“စစ်တပ်က ပြည်သူတွေကို အာဏာအပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ သူတို့အကျိုးစီးပွားကို မထိခိုက်အောင် အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကိုဟန်ပြပြောပြီး ရွေးကောက်ပွဲကိုဟန်ပြပြောပြီးတော့ အာဏာကို ဆက်ထိန်းထားမှာလို့ပဲ မြင်တယ်” ဦးဖေသန်း- ရခိုင်ဝါရင့်နိုင်ငံရေးသမား

0
396
ပုံစာ - ဦးဖေသန်း/ရခိုင့်ဝါရင့်နိုင်ရေးသမား

စစ်ကောင်စီက လက်ရှိအကျပ်အတည်းကိုဖြေရှင်းရန် အရေးပေါ်သက်တမ်း ထပ်တိုးနိုင်လား၊ ဘယ်လို ကြိုးပမ်းလာနိုင်လဲ စတဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီသည် တပ်စခန်းကြီး/ငယ်များနှင့် စီးပွားရေးအရ အချက်အချာကျသော နေရာများကို နေ့စဉ်နှင့်အမျှ လက်လွှတ်ဆုံးရှုံးနေရသည်။

ညီနောင်သုံးဖွဲ့၏စစ်ဆင်ရေးကို ရပ်တန့်နိုင်ရန် စစ်ကောင်စီသည် တရုတ်အစိုးရအကူအညီဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲအရှိန်မှာ လျော့ကျခြင်းမရှိဘဲ ဆက်လက်ပြင်းထန်နေသည်။ တစ်ဖက်တွင် စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးထားသည်မှာလည်း လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီသည် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် အရေးပေါ်သက်တမ်း ထပ်တိုးနိုင်လား၊ ဘယ်လိုကြိုးပမ်းလာနိုင်လဲ၊ လက်ရှိနိုင်ငံရေးပြဿနာကို မည်ကဲ့သို့ဖြေရှင်းသင့်လဲ စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။ ။ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့အပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ညီနောင် (၃) ဖွဲ့ကို တရုတ်ရဲ့ကြားဝင်မှုနဲ့ စစ်ကောင်စီက ဆွေးနွေးပွဲလုပ်တာပေါ့။ ဒီပွဲကို လုပ်တယ်ဆိုပေမယ့် တရုတ်နဲ့ မပတ်သက်လို့ မရတဲ့အဖွဲ့တွေပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီအဖွဲ့ (၃) ဖွဲ့ လောက်နဲ့ ဆွေးနွေးလို့ရမယ့် ကိစ္စလည်းမဟုတ်ဘူး။ ဒီအဖွဲ့(၃) ဖွဲ့လောက်နဲ့ တစ်နိုင်ငံလုံးရဲ့တိုက်ပွဲ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ညီနောင် (၃) ဖွဲ့ကလည်း မူလရည်ရွယ်ချက်အတိုင်း ဆက်တိုက်သွားမယ်ဆိုတာ သေချာတယ်။ မလွဲသာမရှောင်သာလို့ တရုတ်နဲ့ ဟန်ပြတွေ့ဆုံနေတာ ဖြစ်တယ်။

မေး။ ။ လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့ ဆိုရင် စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်ပြည့်တော့မယ်ဆိုတော့ စစ်ကောင်စီက နောက်ထပ် ဘယ်လိုခြေလှမ်းတွေ လှမ်းလာနိုင်လဲ။

ဖြေ။ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကျရင် စစ်ကောင်စီအနေနဲ့ နောက်ထပ်သက်တမ်း ၆ လ တိုးမယ်ဆိုတာ သေချာတယ်။ သူတို့ရဲ့အကျိုးစီးပွား၊ ပုဂ္ဂိုလ်ရေးနစ်နာမှုတွေကို ပြန်ပြီးထိန်းဖို့အတွက် သူတို့ရဲ့လက်ထဲမှာ အာဏာရှိမှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် တိုင်းပြည်က ဒီအချိန်မှာ မူလအခြေအနေရောက်ဖို့ဆိုတာ မရှိပါဘူး။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုတာကလည်း ဟန်ပြလုပ်နေတာဖြစ်တယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။ စစ်ကောင်စီဟာ ရိုင်းရိုင်းပြောရရင် ခွေး ဖျာလိပ်ခေါင်းထဲကို ဝင်မိသလို ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်သွားပြီ။

မေး။ ။ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီက ဘယ်လိုထွက်ပေါက်တွေ ရှာလာနိုင်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ အော်တာပေါ့။ တရုတ်က ကမကထ လုပ်တဲ့ပွဲမှာတောင်မှ မြို့သိမ်း၊ နယ်သိမ်းရင် လက်နက်ကြီးနဲ့ပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့သေးတယ်။ မနိုင်ရင်တောင်မှ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေရှိတယ်။ အဲဒါက တစ်နိုင်ငံလုံးမှာ လုပ်လည်းလုပ်နေတာပဲ။ ပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကို နေ့တိုင်းတွေ့နေရတယ်။ ဒါကြောင့် ဒီလိုအတွေးအခေါ်ပဲရှိတဲ့ စစ်တပ်က ပြည်သူတွေကို အာဏာအပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ သူတို့အကျိုးစီးပွားကို မထိခိုက်အောင် အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကိုဟန်ပြပြောပြီး ရွေးကောက်ပွဲကိုဟန်ပြပြောပြီးတော့ အာဏာကို ဆက်ထိန်းထားမှာလို့ပဲ မြင်တယ်။

မေး။ ။ တစ်နိုင်ငံလုံးရဲ့တော်လှန်မှုကိုကြုံနေရတဲ့ စစ်ကောင်စီရဲ့ လက်ရှိအခြေအနေကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်ကောင်စီက ဒီပွဲမှာ ရှုံးနိမ့်ဖို့ အခြေအနေများတယ်။ တော်လှန်ရေးအင်အားစုတွေလည်း များလာတယ်။ စစ်ကောင်စီတပ်ထဲမှာလည်းပဲ အမိန့်နာခံချင်စိတ် မရှိကြတော့ဘူး။ သူတို့လုပ်နေတာက ပြည်သူအတွက် မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးအတွက် သူတို့ဘဝတွေကို ပေးဆပ်နေရတယ်။ Òငါတို့လုပ်ရပ်တွေဟာ ပြည်သူတွေကို နစ်နာစေတယ်Ó ဆိုတာ သဘောပေါက်လာတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့တွေဟာ နေရာတိုင်းမှာ လက်နက်ချလာတယ်။ စခန်းတွေကို လက်လွတ်ပြီးတော့ ထွက်ပြေးလာတာတွေကို နေ့တိုင်းတွေ့လာရတယ်။ စစ်တပ်က ပြိုကွဲနေပြီဆိုတာ သေချာပေါက်ဖြစ်တယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီလိုဖြစ်စဉ်မျိုးတွေ အများကြီး မြင်လာရအုံးမယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်မတော်ကို အယုံအကြည် မရှိကြတော့ဘူး။

မေး။ ။ အခုဖြစ်ပွားနေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ကောင်စီအနေနဲ့ ဘယ်လိုမျိုးဖြေရှင်းသင့်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကုန်လုံး ဖိတ်ခေါ်ပြီးတော့ဖြစ်စေ၊ တွေ့ဆုံမှုမျိုးပဲဖြစ်စေ နိုင်ငံတကာကြားဝင်မှုနဲ့ ဆွေးနွေးပွဲလုပ်မယ်။ ပြည်သူကို အာဏာပြန်အပ်မယ်။ နိုင်ငံရေး လောကထဲမှာ လုံးဝမပါတော့ဘူးဆိုပြီး ကတိကဝတ်နဲ့ လူကြီးဆန်ဆန် နိုင်ငံတကာရဲ့ရှေ့မှောက်မှာ ဆွေးနွေးဖို့ ကမ်းလှမ်းမယ်ဆိုရင် မျှော်လင့်ချက်ရှိတယ်။

တရုတ်ရဲ့ ကမကထတစ်ခုတည်းနဲ့ မဟုတ်ဘဲ၊ နိုင်ငံတကာအကူအညီ တောက်လျှောက်မပါဘဲ စစ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ လုပ်မယ်ဆိုရင် ဘယ်သူမှ အယုံအကြည်ရှိမှာ မဟုတ်ဘူး။ နိုင်ငံတကာ ကြားဝင်မှုနဲ့ ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ထွက်ပေါက် ရနိုင်သေးတယ်။ ဒါတောင် အချိန်က တော်တော့်ကို နောက်ကျနေပြီ။ စစ်ကောင်စီအနေနဲ့ ဒီလိုမှမလုပ်ရင် တခြားထွက်ပေါက် မရှိတော့ဘူး။

မေး။ ။ ဖြည့်စွက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျနော်တို့ရခိုင်ပြည်မှာ ဘယ်လိုပဲပြောပြော ULA/AA ရဲ့ အောင်ပွဲတွေကို မြင်လာရတယ်။ ကျနော်တို့ နှစ်ပေါင်း ၂၀၀ ကျော် အချုပ်အခြာအာဏာ ကျဆုံးခဲ့တဲ့အချိန်ကနေ ဒီနေ့အချိန်ထိ အအောင်မြင်ဆုံးလုပ်ရပ်နဲ့ အခိုင်မာဆုံး အဖွဲ့အစည်းဆိုတော့ ပြည်သူတွေကလည်း ULA/AA အပေါ် တအားကြီးမျှော်လင့် အားကိုးထား ကြတယ်။ ဒါကြောင့် ကျနော်တို့အားလုံးဝိုင်းဝန်းပြီး စစ်ပွဲရဲ့အနိဌာရုံကို ဘယ်လောက်ပဲခံစားရရ ဒါတွေကို ကျော်လွှားရမယ်။ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ပြီး လက်တွေ့လုပ်မယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ဘိုးဘွား အမွေတွေ၊ နစ်နာခဲ့တဲ့ ရပိုင်ခွင့်တွေကို မကြာခင် အချိန်တိုအတွင်းမှာ ရနိုင်တယ်။ ပြည်သူတွေကလည်း အားလုံးတက်ညီလက်ညီ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here