“စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာတွေ့ရင်ဖမ်းတယ်။…….တချို့တော်တော်များများမှာ ဆေးတွေကိုသယ်ယူဖို့ ခက်ခဲတယ်။ တချို့ဟာတွေကြတော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ်ယူရတာတွေရှိပါတယ်” ရိုမလီ/ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ

0
306
Photo – MBRT Logo

မိုးဗြဲကယ်ဆယ်ရေးအဖွဲ့-MBRT မှ ရှေ့တန်းစစ်မြေပြင်ထိ သွားရောက်ကူညီကယ်ဆယ်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု၊ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရိုမလီနဲ့ ဆက်သွယ်မေးမြန်းချက်။

မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ MBRT သည် စစ်အာဏာသိမ်းခံရပြီးနောက် တော်လှန်ရေးရဲဘော်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီပေးရန်အတွက် ဖွဲ့ထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

လက်ရှိမှာလည်း မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ MBRT သည် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များ ကို ရှေ့တန်းအထိ သွားရောက်ကူညီကယ်ဆယ်တာ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက် ရှိနေသည်။

မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ MBRT မှ ရှေ့တန်းစစ်မြေပြင်ထိ သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ကိုင်ရာမှာ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲများ ၊စိန်ခေါ်မှုများ အပါအဝင် လတ်တလောလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရိုမလီနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံး မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ MBRT အနေနဲ့ ဘာတွေလုပ်ဆောင်ပေးနေပါလဲ။ ဒီ ၁၁.၁၁ စစ်ဆင်ရေးမှာ ကယ်ဆယ်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မတို့မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တစ်လေးလုံး (၁၁.၁၁) မစ်ရှင်မှာ ဘာလုပ်လဲဆိုရင် ကယ်ဆယ်ရေး၊ ဒုတိယတစ်ခုက ကုသရေး၊ ပြီးတော့ ပို့ဆောင်ရေးပေါ့နော်။ ပထမဆုံး ကယ်ဆယ်ရေးဆိုတော့ ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရရဲဘော်တွေအတွက် ကျွန်မတို့ထက် အရင်တပ်စွဲတဲ့အဖွဲ့တွေ ရှိတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေရှိမယ်။ ကျွန်မတို့ ဆရာမအဖွဲ့ကတော့ Safe ဖြစ်တဲ့နေရာမှာ ထိုင်ပြီးတော့ ရှေ့တန်းကရောက်လာတဲ့ အဖွဲ့အစည်းက ပို့ဆောင်တာတွေကို ကုသမှုတွေလုပ်ပါတယ်။ Minor Case တွေဆိုရင် ကျွန်မတို့လက်ထဲ ပြီးတယ်။ Major Case တွေကျတော့ ပို့ဆောင်ဆိုတဲ့အတိုင်း လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးပါတယ်။ ဒီအချက်သုံးချက်နဲ့ လုပ်နေပါတယ်ရှင်။

မေး။ ။ အခုလို ရှေ့တန်းနဲ့နောက်တန်းမှာ ဆေးဝန်ဆောင်မှုပေးတဲ့အခါ ဘယ်လိုအတွေ့အကြုံတွေရှိလဲ။ အမှတ်ရစရာ ဖြစ်စဉ်တွေရှိရင် ဝေမျှပေးပါဦး။

ဖြေ။ ။ ကျွန်မတို့ ရှေ့တန်း၊ နောက်တန်း ဆေးဝန်ဆောင်မှုပေးတဲ့အချိန်တွေမှာ အတွေ့အကြုံတွေကတော့ အများကြီးပေါ့နော်။ တခါတလေ ဘာတွေ တွေ့ရသလဲဆိုရင် ဒီရှေ့တန်းကယ်ဆယ်ရေးသွားတဲ့အခါမှာ မစ်ရှင်တွေ ရှိတဲ့နေရာမှာ ကျွန်မတို့နယ်ခံမဟုတ်တဲ့ နေရာမျိုးမှာ ဒီရန်သူဘက် စကစဘက်ရှိတဲ့နေရာကို ဦးတည်မှားတာတွေ ရှိခဲ့ဖူးတယ်။ ကံကောင်းလို့ အချိန်မီ ပြန်လှည့်နိုင်တာပေါ့နော်။ အဲဒီလိုရှိတယ်။ နောက်တန်းမှာ ဆေးဝန်ဆောင်မှု ဘယ်လိုပေးလဲဆိုရင် ကင်းစောင့်တဲ့ရဲဘော်တွေကို ဆေးဝန်ဆောင်မှုတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြဲတမ်း လုပ်ဆောင်နေပါတယ်။

မေး။ ။ ဆေးဝန်ဆောင်မှုပေးတဲ့အခါမှာ အများဆုံးကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေက ဘာတွေရှိမလဲ။ ဒါတွေကို ဘယ်လိုကျော်လွှားနေကြပါလဲ။

ဖြေ။ ။ ဆေးဝန်ဆောင်မှုပေးတဲ့အခါ အများဆုံးကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကတော့ နံပတ်(၁) အချက်ကတော့ လုံခြုံမှု။ ကျွန်မတို့သွားနေရတဲ့နေရာ ဒီစစ်ကောင်စီဘက်နဲ့ အရမ်းနီးတော့ အိမ်တွေလည်း မလှမ်းမကမ်းမှာ ရှိနေတဲ့အခါကျတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေ၊ ကင်းထောက်ယာဉ်တို့၊ ဒရုန်းတို့ အဆက်မပြတ် သွားလာနေကြတော့ အဓိကအချက်က လုံခြုံမှု စိန်ခေါ်ခံရတာပေါ့။

ဒုတိယ အချက်ကတော့ ဆေးဝါးလုံလောက်မှု သိပ်မရှိတာ၊ စစ်ဆင်ရေးရင်ဆိုင်နေရတဲ့ အချိန်မျိုး၊ ဆေးရုံလမ်းကြောင်း အရမ်းဝေးတဲ့ နေရာမျိုးဆိုရင် ရဲဘော်တွေ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတာမျိုး၊ ကျွန်မတို့ ဒီလမ်းတဝိုက်က တဆင့် နောက်ထပ်ခဲမဲ့သွေးတွေ ပြန်စီးနိုင်အောင် ချက်ကြိုးကို ဘယ်လိုဖြတ်ရမလဲဆိုတာ ပထမအခက်အခဲပေါ့။ ဆေးရုံနဲ့ အရမ်းအလှမ်းဝေးနေတဲ့ လမ်းကြောင်းကတော့ ဒုတိယအခက်ခဲပါရှင့်။

မေး။ ။ စစ်ကောင်စီဘက်က ဆေးဝါးတွေမရောက်အောင် ဘယ်လောက်ထိ ပိတ်ပင်တာမျိူးတွေ ကြားရ၊ ကြုံရနေပါလဲ။

ဖြေ။ ။ စကစဘက်ကတော့ ဆေးတွေကို လမ်းကြောင်းမှာတွေ့ရင်ဖမ်းတယ်။ လိုင်စင်ရကိုင်ထားတဲ့ ဆေးခန်း တွေကိုပဲ အနည်းငယ်ဆေးတွေ သယ်ဆောင်ခွင့်ပေးတယ်။ ဘယ်လိုဆေးတွေပဲ သယ်လာခွင့်ရတယ်ဆိုတာလည်း ကြုံဖူးကြားဖူးကြတာပေါ့။ တချို့တော်တော်များများမှာ ဆေးတွေကို သယ်ယူဖို့ခက်ခဲတယ်။ တချို့ဟာတွေကြ တော့ လုံခြုံရေးအရ ပြောလို့မရဘူး။ ဒါအရမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာ သယ်ယူရတာတွေ ရှိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လတ်တလောဆေးလိုအပ်ချက်တွေအတွက် အလှုရှင်တွေ၊ ပြည်သူတွေဆီကို ဘယ်လို သတင်းကောင်းပါးချင်ပါလဲ။

ဖြေ။ ။ အရင်ကတည်းက ကျွန်မတို့ကိုထောက်ပံ့အကူအညီပေးတဲ့ ပြည်သူလူထုတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်သလို အခုထပ်လိုအပ်တဲ့ ဆေးလိုအပ်ချက်တွေကိုလည်း ထပ်ပြီးတော့ အဆုံးထိ အတူတူရှိပေးပါဦးလို့ ကျွန်မတို့ ရှေ့ဆက်လည်း ဒဏ်ရာရရဲဘော်တွေနဲ့အတူရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း အစွမ်းကုန် ကြိုးစားနေပါတယ်။ ပြည်သူလူထုတွေအကုန်လုံး ကျွန်မတို့နဲ့အတူတူ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here