စစ်ပြေးတွေ ပြန်လက်ခံရတဲ့အထိ အရေးမလှတဲ့စစ်ကောင်စီတပ်ရဲ့ထုတ်ပြန်ချက် အခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးကောင်းသူဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်။
စစ်တပ်ကနေ ထွက်ပြေးသွားတဲ့တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်တပ်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်ပြေးတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လည်လက်ခံသွားမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ အရှေ့ပိုင်းမှာ ခွင့်မဲ့ပျက်ကွက်အဖြစ် ကြေညာခံထားရသူတွေဟာ တပ်မှာ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာရင် စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုသာ သတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းဖို့ လက်ခံသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ဒါကြောင့် စစ်တပ်မှာ စစ်ပြေးတွေနဲ့ ခွင့်မဲ့ပျက်ကွက်မှုတွေကို ဘယ်လိုအရေးယူဖို့ ပြဌာန်းထားပါလဲ။ စစ်ပြေးတွေ ပြန်လက်ခံမှုအပေါ် သဘောထားအမြင်၊ စစ်ပြေးတွေ ပြန်လက်ခံရတဲ့အထိ အရေးမလှတဲ့ စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက် အခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးကောင်းသူဝင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံး စစ်ကောင်စီတပ်က စစ်ပြေးတွေကို ပြန်လက်ခံမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။ စစ်တပ် အက်ဥပဒေအရ စစ်ပြေးနဲ့ ခွင့်မဲ့ပျက်ကွက်မှုအပေါ် ဘယ်လိုတွေပြဌာန်းထားတာပါလဲ၊ ပြစ်ဒဏ်တွေရော ဘယ်လိုသတ်မှတ်ထားပါလဲ။
ဖြေ။ ။ စစ်တပ်ထဲမှာ ဒါကို ခွင့်မဲ့ပျက်ကွက်နဲ့ စစ်ပြေး၊ ခွင့်မဲ့ပျက်ကွက်က ချိန်းဆိုထားသောနေရာ၊ ချိန်းဆိုထားသော သတ်မှတ်ချိန်ကို လုံလောက်သော အကြောင်းပြချက်မရှိဘဲနဲ့ ပျက်ကွက်တယ်ဆိုရင် ဒါခွင့်မဲ့ပျက်ကွက်ပေါ့။ ခွင့်မဲပျက်ကွက်တဲ့လူကြောင့် ကြေးနန်းထွက်ပြီး ကြေညာလိုက်ပြီးတော့ ၂၁ ရက် ကြာသွားရင် စစ်ပြေး ဖြစ်သွားတယ်။ ဒီလိုမျိုး စစ်ပြေးဖြစ်သွားရင် ပြန်ဖမ်းမိပြီဆိုရင် ဒါကြီးလေးတဲ့ပြစ်ဒဏ် တွေပေါ့။ ကြီးလေးတဲ့ ပြစ်ဒဏ်ပဲဖြစ်ဖြစ်၊ ပြစ်ဒဏ်အမျိုးမျိုးက ရှိတယ်။ စစ်ပြေးဖြစ်တဲ့အချိန် စစ်ပြေးဖြစ်တဲ့နေရာ ဒီအပေါ်မူတည်ပြီးတော့ ပြစ်ဒဏ်အမျိုးမျိုး ရှိတယ်။ လက်နက်နဲ့ ခွင့်မဲ့ပျက်ကွက်တာလား။ ခွင့်မဲ့ပျက်ကွက် တာလား။ စစ်ဆင်ရေးကို ရှောင်ပြေးတာလား၊ ဒီလိုမျိုးဟာတွေကို မူတည်ပြီးတော့ စစ်ပြေးမှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်အမျိုးမျိုး ချလို့ရတယ်။ ဒါပေမယ့် ပြစ်ဒဏ်အမျိုးမျိုးဆိုတာလည်း စစ်တပ်ထဲမှာရှိတဲ့ စစ်ဥပဒေဌာနကပဲ ချတာ။ ဌာနကလည်း ကြီးတဲ့အပြစ်ကို သေးလိုက်လို့ရသလို သေးတဲ့အပြစ်ကိုလည်း ကြီးလိုက်လို့ရတယ်။ ဒီအာဏာတွေကလည်း မင်းအောင်လှိုင်လို ဒီလိုမျိုးလူတွေမှာပဲ ရှိတယ်။ စစ်ပြေးတွေနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ် ကတော့ သူတို့တပ်တွင်းထဲမှာတော့ သူတို့ရဲ့အာဏာပေါ်မှာပဲ မူတည်ပြီးတော့ ချလို့ရတဲ့ အနေအထားကို တွေ့ရတယ်။
မေး။ ။ ခွင့်မဲ့ပျက်ကွက်တဲ့ စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ ဆေးခွင့်တွေက စစ်တပ်မှာစစ်မှုထမ်းဖို့ ပြန်လည်လက်ခံလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒီအခြေအနေက ဘာကိုပြသနေတာပါလဲ။ စစ်တပ်က လုံးဝ ပြိုလဲနေတဲ့ အနေအထားလားပေါ့၊ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ခွင့်မဲ့ပျက်ကွက်နေတဲ့ စစ်သည်တွေက ပြန်ပြီးစစ်တပ်ကို တာဝန်ထမ်းဆောင်ဖို့ဆိုတာ မရှိသလောက် နည်းတယ်။ ရှေ့တန်းထွက်ရတဲ့သူတွေဆို ရှေ့တန်းမှာကြုံခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှု အခက်အခဲတွေ အသက်အန္တရာယ်တွေ ကြုံခဲ့ရတဲ့ ဒုက္ခအမျိုးမျိုးတွေကို သူတို့တွေခံစားပြီးသွားပြီ။ ဒီလိုမျိုးအတွက် ပြန်ပြီးတော့ စစ်တပ်ထဲဝင်ပြီးတော့ ဒုက္ခတွေကို ခံစားမယ့် အနေအထားမျိုးမရှိဘူး။ ဖမ်းမိသွားပြီး အတင်းအကြပ် တာဝန်ထမ်းဆောင်ခိုင်းရင်တော့ ဒီလိုမျိုးတွေကတော့ ရှိမယ်။ နောက်ပြီး စစ်တပ်မှာ စစ်မှုထမ်းဟောင်းတွေ ပြန်လည်ထမ်းဆောင်မယ့်ဟာကျတော့ အခုတည်းက မဟုတ်ဘူး။ အာဏာစသိမ်းပြီးတည်းက ဒီလိုလူတွေကို နေ့စားခတွေပေးပြီးတော့ လုံခြုံရေးတာဝန်တွေ ချတာတွေလည်း အများကြီး ရှိတယ်။ ဒီစာရင်းတွေကို အခုက ချပြတာ။ ချပြပြီးတော့ အရင်တုန်းက ဟာတွေပါရောပြီးတော့ အခုချိန်မှာ လျှောက်ပြောနေတာ။ အခုချိန်မှာ စစ်မှုထမ်းဟောင်းတွေက ပြန်ပြီးတာဝန်ထမ်းဆောင်ချင်တယ် ဘာညာက အွန်လိုင်းပေါ်မှာသာလေနဲ့ တကယ်ရှေ့တန်းမှာ သွားတိုက်ခိုက်မှာမျိုးကတော့ မရှိသလောက် နည်းမယ်။
မေး။ ။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တောက်လျှောက် မြေပြင်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က အထိနာလာနေတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ အောက်ခြေစစ်သားတွေ ဘယ်လောက်အတိုင်းအတာထိ ခံနိုင်ရည် ကျန်နေဦးမလဲ။
ဖြေ။ ။ စစ်တပ်ခြေလျင်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်သားစုဆောင်းရရှိမှုက အရမ်းနည်းတယ်။ တိုက်ပွဲမှာ သေသွားတာ ကျဆုံးသွားတာရှိမယ်။ ရောဂါနဲ့ သေဆုံးတာ ရှိမယ်။ တချို့ဟာတွေ ထောင်ချ ထုတ်ပယ်တာတွေ ရှိမယ်။ အများကြီး ပြုန်းတီးနေတယ်။ တပ်သားရရှိမှုက အရမ်းနည်းတယ်။ ခြေလျင်ခြေမြန်တပ်တွေဆို အရင်တုန်းက စစ်ထွက်မယ်ဆို အနည်းဆုံး ၁၀၀၊ ၁၂၀ တချို့တပ်မကြီးတွေဆို ၂၀၀ ဒီလိုမျိုး တပ်ရင်းတစ်ရင်းကို ထွက်ခိုင်းတယ်။ အခုချိန်မှာ တပ်ရင်းတစ်ရင်းကို အင်အား ၈၀ နဲ့ ရှေ့တန်းထွက်ဖို့က အရမ်းကို နည်းတယ်။ တပ်တွေက အင်အားတွေ နည်းနေတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီဘက်ကရော ဘယ်လောက်အတိုင်းအတာအထိ ကြည်း၊ ရေ၊ လေ အထူးသဖြင့် လေတပ်ကိုအသုံးပြုပြီး တန်ပြန်ချေမှုန်းနိုင်ဦးမလဲ။
ဖြေ။ ။ ခြေလျင်တပ်ကတော့ အခုချိန်မှာ ထိုးစစ်ဆင်ဖို့အတွက် တော်တော်မဖြစ်နိုင်ဘူး။ သူတို့အနေနဲ့ ခြေလျင်တပ်တွေနဲ့ အင်အားယူပြီးတော့ ခံစစ်ပဲပြင်ဆင်တော့မယ်။ ခံစစ်တောင် မြို့ကြီးပြကြီးတွေ၊ သူတို့တပ်တွေ ရှိတဲ့နေရာတွေ ဒီလိုမျိုးနေရာတွေကပဲ ပြင်ဆင်တော့မယ်။ လေကြောင်းကတော့ သူတို့အသုံးပြုနိုင်သလောက် ဆက်လက်အသုံးပြုပြီးတော့ သူတို့ကို လာတိုက်ခိုက်မယ့် နေရာတွေကိုတော့ ရန်သူရှိမယ့်နေရာတွေကိုတော့ ဆက်လက်ပြီး လုပ်မယ့်အနေအထားကို တွေ့ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။