလယ်ရှိတယ်၊ တံခွန်တိုင်ရှိတယ် အဲမှာတောင်လျှောက် တပ်စွဲထားတယ်” ခလယ်ကျေးရွာခံအမျိုးသားတစ်ဦး

0
358
ပုံစာ - ခလယ်-တံခွန်တိုင်ဒေသက တိမ်းရှောင်ထွက်ပြေးနေရသည့် ဒေသခံစစ်ရှောင်တချို့။

ခလယ်-တံခွန်တိုင်ဒေသက စစ်ရေးအခြေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ခလယ်ကျေးရွာခံ အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ တို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ် နေတာကြောင့် ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုထဲက ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ပုလိန်၊ နောင်ဒေ့ အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီစစ်ကြောင်းတွေက အခုချိန်ထိ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုထဲမှာ တပ်စွဲထားဆဲဖြစ်တဲ့အပြင် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုသည်။ လက်ရှိ ခလယ်-တံခွန်တိုင်ဒေသက စစ်ရေးအခြေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခလယ်ကျေးရွာခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ခလယ်-တံခွန်တိုင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ ။ ။ မြို့ဟောင်းဘက်ကို စစ်ကြောင်းတွေ ဝင်ရောက်လာပြီးတော့ ၁၄ ရက်နေ့ (စက်တင်ဘာ ၁၄ ရက်) မနက်ပိုင်းကနေ စပြီးတော့ ကရင်အဖွဲ့နဲ့ ထိတွေ့မှု ဖြစ်ကြတယ်။ အဲမှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေလည်း ရှိတယ်။ အမြှောက်တပ် (အဘစ် အမြှောက်တပ်-၃၁ ) ကနေ လှမ်းပစ်တာတွေလည်း ရှိတယ်။ အိမ်တွေ ထိသွားတာလည်း ရှိတယ်။ ရွာမှာရှိနေတဲ့လူတွေကတော့ ထွက်ပြေးကြရတာပေါ့။

တချို့က စစ်ကြောင်းဝင်လာကတည်းက ထွက်ပြေးနေကြတယ်။ တိုက်ပွဲဖြစ်တော့ ထပ်ပြေးကြတော့ လူကများလာတယ်။ လေယာဉ်နဲ့လည်း ပစ်နေတော့ ရွာမှာဘယ်သူမှ မနေရဲကြတော့ဘူးလေ။ ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ပုလိန်၊ နောင်ဒေ့ အဲတလျှောက် အကုန်ပြေးရတယ်။ အများစုကတော့ အနီးနားရွာမှာရှိ ဘုန်းကြီးကျောင်းလို နေရာမျိုးမှာ နေနေကြတယ်။ တချို့ကလည်း နီးစပ်ရာဆွေမျိုး အသိမိတ်ဆွေအိမ်မှာ နေနေကြတာလည်းရှိတယ်။

မေး ။ ။ လက်ရှိမှာရော ခလယ်-တံခွန်တိုင်ဘက်မှာ အခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ။ အခုက တိုက်ပွဲတွေဖြစ်နေတာတော့ မရှိတော့ဘူး။ ဒါပေမယ့် စစ်ကြောင်းတွေက အခုချိန်ထိ ရှိနေသေးတယ်။ ရွာတွေမှာ ခုထိ တပ်စွဲထားတာ ရှိနေတယ်။ ဘုရားငါးဆူရှိတယ်၊ ခလယ်ရှိတယ်၊ တံခွန်တိုင်ရှိတယ်၊ အဲမှာတောင်လျှောက် တပ်စွဲထားတယ်။ နေရာအနှံပဲ လှာကဒါ အစကနေ တံခွန်တိုင်အဆုံးထိ သူတို့ တပ်စွဲထားတယ်။ အဲလို စစ်ကြောင်းတွေက ရှိနေတော့ တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။ အခြေအနေက အဲလိုရှိနေပါတယ်။

မေး ။ ။ အခု တိုက်ပွဲလည်းမရှိတော့ဘူးဆိုတော့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့သူတွေ ပြန်လာကြပြီးလား၊ အခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ ။ ။ အခုချိန်ထိ ကျနော်တို့ရွာကလူတွေကတော့ မပြန်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ စစ်ကြောင်းတွေက ရွာထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ ညပိုင်းဆိုရင်လည်း အမြှောက်တွေနဲ ပစ်နေတာ ညတိုင်းပဲဆိုတော့ မပြန်ရဲသေးဘူး။ ပြန်တဲ့သူ တချို့ကတော့ ရှိနေတယ်။ ဒါပေမယ့် သူတို့လည်း စိုးရိမ်နေကြတယ်။ အခြေအနေက အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ စစ်ကြောင်းတွေ ရှိနေတော့ ပေါ်တာစွဲတာတို့ ဘာတို့လည်း ဖြစ်လာနိုင်လို့ ကြောက်နေရတယ်။ တိုက်ပွဲ မဖြစ်ပေမယ့်လည်း ရွာမှာ စစ်ကြောင်းက နေရာယူထားဆဲဆိုတော့ အများစုက မပြန်ရဲသေးဘူး။ ပြန်တဲ့သူက သုံးပုံတစ်ပုံလောက်ပဲ ရှိမယ်ထင်တယ်။

မေး ။ ။ ထွက်ပြေးတိမ်းရှောင်နေရသူတွေ အခုဆိုရင် ရက်တွေလည်းကြာလာပြီဆိုတော့ ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့နေကြရပါလဲ။

ဖြေ ။ ။ အခက်အခဲကတော့ မျိုးစုံ ကြုံနေရတာပေါ့။ အဓိကကတော့ အစားသောက်ပေါ့လေ၊ လူကလည်း များတယ်ဆိုတော့ အခုဆိုရင် ရက်ကလည်း ကြာလာတော့ ပိုပြီးခက်ခဲလာတယ်။ စားဖို့သောက်ဖို့က သူများ လာပေးတာနဲ့ ရှိသလောက် စားနေရတာပေါ့။ ဘုန်းကြီးကျောင်းမှာဆိုတော့ ဆရာတော်တွေကလည်းကောင်း လိုလေသေးမရှိ ဆောင်ရွက်ပေးနေတာ။

မေး ။ ။ တိမ်းရှောင်နေရတဲ့လူတွေ ဘယ်တော့လောက် ပြန်နိုင်မယ်လို့ ခန့်မှန်းထားပါလဲ။

ဖြေ ။ ။ ရွာမှာ စစ်ကြောင်းတွေ ရှိနေသေးတယ်ဆိုတော့ မပြန်ရဲသေးတာ။ သူတို့ကလည်း ဘယ်အချိန် ထွက်သွားမလဲဆိုတာ ကိုယ်ကခန့်မှန်းလို့ မရဘူးလေ။ ပြန်ဖို့ကလည်း ညတိုင်း အလုံးကြီး (လက်နက်ကြီး) တွေနဲ့ ပစ်နေတယ်ဆိုတော့ ဟိုကောင်တွေက ဘယ်လိုဝင်ပစ်မလဲ၊ ရွာရောက်ရင် ဘယ်လိုနေရမလဲ အဲဒါကို ကိုယ်က တွေးပြီးတော့ ပြန်လို့မဖြစ်ဘူး။ ဘုးရားငါးဆူကနေ (လက်နက်ကြီးတွေနဲ့) လှမ်းလှမ်းပစ်နေတယ်။ တစ်လုံး တစ်လုံး ကျတာ အိမ်ပါခါတယ်ဆိုတော့ အနီးနားမှာနေလို့ ဘယ်ရဲမှာလဲ အဲဒါကြောင့်မို့ မပြန်ရဲသေးတာ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here