“စကစကနေ တဆင့် သူတို့က ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အကူအညီလိုအပ်မယ့် ပြည်သူတွေဆီ ရောက်ရှိမှာ မဟုတ်သလိုမျိုးပဲ စစ်ကောင်စီကဆိုရင် လူသားချင်းစာနာမှု အကျပ်အတည်းကို အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းတရားဖြစ်ကြောင်း” ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူး

0
411
ပုံစာ - ကရင်လူ့အခွင့်ရေးအဖွဲ့/KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူး

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနှင့် အမေးအဖြေ

“ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ-မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများ အပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုပုံစံများကိုဖော်ထုတ်ခြင်း” အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဇွန် ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှု၊ အဓမ္မ ဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလုယူမှု အပါအဝင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု တွေဟာ ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ KHRG ဆိုထားပါတယ်။

ဒါကြောင့် အစီရင်ခံစာ ထုတ်ပြန်ရတဲ့အခြေအနေ၊ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေထံ တောင်းဆိုလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အရင်ဆုံးအနေနဲ့ “ ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ” အစီရင်ခံစာထုတ်ပြန်တဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ အစီရင်ခံစာရဲ့ အဓိကအကြောင်းအရာကတော့ စစ်တပ်ရဲ့ပစ်မှတ်ထား တိုက်ခိုက်မှုကို မီးမောင်းထိုးပြီးတော့ ဖော်ပြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ အပြစ်မဲ့အရပ်သားတွေ မြေစာပင်ဖြစ်ရတဲ့ အကြောင်းကို ကျွန်တော်တို့ အဓိကမီးမောင်းထိုး ဖော်ပြထားခြင်း ဖြစ်တယ်။

မေး။ ။ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ဒေသတွင်း လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေက ဘာတွေလဲ၊ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲတွေက ဘယ်လိုဆိုးကျိုးတွေ ခံစား ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ဒါတွေကို နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားစေတယ်ပေါ့။ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာဆိုရင် ဟိုးယခင် စစ်အာဏာရှင် အုပ်ချုပ်မှုကတည်းက မြန်မာပြည် အရှေ့တောင်ပိုင်းမှာရှိတဲ့ အရပ်သားပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အရာတစ်ခု ဖြစ်တယ်။

တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ ကျေးရွာတွေနား ရွာသားတွေကို တွေ့ရင် မတရားဖမ်းဆီး ခံရတာမျိုးတွေ၊ ညှင်းပန်းနှိပ်စက် ခံရတာမျိုးတွေ သတ် ဖြတ်ခံရတာမျိုးတွေ ရှိခဲ့သလိုမျိုး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာမျိုးတွေ လုပ်ဆောင်တာ ရှိတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ဒါတွေက ဆက်လက် ဖြစ်ပွား နေတယ်။ လက်နက်ကိုင် တိုက်ပွဲတွေကြားမှာ ဖြစ်ပွားရင် အရပ်သားပြည်သူတွေက မြေဇာပင် ဖြစ်ရတယ်။

မတရား သတ်ဖြတ်ခံရတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်မှုကြောင့် ဒီအရပ်သား ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးသလိုမျိုးပဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ကြရတယ်။ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးရတယ်။ အဆိုးဆုံးက စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုပေါ့။ လေကြောင်းတိုက်ခိုက်မှုက အိုးအိမ်စည်းစိမ်တွေ အများကြီး ထိခိုက်ပျက်စီးသလိုမျိုးပဲ။

ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေလည်း လုံးဝကို ပျက်စီး သွားတာပေါ့။ ကြည့်လိုက်မယ်ဆို တမင်သက်သက် ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တာပဲ ဖြစ်တယ်။ လက်နက်ကိုင်တဖွဲ့နဲ့ တဖွဲ့ကြား တိုက်ခိုက်တာမျိုး မဟုတ်ဘူးပေါ့။ ဒီလို လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုတွေကို ချိုးဖောက်ရာ ရောက်သလိုပဲ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်။

မေး။ ။ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေထံ ဘာတွေတောင်းဆိုချင်တာ ရှိမလဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းက အာဆီယံကို အဓိက ဘာကို တောင်းဆိုလဲဆိုတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက် ငါးချက်ကို ပြုပြင်ပြောင်းလဲဖို့အတွက်က ကျွန်တော်တို့ အဓိကထား တောင်းဆိုရခြင်း ဖြစ်တယ်။ လက်ရှိအချိန်မှာ ကရင်ပြည်နယ် အတွင်းမှာဆိုရင် ဒေသခံပြည်သူ ၆ သိန်း ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေဟာဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီကို နေ့စဉ် လိုအပ်နေတယ်။

အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်အောင် မြေပြင်မှာ တကယ့်ရာစုနှစ်နဲ့ ချီပြီးတော့ လူသားချင်းစာနာထောက်ထား အကူအညီပေးတဲ့အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ စကစကနေ တဆင့် သူတို့က ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် အကူအညီလိုအပ်မယ့် ပြည်သူတွေဆီ ရောက်ရှိမှာ မဟုတ်သလိုမျိုးပဲ စစ်ကောင်စီကဆိုရင် လူသားချင်း စာနာမှု အကျပ်အတည်းကို အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းတရားဖြစ်ကြောင်း ကျွန်တော်တို့က သူတို့ကို အမြဲတမ်းတိုက်တွန်းတာပေါ့။

မေး။ ။ ဒီအစီရင်ခံစာအပေါ် ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။

ဖြေ။ ။ ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ မတရားညှင်းပန်း အုပ်ချုပ်မှုအောက် ကြုံတွေ့ရတဲ့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ရရှိလာအောင် ၂၀၂၁ ခုနှစ် စစ်ကောင်စီရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ ဒီချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှုတာဝန်ခံမှု ရှိလာအောင် သက်ဆိုင်ရာကို ဖိအားပေးဖို့ ဖြစ်နိုင်တဲ့နည်းလမ်း ကနေ အရေးယူ ဆောင်ရွက်မှုတွေ ပြုပေးဖို့ ဒါကျွန်တော်တို့ တောင်းဆိုတာတွေ ရှိတယ်။

ကြီးလေးတဲ့ ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့သူတွေ အပေါ်မှာ အရေးယူဆောင်ရွက်လာမှု ရှိလာဖို့ တာဝန်ယူတာဝန်ခံမှု ရှိလာဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့ နိုင်ငံတကာကနေ မဖြစ်မနေ လုံးဝကို အလျင်အမြန် လုပ်ဆောင်ဖို့အတွက် တရားစီရင်ရေး အခန်းကဏ္ဍကနေ ကျွန်တော်တို့က စဉ်ဆက်မပြတ် တောင်းဆိုနေတာ ရှိတယ်။ ထိခိုက်နစ်နာတဲ့ ပြည်သူလူထုတွေအနေနဲ့ တရားမျှတမှု ခံစားခွင့် ရရှိလာအောင် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ဝိုင်းဝန်းပြီး ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here