1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူးချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် ချင်းနိုင်ငံရေး၊စစ်ရေး လေ့လာစောင့်ကြည့်နေသူများနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းတို့ သဘောထားအမြင်များ။

ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် ချင်းနိုင်ငံရေး၊စစ်ရေး လေ့လာစောင့်ကြည့်နေသူများနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းတို့ သဘောထားအမြင်များ။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် ချင်းပြည်အစိုးရအဖွဲ့/ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)/ ချင်းညီနောင် (CB) အဖွဲ့တို့ စက်တင်ဘာ ၂၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ပထမဆုံး အကြိမ် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်ဖက်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှု ရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့်နည်းလမ်းကို အသုံးမပြုကြရန် သဘောတူခဲ့ကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ လိုအပ်သလိုထပ်မံတွေ့ဆုံမှုများ ပြုသွားရန်စသည့် ကနဦးသဘောတူညီချက် ၅ ချက် ရရှိခဲ့ကြသည်ဟုဆိုသည်။

ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်တွင် တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေး အင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများ ရှိလာပြီး ချင်းလဲန်းကောင်စီကို ထောက်ခံသည့်အဖွဲ့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ထောက်ခံသည့်အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့ပါသည်။

မတူပီမြို့သိမ်းတိုက်ပွဲအတွင်းလည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှုအထိ ဖြစ်ပွားပြီး နှစ်ဖက်ရဲဘော်ကျဆုံးမှုထိ ရှိခဲ့ပါသည်။ ယခုလို နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ချင်းတပ်အချင်းချင်းကြား ပစ်ခတ်မှုရှိလာသည့်အပေါ် ZORO အဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ကြားဝင်ဆောင်ရွက် ပေးလာခြင်းလည်း ဖြစ်သည်။

ZORO အဖွဲ့သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကြောင့် အိန္ဒိယ – မြန်မာ – ဘဂ်လားဒေ့ရှ် စသည့် ၃ နိုင်ငံ၌ ကွဲပြားနေထိုင်ခဲ့ကြရသည့် ချင်း – ကူကီး – မီဇိုး (လူရှိုင်း) မျိုးနွယ်စုများကို အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်းစည်း နေထိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသော အဖွဲ့အစည်းဖြစ်သည်။

ယခုလို ညီအကိုချင်းလူမျိုးများအကြား နိုင်ငံရေးသဘောထားကွဲလွဲမှု ဖြစ်နေသည့်အပေါ် စည်လုံးညီညွတ်ရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်ပြီး ချင်းပြည်အစိုးရအဖွဲ့ /ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)/ ချင်းညီနောင် (CB)တို့နှင့် ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးကြရန် ဦးဆောင်စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

ZORO အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများရဲ့ ပြန်လည်ပေါင်းစည်းရေးခြေလှမ်းက ဘယ်လို ရှိလာနိုင်ပါလဲ။ ချင်းတော်လှန်ရေး အင်အားစုများအကြား ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဘာတွေဆောင်ရွက်ဖို့ လိုအပ်ပါလဲ။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး ချင်းနိုင်ငံရေး၊ စစ်ရေးကို လေ့လာစောင့်ကြည့်နေကြသည့် ချင်း အရပ်ဖက်အဖွဲ့အစည်း၊ တတ်သိပညာရှင်တချို့ရဲ့အမြင်များကို စုစည်းတင်ပြပေးထားပါသည်။

မရိုစလင်း ဇာဟောင် – လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဘာသာရပ် အထူးကျွမ်းကျင်သူ

ပထမမေးခွန်းကို ဖြေကြည့်ဖို့ကြိုးစားရရင် CC နဲ့ CNF တဖက်ခြမ်းမှာ၊ တဖက်ခြမ်းမှာကြတော့ ICNCC နဲ့ CB ပေါ့နော်၊ သူတို့တွေ့ဆုံပြီးတော့ သဘောတူထားတဲ့ အချက် ၅ ချက်ကို တွေ့ရတော့ ဘာပဲဖြစ်ဖြစ် အကွဲအပြဲတွေ အချင်းချင်း တိုက်ခိုက်တဲ့ အခြေအနေကနေ ဒီလိုမျိုးတွေ့ဆုံကြပြီးတော့ သဘောတူညီချက်တွေ ထွက်လာတယ်ဆိုတာ ကြိုဆိုရမယ့် ခြေလှမ်းတွေပေါ့နော်။ ဘယ်သူ့တွက်မဆို အကုန်လုံးက ဝမ်းသာကြမယ်ထင်ပါတယ်။ ဒါပေမယ့် တဆက် တည်းမှာပဲ CC ကြားထဲမှာဖြစ်ဖြစ် ICNCC/CB ကြားထဲမှာ ဖြစ်ဖြစ်ပေါ့နော်။ အကြေအလည် ဆွေးနွေးပြီးတော့ နှစ်ဖက်စလုံးက အကုန်သဘောတူညီပြီးမှ ဒီတွေ့ဆုံပွဲမှာ တက်လာကြတာဆိုလို့ရှိရင်တော့ ကောင်းတာပေါ့နော်။ အဲလို မဟုတ်ဘဲနဲ့ CC နဲ့ CNF ကြားထဲမှာလည်း ခေါင်းဆောင်ပိုင်းကပဲ သူ့ဘာသာသူတက်လာပြီးတော့ CC ထဲပါတဲ့ အဖွဲ့တွေ အကုန်လုံးနဲ့ ကြေကြေလည်လည် အရင်ဆွေးနွေးပြီးမှ သူတို့ရဲ့ Mandate နဲ့ ဒါတွေ ဒါတွေတော့ ပြောဖို့ အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တက်လာတယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ မြင်ပါတယ်။

အဲလိုမဟုတ်ဘဲနဲ့ CC နဲ့ CNF ဘက်ကလည်း ခေါင်းဆောင်ပိုင်းတွေပဲ အရင်ဆွေးနွေးပြီးတော့ သူတို့အပေါ်ပိုင်းကလူတွေ ဆွေးနွေးတာလောက် နဲ့ပဲ ဒီမီတင်ကိုတက်လာပြီးတော့ ဒီသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်တာမျိုး၊ အလားတူပဲ တဖက်ခြမ်းက ICNCC/CB အဖွဲ့တွေ အကုန်လုံးကြားမှာ ကြေကြေလည်လည် ဆွေးနွေးပြီးတော့ ဒါတွေတော့ ပြောသင့်ပါတယ်၊ ဒါတွေတော့ သဘောတူသင့်ပါတယ်ဆိုတဲ့ consensus တွေ ဒါမှမဟုတ် အများသဘောတူလား၊ ဒါမှမဟုတ် အားလုံးက လက်ခံနိုင်လောက်တဲ့ ဘုံသဘောထားတူညီချက်တွေနဲ့ တက်လာတာမျိုးမဟုတ်ဘဲနဲ့ ဒီမီတင်မှာတက်လာတဲ့ လူတွေလောက်ပဲ အိုင်ဇောလ်တဝိုက်မှာနေနေလို့ မီတင်တက်လာဖို့ အဆင်ပြေနေလို့ Logistic အရ အဆင်ပြေနေလို့ အဲလိုတက်လာတဲ့လူတွေကပဲ ခဏတဖြုတ် အရင်တွေ့ကြပြီး လောလောလောလောနဲ့ တွေ့ဆုံကြပြီးတော့ Point တွေ သယ်လာပြီးတော့ ဒီမီတင်မှာတွေ့ဆုံကြပြီးတော့ အများရဲ့ရှေ့မှာ ZORO လည်း ပါနေတော့လေ အများရဲ့ရှေ့မှာ အားလုံးရဲ့ ဖိအားတွေသက်သက်ကြောင့်ပဲ ဒီဘုံသဘော ထားတူညီချက် ၅ ချက်က ထွက်လာတာမျိုးဆိုလို့ရှိရင် ပိုပြီးလို့တောင်မှ သတိထားပြီးတော့ စောင့်ကြည့်ရမယ့် အချက် ၅ ချက်လို့ မြင်မိတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာတွေ အကွဲအပြဲတွေ ထွက်လာတယ်ဆိုတာကလည်း အချင်းချင်းကြားထဲမှာ ကြေကြေလည်လည် ဆွေးနွေးတာမျိုးမရှိဘဲနဲ့ Implement လုပ်လိုက်တဲ့ Political step တွေ၊ Military step တွေ ကြောင့်မို့လို့ ကျမတို့ဒီအခြေအနေကို ရောက်လာတာပေါ့နော်။ ဆိုတော့ အဲလို step မျိုးတွေ ထပ်မရှိလာဖို့အတွက် ဆိုလို့ရှိရင် ကြေကြေလည်လည်အရင်ဆွေးနွေးပြီးမှ Stakeholder တွေ အကုန်လုံးနဲ့ ဆွေးနွေးပြီးမှပဲ ဒီလိုမျိုး အများစုံညီ တွေ့ဆုံပွဲတွေမှာ သွားတာစကားပြောတာ သဘောတူညီချက်တွေလုပ်တာ ကောင်းမယ်လို့ထင်ပါတယ်။ အခုအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် အချင်းချင်းအပေါ်မှာ သွေးထွက်သံယိုမှု ဖြစ်သွားတဲ့အထိ ရောက်သွားကြပြီ ဆိုတော့ အဲဒီအခြေအနေကနေ ပြန်လှည့်လာပြီးတော့ ပြန်ပေါင်းစည်းဖို့ဆိုတာက နည်းနည်းအလှမ်းဝေးနေပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ချင်းလဲန်းကောင်စီကလည်း သူတို့ရေးထားပြီး Constitution တွေ Government ဆိုတဲ့ဟာတွေ ပယ်ချထားနိုင်ဖို့ ဒီဘက်ကလည်း ICNCC ဆိုတဲ့ နာမည်နဲ့မှသွားမယ်။ Chin Brotherhood ဆိုတဲ့ နာမည်နဲ့မှသွားမယ်။

ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ နာမည်ကိုလည်း ကျနော်တို့ထားခဲ့သင့်ရင် ထားခဲ့မယ်၊ ရေးထားပြီးသား Document တွေကို လည်း လျစ်လျူရှုထားဖို့လို အပ်တယ်ဆိုလို့ရှိရင်လည်း လျစ်လျူရှုထားဖို့ ကျနော်တို့ Ready ဖြစ်ပါတယ်ဆိုတဲ့ တကယ့် Open Mind နဲ့ ဘာဆိုဘာမှ Precondition မထားဘဲနဲ့ တွေ့ဆုံနိုင်မယ့်တနေ့မှာမှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ ခုန အပေါ်ပိုင်းကဟာနဲ့ ချိတ်ဆက်ပြီးတော့ ပြန်ပြောရရင် Open Process တွေ ထွက်လာနိုင်ဖို့ဆိုတာကလည်း ရှိနေပြီးသား အစုအဖွဲ့တွေ အသီးသီးကြားထဲမှာပါဝင်တဲ့ Stakeholder အကုန်လုံးစုပြီးတော့ စကားပြောကြပြီးတော့ Common Ground ၊ Common Position တွေ အရင်ယူဖို့ လိုမယ်ထင်ပါတယ်။ ကြေကြေလည်လည်နဲ့ အချင်းချင်းကြားထဲမှာ ဆွေးနွေး အဲဒါပြီးမှ Open Process နဲ့ တွေ့မယ်ဆိုတဲ့ဟာမျိုးနဲ့ ကျနော်တို့ကျမတို့ အစကနေ ပြန်စနိုင်မှ ပြန်လှည့် နိုင်မယ့်အခြေအနေမှာ ရှိမယ်လို့ထင်ပါတယ်။ တကယ် Open Process နဲ့ ပြန်စနိုင်မလား ဆိုတာကတော့ ပါဝင်တဲ့ Stakeholder အကုန်လုံးပေါ်မှာ မူတည်တယ်လို့ မြင်ပါတယ်။

Edward Andrew – ပြောရေးဆိုခွင့်ရှိသူ (Chin Civil Movement – CCM)

ဒီသတင်းကိုဖတ်မိတော့ အားရမိပါတယ်။ ကျနော်တို့ Chin Civil Movement – CCM လှုပ်ရှားမှုအနေနဲ့လဲပဲ ဒီလိုအခင်းကျင်းဖြစ်ဖို့ တချိန်လုံးတိုက်တွန်းခဲ့တာဖြစ်တော့ ဒီအခင်အကျင်းကိုမြင်ရတော့ ZORO အဖွဲ့ကို ကျေးဇူးတင်တယ်။ မီဇိုရမ်အစိုးရကိုလည်း ကျေးဇူးတင်တယ်။ တဖက်မှာ ကျနော်တို့ ဒီအချက် (၅) ချက်ကိုကြည့်တော့ နှစ်ပိုင်းပြောစရာ ရှိတယ်ပေါ့။ နံပါတ် (၁) ဒီသဘောတူညီမှု လုပ်ပြီးနောက်ပိုင်း တခုခုဖြစ်လာခဲ့ရင် ဘယ်လို အရေးယူမယ်။ အခုလို ဆက်မဖြစ်ဖို့၊ တဖွဲ့နဲ့တဖွဲ့ ယာယီခပ်ဝေးဝေးနေကြဖို့ ဆိုတာမျိုးကို မတွေ့ရဘူး။

နံပါတ် (၂) အချက်ကတော့ နံပါတ် (၅) မှာပေါ့နော် သူက action point ဖြစ်တယ်လို့ မြင်တယ်။ သို့သော် ဘယ်လိုကာလမှာ ဘယ်လိုပြန်တွေ့မယ်ဆိုတဲ့ အချက်မတွေ့ရသေးဘူး။ ဒါကလဲ ကျနော် အရမ်းမျှော်လင့် လို့လည်းဖြစ်မယ် ထင်တယ်ပေါ့နော် (ဆန္ဒစောတာပေါ့)။ ကျနော့်အကြံပြုချက်ကတော့ အခုတွေ့ဆုံမှုကို နှစ်ဖက်အစုအဖွဲ့များအနေနဲ့ အလေးအနက်ထားပြီး၊ တန်ဖိုးထားပြီး ဆက်လက်သယ်သွားဖို့နဲ့ အကောင်အထည် ဖော်သွားဖို့ အကြံပြုချင်ပါတယ်။

ဆလိုင်းဒိုခါရ် – India for Myanmar တည်ထောင်သူ

ဒီတွေဆုံဆွေးနွေးမှုအတွက် ဝမ်းသာတယ်။ တဆက်တည်းမှာပဲ တဘက်မှာစိုးရိမ်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုင်းကလဲ အကုန်လုံး‌ မအောင်မြင်တတ်တော့ ကျွန်တော်တို့ ချင်းအချင်းချင်း ညှိနှိုင်းမှု အောင်မြင်အောင် စနစ်တကျ ချဉ်းကပ်နိုင်ဖို့လိုတယ် ဆိုတဲ့ဟာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်အတွေ့အကြုံအရ ချင်းအတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းလာခဲ့ပေမဲ့ အမြဲတမ်းလိုလို မအောင်မြင်ခဲ့တဲ့ အကြောင်းအရာက ကျွန်တော်တို့ ချင်းအရေး အဖြေရှာတဲ့ ချဉ်းကပ်မှု အားနည်းချက်ကြောင့်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဒီတစ်ခါ အခုလို ဆွေးနွေးညှိနှိုင်းမှုလဲ ပေါ်လာတယ်၊ ဆွေးနွေးမှုကိုလဲ ပိုပြီးစနစ်တကျ လုပ်လာတော့မယ်ဆိုရင် အဓိက ချဉ်းကပ်နည်း မမှားဖို့ပေါ့နော်၊ ချဉ်းကပ်မှုမှားရင် ချင်းပြည်ကတော့ ဆက်လက်ရှုံးအုံးမယ့် အနေအထားဖြစ်တာပေါ့။ ဆိုတော့ ချဉ်းကပ်မှု မှန်မှန်ကန်ကန်နဲ့ သွားနိုင်ကြဖို့ကိုတော့ ‌ကျွန်တော်ကြိုဆိုရင်းနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်တော်တို့က လက်ရှိအချိန်မှာ သေချာတာတစ်ခုက မြို့သိမ်းတိုက်ပွဲလဲ စဆင်နွှဲနေကြပြီဆိုတော့ ၂၀၂၅ နှစ်ကုန်ပိုင်း လောက်မှာ လုံးဝရာနှုန်းပြည့် မဟုတ်ရင်တောင်မှ ၉၀ ရာခိုင်နှုန်းလောက်တော့ တော်လှန်ရေးအဖွဲ့က အပြည့်အဝ နေရာရလာနိုင်ခြေရှိတယ်။ ဆိုတော့ ကျွန်တော်ကတော့ ချင်းအရေး အဖြေရှာတဲ့အချိန်မှာ တခါတည်းနဲ့ အဆင့်များစွာ ကိုလဲ ကျော်ပြီးတော့မှတွေးကြည့်ဖို့ လိုတယ်လို့ ကျွန်တော်အကြံပြုချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခု တော်လှန်ရေးကာလ ဖွဲ့စည်းပုံနဲ့ ချဉ်းကပ်တဲ့ဟာမျိုးဖြစ်တဲ့အတွက် အဖွဲ့အစည်းအသီးသီးရဲ့ Interests Base (အကျိုးစီးပွားကိုအခြေခံပြီး) နဲ့ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အခါကြတော့ အလျှော့အတင်းလုပ်ရတာ တအားခက်တာပေါ့နော်။

ဆိုတော့ အဲဒီဟာကို အဆင့်ကျော်ပြီးတော့မှ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဟာလိုမျိုးကို ခေါင်းစဉ်တည်ပြီးတော့မှ ဆွေးနွေးတယ်ဆိုလို့ရှိရင် လက်ရှိ ICNCC ဘက်ကလဲ သူတို့ရဲ့ မိခင်အဖွဲ့အစည်းကို ထားခဲ့စရာလဲမလိုဘူး၊ CC ချင်းလဲန်း ကောင်စီကလဲ သူတို့ရဲ့အဖွဲ့အစည်းကို ဖျက်သိမ်းစရာလဲမလိုဘူး။ ဒီအုပ်စုကနေ ကမကဌပြုပြီးတော့မှ လာမဲ့ ၂၀၂၅ လောက်ကို နောက်ဆုံး deadline ထားပြီးတော့မှ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံကာလ မူကြမ်းဟာမျိုး ရေးဆွဲတယ် ဆိုရင် ကျွန်တော်တို့ ချင်းပြည်အတွင်း ကျင့်သုံးလာဖို့ အထောက်အကူဖြစ်မယ့် အသွင်ကူးပြောင်းရေး ကာလဆန်တဲ့ ဖွဲ့စည်းပုံမျိုးပေါ့နော် အဲဒါမျိုးကို ကြိုပြီးတော့မှ စဉ်းစားဆွေးနွေးတယ်၊ ချဉ်းကပ်တယ် ဆိုလို့ရှိရင်တော့ အဖြေရှာရ ပိုလွယ်ကူလိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်။

Salai Van Sui San – လက်ထောက်ညွန်ကြားရေးမှူး/ ချင်းရေးရာအဖွဲ့ချုပ် (ICA)

ဆွေးနွေးချက်မှာ ဘုံသဘောတူညီချက် ၅ ချက် ထွက်လာတဲ့အပေါ်မှာ ဒါဟာချင်းပြည် ပြန်လည်ထူထောင်ဖို့အတွက် ကနဦးခြေလှမ်းအဖြစ် ကျနော်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ဒီဟာက အင်မတန်အရေးကြီးတဲ့အရာနဲ့ ထိရောက်တဲ့အရာ ဖြစ်ဖို့ တော်တော်လိုအပ်ပါလိမ့်မယ်။ နောက်တချက်မှာ လက်တွေ့မှာ ဘယ်လိုအကောင်အထည်ဖော်လာမလဲဆိုတာ စောင့်ကြည့်ဖို့ လိုဦးမယ်လို့လည်းထင်တယ်။ ဘာလို့လဲဆိုရင် ရှေ့မှာသာဓကတွေလည်း ရှိခဲ့တယ်။ CJDC မှာဆိုရင် ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံးပူးပေါင်းပြီးမှ ဖွဲ့စည်းထားတာဖြစ်တယ်။ အဲမှာလည်း အရမ်းကောင်းတဲ့မူဝါဒတွေ ချမှတ်ထားနိုင်ခဲ့တယ်။

ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့ အပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိလာတယ်။ လက်တွေ့ဆွေးနွေး ညှိနှိုင်းတဲ့နေရာမှာ၊ အကောင်အထည်ဖော်တဲ့နေရာမှာ အများကြီးလိုအပ်ချက်တွေ ရှိလာတာ တွေ့ရတယ်ဆိုတော့ လက်တွေ့မှာ ဘယ်လိုအကောင်အထည် ဖော်ကြမလဲဆိုတဲ့ အပိုင်းကိုတော့ ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ ကြားမှာက စည်းလုံး ပူးပေါင်းမှုက ရှိပြီးသားပါ။ တကယ့်စည်းလုံးမှု လိုအပ်နေတာက လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေမဟုတ်ဘဲနဲ့ နိုင်ငံရေးပလက်ဖောင်းမှာသာ စည်းလုံးမှုတွေက လိုအပ်ချက်ရှိနေတာဖြစ်တယ်။

ကျနော်အနေနဲ့က တော်လှန်ရေးအင်အားစုတွေဆိုတာထက် ချင်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတဲ့ အပိုင်းကို ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိသေးတယ်လို့ ပြောချင် ပါတယ်။ CJDC တုန်းကလည်း လက်နက်ကိုင်အဖွဲ့တွေကြားမှာ စည်းလုံးညီညွတ်မှုရှိတယ်။ တသွေးတသံထဲ ခြေလှမ်း လှမ်းနိုင်ခဲ့တယ်။ သို့သော် နိုင်ငံရေးပလက်ဖောင်းတွေရဲ့ မလိုအပ်ဘဲနဲ့ ပါဝင်မှုတွေ အရမ်းများလာတဲ့ အခါကြတော့ ပျက်စီးရခြင်းဖြစ်တယ်။ အဲလို သာဓကလေးတွေ ရှိတဲ့အတွက် နောက်ဆုံးအနေနဲ့ ပြောချင်တာက နိုင်ငံရေး ဦးဆောင်သူတွေက ဘယ်လိုခြေလှမ်းမျိုးနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

KMG ပေးပို့သည်။