“တချို့ဆိုရင် မြို့ထဲမှာ စျေးရောင်းတဲ့သူတွေတောင် ပြန်ရောင်းနေကြပြီ။ လွတ်လွတ်လပ်လပ် သွားလာနေကြပြီ။ မြို့ကတော့ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိန်းသိမ်းထားဆဲ ဖြစ်တယ်။ မြို့ဘေးပတ်ပတ်လည် ကိုတော့ လုံခြုံရေးအပြည့်ချပြီး ကာထားတယ်” ကောလင်းမြို့ မြေပြင်အချက်အလက်‌ကောက်ယူနေသူ ဒေသခံတစ်ဦး

0
377
ပုံစာ - မြို့သိမ်းတိုက်ပွဲအပြီး ကောလင်းမြို့တွင်းတစ်နေရာ။

ကောလင်းမြို့တွင်း လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ကောလင်းမြို့မြေပြင်အချက်အလက်‌ ကောက်ယူနေသူ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာတော့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) ကိုလည်း NUG က လက်ခံသိမ်းဆည်းရရှိထားကြောင်း ကြေညာချက်ထုတ်ထားပါတယ်။

ဒ့ါအပြင် ကောလင်းမြို့တွင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို စီမံဆောင်ရွက်နေပြီဖြစ်တာကြောင့် ကောလင်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံအရပ်သားတွေအနေနဲ့ မြို့တွင်း ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဆိုပြီး ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ ၁၄ ရက် နေ့စွဲနဲ့ကြေညာခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကောလင်းမြို့ ဒေသတွင်းအခြေအနေတွေကို အချက်အလက်‌ကောက်ယူ စုစည်းနေသူ ဒေသခံတစ်ဦးကို မြို့တွင်းလက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

မေး။ ။ ကောလင်းမှာ အခုမြို့တွင်းကို ပြန်ဝင်နေခိုင်းနေပြီဆိုတော့ တိုက်ပွဲအပြီး လုံခြုံရေးအခြေအနေက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ နယ်မြေရှင်းလင်းပြီးတော့ တချို့က ပြန်နေချင်ကြတယ်ဆိုတော့ နေချင်နေလို့ရပြီဆိုပြီး နေခွင့်ပြုကြောင်း စာထုတ်ထားတယ်။ တချို့ကျတော့လည်း ပြန်နေချင်ကြတာပေါ့။ အပြင်မှာနေရင် စားဝတ်နေရေး နေထိုင်ရေးအဆင်မပြေတော့ ကိုယ့်အိမ်ကိုယ့်ရွာ ပြန်နေချင်ကြတယ်။ တချို့ကြတော့လည်း မြို့ကိုသိမ်းနိုင်ပြီ ဆိုပေမယ့် ဟိုကောင်(စကစ)က လေယာဉ်နဲ့လာတိုက်မှာ ကြောက်ကြတော့ မပြန်ချင်ကြသေးတဲ့ သူတွေလည်း ရှိနေတယ်။

ပြည်သူက ကြားညပ်တဲ့အနေအထားမျိုး ဖြစ်နေတယ်။ တချို့ဆိုရင် မြို့ထဲမှာ စျေးရောင်းတဲ့သူတွေတောင် ပြန်ရောင်းနေကြပြီ။ လွတ်လွတ်လပ်လပ် သွားလာနေကြပြီ။ မြို့ကတော့ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် တွေဘက်က ထိန်းသိမ်းထားဆဲ ဖြစ်တယ်။ မြို့ဘေးပတ်ပတ်လည်ကိုတော့ လုံခြုံရေးအပြည့်ချပြီး ကာထားတယ်။ သူတို့ (စကစ) ထိုးစစ်ဆင်လာရင် ပြန်တိုက်ကြတာပေါ့။

မေး။ ။ မြို့သိမ်းပြီးနောက်ပိုင်း ဒေသခံတွေ ဖမ်းဆီးခံရတာလည်းရှိတယ်လို့ ကြားတယ်။ အဲ့ဒါရော ဟုတ်ပါသလား။

ဖြေ။ ။ အဲ့ဒါက ၁၁ ရက်နေ့ကတော့ သူတို့ (စကစ) ပြန်ဝင်ပြီး စစ်ကြောင်းထိုးသွားတယ်။ အဲ့ဒီမှာ ပြည်သူ ၁၃ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်။ ဖမ်းခံလိုက်ရတဲ့ရွာက ကျွန်းလှခုံဆိုတဲ့ရွာက ရွာသားတွေပေါ့။ အဲ့ဒီရွာက ကောလင်းမြို့စွန်ဘက်မှာရှိတယ်။ အဲ့ဒီဖမ်းခံရတဲ့ ပြည်သူထဲမှာ မီးရထား CDM တစ်ယောက်လည်း ပါသွားတယ်။

အဲ့ဒီထဲကတစ်ယောက်ကတော့ ၁၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက် လာတယ်။ ၁၂ ဦး ကျန်ခဲ့တယ်။ ပြန်လွတ်လာတဲ့သူပြောပုံအရ ကျန်ခဲ့တဲ့သူတွေကို သူတို့ မိုးကောင်းတောင်မှာ ပုံးကျင်း (ဗုံးခိုကျင်း) တွေ တူးခိုင်းတယ်လို့ ကြားတယ်။ အစာရေစာဝဝလင်လင် မကျွေးဘဲနဲ့ တူးခိုင်းတယ်တဲ့။ အဲ့ဒါ သုံးယောက်တစ်တွဲ ထားတယ်။ လစ်တဲ့အချိန်မှာ တစ်ယောက်က အမိအရ ထွက်ပြေးလာလို့ လွတ်လာတယ်ပေ့ါနော်။

မေး။ ။ ကောလင်းမြို့သိမ်းခံလိုက်ရပြီး စစ်ကောင်စီဘက်က အထိနာထားတော့ လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ သူတို့ကတော့ (စစ်ကြောင်း)ကတော့ ပြန်ထိုးချင်တာပေါ့လေ။ သူတို့ (စကစ) ထိုးစစ်ဆင်လာတယ် ဆိုရင်တောင် ဘေးပတ်လည်ကို ကာထားတော့ ဝန်းရံထားတော့ ကာကွယ်‌ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ကြတာပေါ့။ မနေ့ကဆိုလည်း မိုးကောင်းတောင်ဘက်မှာ ကာကွယ်ရေးတပ်တွေက သွားဝိုင်းတိုက်တော့ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီတိုက်ပွဲမှာလည်း PDF တွေဘက်က တစ်ယောက်ကျပြီး သူတို့ (စကစ) ဘက်က ၇ ယောက်၊ ၈ ယောက် ကျတယ်ပေါ့။ အဲ့လိုတိုက်ခံရတော့ သူတို့မိုးကောင်းတောင်ကနေ ရွေ့သွားပြီး ဝန်းသိုတပ်ထဲကို ပြန်ဝင်သွားကြတယ်ကြားတယ်။

မေး။ ။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု ရှိနေပါသေးလား။ နှစ်ဖက် စစ်ရေးအနေအထားတွေက ဘယ်လို ရှိနေပါလဲ။

ဖြေ။ ။ တိုက်ပွဲတွေကတော့ ဖြစ်နေမှာပဲ၊ ဘာလို့လည်းဆို သူတို့က ကောလင်းကို ပြန်ရချင်နေတာကိုး။ ပြန်ရချင်တော့ ဟိုဘက်ကလှည့်လိုက် ဒီဘက်ကလှည့်လိုက်နဲ့ လာနေတာ။ ဝန်းသိုနဲ့ ကန့်ဘလူကနေ သူတို့က ညှပ်ပြီးပြန်သိမ်းချင်နေတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲ့တော့ တစ်ဖက်နဲ့တစ်ဖက် အငိုက်မရှိအောင် စောင့်ကြည့်နေကြတာပေါ့။

မေး။ ။ ပြည်သူတွေအနေနဲ့ အခုအချိန် ကောလင်းမြို့တွင်း ပြန်နေမယ်ဆို လုံခြုံစိတ်ချရမှုရှိနိုင်ပါ့မလား။

ဖြေ။ ။ လုံခြုံလားဆိုတော့ တချို့လည်း ပြန်နေ, နေပြီ။ တချို့လည်း အခြေအနေကြည့်တုန်းပေါ့။ လုံခြုံမှုကတော့ အခြေအနေ ကြည့်နေရမယ်ထင်တယ်။ ဟိုဘက် (စကစ) ကလည်း ပြန်ရဖို့ ကြိုးစားနေတာရှိတယ်ဆိုတော့လေ။ လော‌လောဆယ်တော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းထားနိုင်ဆဲဖြစ်တယ်။ မြို့တွင်းအုပ်ချုပ်ရေး လုပ်ငန်းတွေ စနေပြီ။ မြို့ပတ်ပတ်လည်မှာလည်း လုံခြုံရေးတွေ ချထားတယ်။ အရမ်းကြီး စိတ်ချလက်ချမဟုတ်ပေမယ့် နေနိုင်ထိုင်နိုင်တဲ့ အနေအထားလို့ ထင်ပါတယ်။ တော်လှန်ရေးကာလ ဆိုတော့လည်း ကိုယ့်ဒေသမှမဟုတ်ဘဲ တခြားဒေသတွေ အကုန်လုံးလည်း ကြည့်နေ ကြည့်စားပဲပေါ့နော်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကောလင်းပြီးရင် ဝန်းသိုလည်း ဆက်သိမ်းမယ်လို့ ကြားတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ကလည်း အမြဲတမ်းသတိနဲ့နေပြီး သတိရှိဖို့ပါပဲ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here