“စစ်ကောင်စီဘက်က မြေတွေပိတ်ဆို့ပြီး လမ်းတွေပိတ်ထားတော့ ဒီရွာမှာ စာသင်ကြားနေတဲ့ကလေးတွေဆို ကျောင်းမသွားတက်နိုင် ဖြစ်နေတယ်။ ဘာလို့ဆိုရင် ဒါသူတို့က မြေဖို့ထားတဲ့နေရာထဲမှာ မိုင်းထောင်ထား တယ်လိုလို ဟိုမြေမြှုပ်မိုင်းတွေ ရှိသလိုလို ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတစ်ခုခုရှိတယ်လို့ သတင်းတွေ ထွက်နေတော့ မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းသွားမပို့ကြတော့ဘူး” နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့တာဝန်ရှိသူ

0
153
Photo - Social Media

ဖြတ်တောက်ပိတ်ဆို့မှုများခံနေရသည့် တနင်္သာရီဒေသရှိ စစ်ဘေးရှောင်များအား ထောက်ပံကူညီမှုပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့၏ အမျိုးသမီးတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းကာလ ၄ နှစ် နီးပါးရှိလာချိန်တွင် တနင်္သာရီတိုင်းထဲက မြို့နယ်တချို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် ဒေသခံပြည်သူများသည် နှစ်လချီ စစ်ဘေးရှောင်နေကြရသည်။ ယင်းအပြင် စစ်ကောင်စီတပ်က လက်ရှိချိန်ထိ တနင်္သာရီဒေသတွင်းက လမ်းပိုင်းတချို့ကို ဖောက်ခွဲဖျက်ဆီးပြီး ပိတ်ဆို့မှုများ လုပ်ထားသည်။

အဆိုပါ အခြေအနေများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများမှာ လက်ရှိ၌ အခက်အခဲများစွာ ကြုံနေကြရသည်။ အလားတူ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စစ်ရှောင်ကူညီရေး အဖွဲ့အစည်းများ မှာလည်း စစ်ဘေးရှောင်များအား ချိတ်ဆက်ကူညီပေးရာ၌ အခက်အခဲအကျပ်အတည်းဖြစ်ရသည်ဟုဆိုသည်။

လမ်းပိုင်းတချို့ ဖောက်ခွဲဖျက်ဆီးခံရသည့်အပြင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့် အခြေအနေ၌ အဆက်အသွယ်ကိစ္စရပ်တို့ကို ဘယ်လိုဖြေရှင်းဆောင်ရွက်နေလဲဆိုသည်နှင့် ပတ်သက်ပြီး နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့၏ အမျိုးသမီးတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီမြို့နယ်ကစစ်ဘေးရှောင်တွေရဲ့ အခြေအနေဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ စစ်ဘေးရှောင် အခြေအနေက အရင်ကထက် ကြပ်တည်းလာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် လစဉ်အလှူရှင်တွေကလည်း အခုမရှိတော့ဘူး။ အရင်ကဆို လိုင်းပေါ်ကနေ ပေ့ချ်ကနေပဲဖြစ်ဖြစ် တခြား အလှူရှင် Donor တွေကနေပြီး လာချိတ်ပြီးမှ လာလှူတဲ့အဖွဲ့ရှိတော့ အဲဒါ စစ်ဘေးရှောင် နွေဦးမေတ္တာပေ့ချ် ကနေပြီးတဆင့် ရတဲ့အလှူငွေကို စစ်ရှောင်တွေကို ပြန်ပြီးမှ ပြန်ဝေတာပေါ့။ အခုကကြတော့ အဲဒါအလှူရှင်တွေ မရှိတဲ့အတွက် ဒီအဖွဲ့ ဖွဲ့ထားပြီးတော့ အလုပ်မလုပ်နိုင် ဖြစ်နေတယ်ပေါ့။ ဒီအဖွဲ့တွေက အလုပ်မလုပ်တော့ ဘယ်သူမှာ သွားထိလည်းဆိုတော့ စစ်ဘေးရှောင်တွေမှာ သွားထိခိုက်နေတယ်ပေါ့။ အဲဒီလိုမျိုး ဖြစ်နေတယ်။

မေး။ ။ လက်ရှိ နွေဦးမေတ္တာစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်အရေအတွက် ဘယ်လောက်ရှိပါလဲ။ ပြီးတော့ ဘာတွေလိုအပ်ချက်တွေ ရှိနေလဲ။

ဖြေ။ ။ စစ်ဘေးရှောင်အရေအတွက်ကကြတော့ ၁၂၀၀ လောက် ရှိမယ်။ ပြီးတော့လိုအပ်ချက်က အလုံးစုံပဲပေါ့။ စစ်ရှောင်ဖြစ်လာပြီဆိုရင် အိမ်တစ်အိမ်မှာ လိုအပ်ချက်ရှိသလိုပဲ စစ်ဘေးရှောင်မှာလည်း အစစအရာရာပေါ့ကွယ်။ ခေါင်းအစခြေအဆုံး အဝတ်အထည်ကအစ အကုန်လုံးလိုအပ်နေတယ်။

မေး။ ။ တဖက်မှာလည်း တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေ အနည်းငယ်ပြန်ငြိမ်သွားတာကြောင့် အချို့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီဘက်မှာ စစ်ဘေးရှောင်ကြတော့လေ ရွာလုံးကျွတ်ရှောင်ရတဲ့အနေအထားမှာ ခဏခဏ တိုက်ပွဲ ဖြစ်ပြီးတော့ ပြန်ငြိမ်သွားတဲ့အချိန်ဆို ရွာထဲမှာပြန်နေရတဲ့ အနေအထားရှိတယ်။ အဲဒါကြတော့ အစ်မတို့က အမြဲတမ်းစစ်ဘေးရှောင်လို့ မသတ်မှတ်ဘူး။ စစ်ဘေးရှောင်မှာ စစ်ဘေးရှောင်နှစ်မျိုး ခွဲထားတယ်။ ခဏတဖြုတ် တိုက်ပွဲဖြစ်ပြီး စစ်ဘေးရှောင်ရတဲ့ စစ်ဘေးရှောင်ကြတော့ ယာယီစစ်ဘေးရှောင်။

ပြီးတော့ စစ်ဘေးရှောင်က လည်း နေရပ်ပြန်၊ ရွာကိုပြန်ဝင်မရ စစ်ကောင်စီကလည်း လမ်းမှာစစ်တယ်၊ အကြောင်း အမျိုးမျိုးကြောင့် နေအိမ်လည်း မီးရှို့ခံထိတယ်။ အိမ်လည်းမပြန်ရ သုံးလလောက်ကြာသွားတဲ့ အနေအထားမှာဆို အဲဒါကြတော့ အမြဲတမ်းစစ်ဘေးရှောင်အဖြစ် သတ်မှတ်တယ်။ သူတို့ကျတော့ လုံးဝ နေရပ်မပြန်နိုင်တဲ့ လူတွေကြတော့ အမြဲတမ်းစစ်ဘေးရှောင်။ အဲဒီလိုမျိုး နှစ်ဖြတ်ခွဲထားတယ်။

မေး။ ။ အဲဒီလိုမျိုး အမြဲတမ်းစစ်ဘေးရှောင်နဲ့ ယာယီစစ်ရှောင်ဆိုပြီး ခွဲထားတော့ ယာယီစစ်ဘေးရှောင်တွေရဲ့ အခြေအနေကရော အခုလက်ရှိမှာ နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီလား။

ဖြေ။ ။ အခု ယာယီစစ်ဘေးရှောင်တော့ လက်တလောတော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲမဖြစ်ကြ တာလေ။ အဲဒါ တိုက်ပွဲမဖြစ်တော့ ယာယီစစ်ဘေးရှောင်မရှိဘူး။ အမြဲတမ်းစစ်ဘေးရှောင်တော့ ရှိတယ်။ ဒါပေမယ့် ဘန်လောဘက်မှာဆိုရင် အခုရွာလုံးကျွတ်ပဲလေ။ သူတို့ကျတော့ လုံးဝ ရွာလည်းပြန်လို့မရ။ ရွာဆို ရွာပျက်ပုံစံမျိုး ဖြစ်ပြီ။

ဒါဘန်လောရယ် ဘန်လင်ရယ် သမီးလှဘက်မှာ အဲဒီရွာသုံးရွာကျတော့လေ ဟိုတလောက တိုက်ပွဲဖြစ် တော့ အိမ်တွေ နေအိမ်တွေ မီးရှို့တယ်။ အရပ်သားတွေဖမ်း ပြီးတဲ့ခါကြရင် တွေ့တွေ့သမျှ ဖမ်းနေတော့ အဲဒီမှာ ရွာသားတွေက အိမ်ပြန်မဝင်ရဲ။ အခုတိုက်ပွဲမဖြစ်လည်း သူတို့ကြတော့ လုံးဝအိမ်မပြန်ရဲ တခြားနေရာမှာပဲ စစ်ဘေးရှောင်နေရတယ်။

မေး။ ။ လက်ရှိမှာလည်း တနင်္သာရီမြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ အဲဒါစစ်ဘေးရှောင်အရေးကို လှုပ်ရှားတဲ့သူတွေအတွက်မှာတော့ တအားကြီး အခက်အခဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာကြတော့ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေရှိမှပဲ၊ စစ်ဘေးရှောင်တွေ အခြေအနေရော ဘာညာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ဖြစ်တယ်ပေါ့။ အစ်မတို့ အဆင်မပြေတဲ့အကြောင်းကို သတင်းမီဒီယာကနေ ဖော်ပြပေးဖို့ အစ်မတို့မှာ အခက်အခဲရှိတယ်။

အဲဒါ အစ်မတို့မှာ အခက်အခဲရှိတော့ ဒါစစ်ဘေးရှောင်တွေမှာ တိုက်ရိုက်လိုမျိုး တဆင့်၊ တဆင့်သွားပြီးတော့ အချိုးကျ ဖြစ်နေတယ်ပေါ့။ စစ်ဘေးရှောင်တွေမှာ သွားထိခိုက်နေတယ်ပေါ့။ အဲဒါ ဖုန်းလိုင်း၊ အင်တာနက် လိုင်းတွေ မကောင်းတော့ အစ်မတို့မှာဖြစ်ပျက်နေတဲ့ ခက်ခဲပင်ပန်းနေတာကို သတင်းကနေလည်း မဖော်ပြနိုင် ပေ့ချ်ကနေ တစ်ဆင့်လည်း အစ်မတို့မလွှင့်နိုင်တော့ အစ်မတို့ဆီမှာ အလှူရှင်တွေမလာ၊ အလှူရှင်တွေမလာတော့ အမှန်တကယ် စစ်ဘေးရှောင်နေရတဲ့သူတွေမှာ သွားပြီးတော့ ထိခိုက်နေတယ်။

မေး။ ။ လက်ရှိမှာလည်း မြို့နယ်ထဲက ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို စစ်ကောင်စီဘက်က မြေဖို့၊ မြောင်းတူးပြီးတော့ ဖျက်ဆီးတာတွေ လုပ်လာတာတွေ့ရတယ်ပေါ့။ အဲဒီဘက်ခြမ်းက ဒေသခံတွေအနေနဲ့ရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ။

ဖြေ။ ။ အဲဒါကြတော့လေ ဒါအခုစစ်ကောင်စီဘက်က မြေတွေပိတ်ဆို့ပြီး လမ်းတွေပိတ်ထားတော့ ဒီရွာမှာ စာသင်ကြားနေတဲ့ကလေးတွေဆို ကျောင်းမသွားတက်နိုင် ဖြစ်နေတယ်။ ဘာလို့ဆိုရင် ဒါသူတို့က မြေဖို့ထားတဲ့ နေရာထဲမှာ မိုင်းထောင်ထားတယ်လိုလို ဟိုမြေမြှုပ်မိုင်းတွေရှိသလိုလို ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတစ်ခုခု ရှိတယ်လို့ သတင်းတွေထွက်နေတော့ မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းသွားမပို့ကြတော့ဘူး။ ပြီးတော့ သူတို့စားရေးသောက်ရေး နေရာမှာလည်း စစ်ကောင်စီကတမျိုး။ ဟိုဘက်မှာဆိုရင် ဆန်တွေ ရိက္ခာတွေကို အကန့်အသတ်ဝယ်ရတာလေ။

အိမ်ထောင်စုဇယားပြပြီးမှ တစ်ပတ်စာဆို တစ်ပတ်စာ။ လူဦးရေ ဘယ်လောက်ရှိတယ်။ လူဦးရေဘယ်နှစ်ယောက် ဆိုရင်နှစ်ယောက်စာ တစ်ပတ်ကိုတစ်ရက် ဆန်ဘယ်နှစ်ဘူး အဲဒီလိုမျိုးပေးပြီးမှ ရောင်းပေးတာ။ ဆေးခန်းတွေ ဘာတွေဆိုတာ သူတို့ရွာထဲဝင်မယ်ဆိုရင် နီးနီးပဲလေ။ ဒါပေမယ့် အဲဒါမျိုး အတန်တန်လုပ်ထားတော့ သူတို့က မသွားရဲ မလာရဲတော့ စီးပွားရေးလည်း နှောင့်နှေးတယ်ပေါ့ သူတို့မှာ။ စီးပွားရေးလည်း နှောင့်နှေး ကျန်းမာရေး လည်း အဆင်မပြေ ပညာရေးလည်း ဆုံးရှုံးတယ်။ သူတို့မှာဆိုရင် ဒါအခုမှ စစ်ဘေးဒဏ် ခံရတာပေါ့။ သူတို့ထက် အရင် အစ်မတို့ တကူ သာရဝတို့ဘက်မှာ အရင်ခံရတယ်။ အခုမှ စစ်ကောင်စီနားမှာရှိတဲ့ ရွာသားတွေ ခံစားရတာပေါ့။

မေး။ ။ နောက်တစ်ခုက တနင်္သာရီမြို့နယ်ထဲမှာ အရင်က စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် လုပ်ဆောင် ထားတာရှိတယ်။ အခုနောက်ပိုင်း ဒီဖြတ်လေးဖြတ်သာမက ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို ပိတ်ဆို့လာတာ ကြောင့် အစ်မတို့ စစ်ဘေးရှောင်အဖွဲ့တွေအတွက် ဘာတွေဆက်ဖြစ်နိုင်လဲ။

ဖြေ။ ။ အရင်ကတော့ ဒီလိုမျိုး နည်းနည်းပါးပါးသွားလာနေရတော့ အစ်မတို့ဆေးတွေ ပြီးတော့ စားနပ် ရိက္ခာတွေ အမြဲတမ်းလို နည်းနည်း နည်းနည်းစီ သယ်ယူလို့အဆင်ပြေတယ်ပေါ့။ အခုကြတော့ အစစ်အဆေးတွေ တအားများတယ်လေ။ ပြီးတော့ ခရီးသွားတဲ့ လူဆိုမှာလည်း အိတ်လေးဆို ကြီးကြီးမားမားတောင် ယူဆောင်လို့ မရတော့ဘူး။ ဆေးတွေဝါးတွေ သယ်ရတဲ့ စုဆောင်းရတဲ့ အနေအထားမှာ အခုအစ်မတို့မှာ စစ်ရှောင်အရေးမှာ လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဖြစ်လာမယ့် ရောဂါတွေအတွက် ဒီလဆို ဘာရောဂါတွေ ဖြစ်နိုင်လဲ။

နောက်လဆို ဘာရောဂါတွေ ဖြစ်နိုင်လဲ။ နောက်တစ်လဆို ဘာရောဂါဖြစ်နိုင်လဲပေါ့။ အခု ကြားကာလ ဘာရောဂါ အနေအထားဖြစ်နိုင်လဲဆိုရင် ဆေးတွေကြိုပြီးမှ စုရတဲ့အပိုင်းတွေရှိတယ်။ အဲဒါတွေအတွက်လည်း တအား ပင်ပန်းတယ်။ ပြီးတော့ အဓိက ဆန်၊ ဆီ၊ ဆား။ အဲဒါတွေမရှိရင်လည်း အစ်မတို့မှာ အဆင်မပြေဘူး။ အဲဒါတွေ အတွက်လည်း စုဆောင်းတဲ့နေရာမှာ အရင်ကထက် နှောင့်နှေးလာတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါဦး။

ဖြေ။ ။ အစ်မတို့မှာ အားနည်းချက်တစ်ခုရှိနေတယ်။ ဒါဖုန်းလိုင်းရယ် အင်တာနက်လိုင်းရယ် အခက်အခဲရှိတော့ စစ်ရှောင်အရေး လှုပ်ရှားတဲ့သူတွေမှာ တအားလည်းပင်ပန်းနေပြီပေါ့နော်။ ဒါပေမယ့် အဲဒါ နွေဦးမေတ္တာပေ့ချ် ကတော့ ရုတ်သိမ်းထားတာ မဟုတ်ပါဘူး။ မရုတ်သိမ်း သေးတာပေါ့နော်။ အမှန်တကယ်လည်း ရှိနေတယ်။ လိုင်းမကောင်းတော့ အလှူရှင်လည်းမရှိတော့ အသစ်မဝင်ဖြစ်တာ။ အဲဒါကို စစ်ဘေးရှောင်ပေ့ချ် ကနေပြီး အလှူရှင်တွေကနေ လာပြီးတော့ ဆက်သွယ်နိုင်တယ်ဆိုတဲ့အကြောင်း အစ်မတို့ ဖြည့်စွက်ပြီး ပြောချင်တယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here