“ချုပ်ပြောရရင် ရှမ်းမြောက်မှာ လာရှိုးကလွဲလို့ရှိရင် ကျန်တဲ့ဒေသအားလုံးက ညီနောင်သုံးဖွဲ့က လိုအပ်တဲ့ သူတို့ရဲ့စစ်ရေးရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်ပြီးဖြစ်ပြီလို့ ယေဘုယျပြောလို့ရတယ်။ အခု ကျန်နေတာက လာရှိုးတခုပဲ ဖြစ်ပါတယ်။ လာရှိုးကိုလည်း ကိုးကန့်ဒေသလိုပဲ သူတို့လုပ်ဆောင်မယ့်သဘော ရှိပါတယ်” ဦးသန်းစိုးနိုင်- မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ

0
299
ပုံစာ - မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူဦးသန်းစိုးနိုင်

ညီနောင်မဟာမိတ်တို့နှင့်စစ်ကောင်စီတို့ တိုက်ပွဲအခြေအနေ၊ ညီနောင်မဟာမိတ်တို့ရဲ စစ်ရေးရည်မှန်းချက် စတာတွေနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်အား ဆက်သွယ်မေးမြန်းချက်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့အများစုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို၊ စစ်ကောင်စီရဲ့စစ်စခန်းနှင့် စခန်းကုန်းတွေကိုလည်း သိမ်းယူနိုင်ခဲ့သည်။

ထို့အပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က ကျောက်မဲလေး ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ် MDY-PDF နဲ့ ပလောင်တပ် TNLA တို့ ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။

ယင်းနောက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးသည့် “ဟိုင်ဂင် သဘောတူညီချက်”ကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့အကြား အပစ်ရပ်ခဲ့ကြသည်။

ရှမ်းမြောက်က ညီနောင်မဟာမိတ်တို့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအခြေအနေ၊ ညီနောင်မဟာမိတ်တို့ရဲ စစ်ရေးရည်မှန်းချက် စတာတွေနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး    ပြီးခဲ့တဲ့ရက်ပိုင်းက ဟိုပန်နဲ့ပန်လုံကို UWSA ထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်လာတာတွေ့ရတယ်။ ဒီအပေါ်မှာ စစ်ကောင်စီက ဘယ်လိုမျိုး တုန့်ပြန်မှုတွေ လုပ်လာနိုင်ပါလဲ

 

ဖြေ။      ။ ဟိုပန်၊ ပန်လုံဆိုတာက ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်က “ဝ” နယ်ကို တိုင်းတာ သတ်မှတ်တဲ့အခါမှာ ချန်ထားခဲ့တဲ့ “ဝ” နယ်မြေက မြို့နယ်တစ်ခုဖြစ်ပါတယ်။ အဲတော့ အဲဒီတုန်းက တကယ်တော့ “ဝ” ကို ပြည်နယ် မပေးချင်တဲ့အတွက် အဲနေရာတွေကို ချန်ထားခဲ့တယ်။ အဲတော့ ဒါတွေက “ဝ” ဒေသ “ဝ” အမျိုးသားတွေရဲ့ဒေသ “ဝ” နယ်မြေပါပဲ။ အခုကတော့ အရှေ့မြောက်ရဲ့ စစ်ရေးအခြေအနေ ပြောင်းလဲလာတဲ့ အနေအထားအောက်မှာ ဟိုပန်၊ ပန်လုံကို “ဝ” နယ်ကို MNDA ကနေပြီးတော့ လွှဲပြောင်းပေးလိုက်တာပေါ့။ အဲဒီကိစ္စကို စစ်ကောင်စီအနေနဲ့ ကန့်ကွက်စရာ သိပ်အကြောင်းမရှိပါဘူး။ တကယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် သူတို့လည်း လိုက်နာမယ့်သဘောရှိပါတယ်။ အဲလိုရှိတာကလည်း ရှမ်းမြောက်မှာ ရှိနေတဲ့ စစ်ရေး အခြေအနေကြောင့် ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

မေး။    အခုဆိုလို့ရှိရင်ပေါ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ကြတာပေါ့လေ ဆိုတော့ ဒီစစ်ပွဲအရေးက ရှမ်းမြောက်မှာ မဖြစ်တော့ဘဲ စစ်ကိုင်းတို့မကွေးတို့မှာ ပိုမိုဖြစ်လာနိုင်လား

ဖြေ။      ။ ဟုတ်ကဲ့။ ချုပ်ပြောရရင် ရှမ်းမြောက်မှာ လာရှိုးကလွဲလို့ရှိရင် ကျန်တဲ့ဒေသအားလုံးက ညီနောင်သုံးဖွဲ့က လိုအပ်တဲ့ သူတို့ရဲ့စစ်ရေးရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်ပြီးဖြစ်ပြီလို့ ယေဘုယျပြောလို့ရတယ်။ အခုကျန်နေတာက လာရှိုးတခုပဲ ဖြစ်ပါတယ်။ လာရှိုးကိုလည်း ကိုးကန့်ဒေသလိုပဲ သူတို့လုပ်ဆောင်မယ့်သဘော ရှိပါတယ်။ ဆိုလိုတာကတော့ နှစ်ဖက်အပစ်ရပ်ပြီးတော့ ဝိုင်းပတ်ထားတဲ့ အနေအထားပေါ့။ အဲဒီကနေပြီးတော့ လောက်ကိုင်ကဖြေရှင်းနည်းတို့ တစုံတရာဖြေရှင်းမယ့် အနေအထား ရှိနေပါတယ်။ အဲတော့ အခုအရှေ့မြောက်ရဲ့ စစ်ရေးအခြေအနေ ဦးတည်ချက်က ပြီးဆုံးသွားပါပြီ။ နောင်ချိုထိ ရောက်နေပါပြီ။ အခု နောက်ထပ်ရင်ဆိုင်မယ့် ပြဿနာကတော့ ပြင်ဦးလွင်နဲ့ မန္တလေးတိုင်း ဖြစ်ပါတယ်။

အဲဒါကြောင့် အဲဒီစစ်ရေးရည်မှန်းချက်ကို ဆက်အကောင်အထည်ဖော်ဖို့ကိစ္စမှာ အခုဆွေးနွေးပွဲ သဘောတူညီချက် ထဲမှာ အဲဒီကိစ္စတွေ မပါပါဘူး။ နောက်တဘက်ကလည်း ရှမ်းမြောက်မှာမပါဝင်တဲ့ နယ်မြေတွေ ဥပမာ- မိုးကုတ်တို့ ဘာတို့ မိုးမိတ်တို့ စစ်ရေးအရ စစ်ကောင်စီက ဆက်ပြီးတော့ ထိုးနှက်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် ဒီညီနောင်သုံးဖော်ရဲ့ လှုပ်ရှားမှုဟာ အခုကတော့ ကျွန်တော်တို့ မန္တလေးတိုင်းဖြစ်တဲ့ ပြင်ဦးလွင်ရယ် မန္တလေးဒေသထဲမှာ ပိုပြီးတော့ လှုပ်ရှားမှုတွေ တိုးတက်များပြားလာတယ်။ တချိန်တည်းမှာ စစ်ကိုင်းနဲ့ မကွေးက PDF အဖွဲ့ရှိတဲ့ လှုပ်ရှားတိုက်ခိုက်မှုကလည်း ပိုမိုမြင့်တက်လာစရာ အကြောင်းရှိတယ်။ အဲဒါနဲ့ တပြိုင်နက်တည်း စစ်ကောင်စီက အဲဒီဒေသတွေမှာ စစ်ရေးအရ ချေမှုန်းတိုက်ခိုက်မယ့် အလားလာက ပိုပြီးတော့များပြားလာမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျ။

မေး။    လက်ရှိအနေအထားမှာ စစ်တပ်က နိုင်ငံရေး စစ်ရေးမှာ အရှုံးဖြစ်နေတဲ့အနေအထားပေါ့လေ ဆိုတော့ ဒီပုံစံမျိုးမှာ သူတို့က ဘာတွေဆက်လုပ်လာနိုင်ပါလဲ

ဖြေ။      ။ သူကတော့(စစ်ကောင်စီ) သူ့ရဲ့တရုတ်အကူအညီနဲ့ စေ့စပ်ဆွေးနွေးရေး လုပ်ပြီးတော့ စစ်တပ် ရပ်တည်မှုကို ဆက်လက်ပြီးတော့ သူတို့အနေနဲ့ အကောင်အထည်ဖော်နိုင်အောင် ဝှက်ဖဲမျိုးစုံ သုံးလာနိုင်ပါတယ်။ ဝှက်ဖဲမျိုးစုံဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေကို လွှတ်ပေးတာ၊ ညှိနှိုင်းဆွေးနွေးပွဲကို ဆွဲသွင်းတာ စသည်အားဖြင့် အဲဒီလိုဝှက်ဖဲတွေ ဆက်ပြီး နိုင်ငံရေးအရတော့ ထွက်ပေါက်ရှာဖို့ ကြိုးပမ်းလာမယ့် သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ စစ်ရေးအရတော့ တားဆီးနိုင်မယ့်အနေအထား မရှိပါဘူး။

မေး။    ဒီတော်လှန်ရေးအခင်းအကျင်းကြီးထဲမှာ “ဝ” ဆိုရၚ်လည်း ဟိုပန်ပန်လုံကို ထိန်းချုပ်နိုင်တဲ့ အနေအထား အလားတူပဲ TNLA တို့ ကိုးကန့်တို့ကလည်း လောက်ကိုင်တို့ နမ့်ခမ်းတို့ကို သိမ်းနိုင်တာပေါ့လေ AA ဆိုရင်လည်း ပလက်ဝကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်လာတာ တွေ့ရတယ်။ ဒီအခင်းအကျင်းမှာ မြေပုံအပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါလား

ဖြေ။      ။ အဲဒါကတော့ ဒီနွေဦးတော်လှန်ရေး စစ်ပွဲအဆုံးသတ်ပြီးတော့ စစ်ကောင်စီကို နိုင်ငံရေးခွင်ကနေ ဖယ်ရှားနိုင်တဲ့အချိန်မှာ စဉ်းစားလာကြရမယ့် ပြဿနာပါ။ အခုလောလောဆယ်ကတော့ အဲအနေအထားကို မရောက်သေးပါဘူး။

မေး။    ရခိုင်ဘက်က ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲအခြေအနေကရော ဘယ်လိုမျိုးအခင်းကျင်းတွေ ဖြစ်လာနိုင်ပါလဲ

ဖြေ။      ။ ရခိုင်က အခုကတော့ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ပလက်ဝတော့ လုံးဝသိမ်းပိုက်ပြီးတဲ့အနေအထားပါ။ အဲဒါပြီးတော့ အခုက ရခိုင်ပြည်တောင်ပိုင်းကို ဦးတည်လာပါပြီ။ ရခိုင်တောင်ပိုင်းမှာ အဓိက ဦးတည်ချက်ကတော့ တခုကတော့ ကျောက်ဖြူမှာရှိနေတဲ့ ဓညဝတီရေတပ်စခန်းကို အဓိက သိမ်းပိုက်နိုင်အောင် ကြိုးပမ်းလာနေတယ်။ အဲဒါပြီးလို့ရှိရင်တော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိနေတဲ့ အမ်းကို ဦးတည်ပြီးတော့ တိုက်ခိုက်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းရပါတယ်။ အဲဒါကြောင့် ရခိုင်တိုက်ပွဲအရှိန်က ပိုမိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here