8 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျွန်မအနေနဲ့တော့ ဒီတော်လှန်ရေးထဲဝင်မယ်လို့ ဆုံးဖြတ်ကတည်းက သေနတ်ကိုင်ဖို့ဝင်လာတာ။ ဒီတော်လှန်ရေးထဲ ရောက်လာသူအချင်းချင်း လိင်ပိုင်းဆိုင်ရာခွဲခြားခြင်း မရှိဘူး။ အမျိုးသား၊အမျိုးသမီး တန်းတူပဲလို့ ကျွန်မခံယူတယ်လေ။ သူတို့ရဲ့...

“ကျွန်မအနေနဲ့တော့ ဒီတော်လှန်ရေးထဲဝင်မယ်လို့ ဆုံးဖြတ်ကတည်းက သေနတ်ကိုင်ဖို့ဝင်လာတာ။ ဒီတော်လှန်ရေးထဲ ရောက်လာသူအချင်းချင်း လိင်ပိုင်းဆိုင်ရာခွဲခြားခြင်း မရှိဘူး။ အမျိုးသား၊အမျိုးသမီး တန်းတူပဲလို့ ကျွန်မခံယူတယ်လေ။ သူတို့ရဲ့ အထင်သေးတာကိုတော့မခံနိုင်ဘူး။ ဒီကို စစ်အာဏာရှင်ကို တော်လှန်ဖို့ ရောက်လာတာပါ” GiGi (လက်ဖြောင့်တပ်သား / PDF-Zoland)

လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသမီး Sniper တစ်ယောက်အဖြစ် ရွေးချယ်လုပ်ကိုင်လျက်ရှိသည့် PDF -Zoland တပ်ဖွဲ့ဝင် GiGi နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းမှုကိုလက်မခံသည့် နိုင်ငံတစ်ဝန်းရှိပြည်သူလူထုသည် ငြိမ်းချမ်းစွာဖြင့်ဆန့်ကျင်ဆန္ဒထုတ်ဖော် ခဲ့ကြသော်လည်း စစ်ကောင်စီတပ်က လက်နက်မဲ့ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းလာသည့်နောက် တစ်နိုင်ငံလုံးရှိ လူငယ်များသည် လက်နက်ကိုင်တော်လှန်ရေးထဲကိုဝင်ရောက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိတိုက်ပွဲဝင်လာကြသည်မှာ ၄ နှစ်ကျော်ရှိလာပြီ ဖြစ်သည်။

အဆိုပါလူငယ်များစွာထဲတွင် အသက် ၂၀ နှစ်အရွယ် ၁၀ တန်းကျောင်းသူ GiGi လည်း အပါအဝင်ဖြစ်သည်။ GiGi သည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲတွင် လက်နက်ကိုင်တော်လှန်လှုပ်ရှားနေသည့် PDF-Zoland တပ်ဖွဲ့၌ ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ကာ ရှားရှားပါးပါး အမျိုးသမီးလက်ဖြောင့်တပ်သား (Sniper) တစ်ဦး ဖြစ်လာပြီး လက်ရှိတွင် တပ်စိတ်မှူးတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည်။

PDF-Zoland တပ်ဖွဲ့ဝင် GiGi အား လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာခဲ့ရသည့်အကြောင်းရင်း၊ အမျိုးသမီး Sniper တစ်ယောက်အဖြစ် ရွေးချယ်လုပ်ကိုင်ခဲ့ပုံ၊ အမျိုးသမီးလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးအနေဖြင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါသည်။

ပုံစာ – GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

မေး။ ။ ဒီတော်လှန်ရေးထဲမဝင်ခင်မှာ GiGi ဘာတွေလုပ်ခဲ့ပါလဲ။

ဖြေ။ ။ တော်လှန်ရေးထဲမဝင်ခင်ကတော့ ကျွန်မ ၁၀ တန်းတက်နေခဲ့တာပေါ့နော်။ ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်လိုက်၊ တက်လိုက် ဖြစ်နေချိန် အာဏာသိမ်းတာဆက်ဖြစ်တော့ ၁၀ တန်း မဖြေလိုက်ရဘူး။ အဲချိန်တုန်းက ကျွန်မအသက် ၁၇ နှစ်ပေါ့နော်။ အခုတော့ ၂၀ ရှိပါပြီ။

မေး။ ။ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်ခဲ့တာပါလဲ။ ဘယ်တုန်းကစပြီး ပါဝင် ဖြစ်တာပါလဲ။

ဖြေ။ ။ ပထမဦးဆုံးအချက်ကတော့ စစ်အာဏာရှင်ကို မလိုလားလို့ပါ။ နောက် ကျွန်မတို့မျိုးဆက်မှာ ဒီစစ်အာဏာရှင်စနစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပေါ့။ အမြစ်ဖြတ်ပြီးတော့ နောက်လာမဲ့မျိုးဆက်သစ်တွေ အခုလို စနစ်ဆိုးကြီးနဲ့ မကြုံစေချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမိဘတွေဆိုရင်လည်း အာဏာရှင် စနစ်ဆိုးကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြတယ်။ အထူးသဖြင့် ကျွန်မတို့လို ချင်းတောင်ဒေသတွေမှာဆိုရင် အာဏာရှင်တွေက လူသားချင်းစာနာမှု တစက်မှမရှိဘဲ ပြည်သူတွေကို ဘယ်လိုအုပ်ချုပ်တာ၊ ဘယ်လိုနှိပ်စက်တာ၊ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေ ဘယ်လိုယူတာ၊ ဘယ်လိုဖျက်ဆီးတာကအစ ပြောပြလေ့ရှိတယ်။ နောက် အခုလဲပဲ ကျွန်မတို့ လက်တွေ့ရင်ဆိုင်နေရတာပေါ့။

စစ်တပ်က ကျွန်မတို့ကို လူလိုမဆက်ဆံတော့ဘူး။ သူတို့ဘယ်လို ညှင်းပမ်းနှိပ်စက်တယ်ဆိုတာ အွန်လိုင်း ပေါ်မှာပဲဖြစ်ဖြစ် အနီးအနားမှာပဲဖြစ်ဖြစ် ကြားသိနေရတယ်။ အထူးသဖြင့် ကျွန်မတို့လိုမျိုးဆက်သစ်လူငယ်တွေ ကို ပစ်မှတ်ထားပြီးတော့ကို ဖမ်းဆီး၊သတ်ဖြတ်နေတာ ဒါတင်မက အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်တာတွေ မြင်ရ၊ ကြားရတဲ့အခါမှာ မနေနိုင်ဘူး။ သူတို့ရဲ့လုပ်ရပ်ကို ဒီအတိုင်း ရပ်ကြည့်နေလို့ ပြီးဆုံးသွားမဲ့အရာ မဟုတ်တော့ ဒီလုပ်ရပ်ဆိုးကြီးကို တခါတည်းရပ်တန့်အောင် မလုပ်နိုင်ရင်တောင်မှ ကျွန်မတို့ရဲ့ ခံစားချက်ကို ဖော်ထုတ်ရမယ်ဆိုပြီး တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်လာရခြင်း ဖြစ်ပါတယ်။

မေး။ ။ ကိုယ်ကအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အခါမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးထဲဝင်ရတော့ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရပါလဲ။ အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ပါလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲကတော့အများကြီးပေါ့နော်။ တောထဲမှာ ဆိုကတည်းက အမျိုးသမီးတွေအတွက် အခက်အခဲကတော့ ရှိနေပြီပေါ့။ ဒါပေမဲ့ အဲဒီအခက်ခဲတွေကတော့ သိပ်မမှုဘူး။ ပိုပြီးခက်ခဲတာက လက်နက်ကိုင်ချင်ပေမဲ့ အမျိုးသမီးမို့လို့ ကိုင်နိုင်မှာမဟုတ်ဘူးဆိုပြီး အမျိုးသား တွေရဲ့ အထင်သေးတာတွေကိုတော့ တော်တော်မခံစားနိုင်ဘူး။ တခြားသူတွေရဲ့ခံယူချက်တော့ မပြောတတ်ဘူး။

ကျွန်မအနေနဲ့တော့ ဒီတော်လှန်ရေးထဲဝင်မယ်လို့ ဆုံးဖြတ်ကတည်းက သေနတ်ကိုင်ဖို့ဝင်လာတာ။ ဒီတော်လှန်ရေးထဲ ရောက်လာသူအချင်းချင်း လိင်ပိုင်းဆိုင်ရာခွဲခြားခြင်း မရှိဘူး။ အမျိုးသား၊အမျိုးသမီး တန်းတူပဲလို့ ကျွန်မခံယူတယ်လေ။ သူတို့ရဲ့ အထင်သေးတာကိုတော့ မခံနိုင်ဘူး။ ဒီကို စစ်အာဏာရှင်ကို တော်လှန်ဖို့ ရောက်လာတာပါ။ မိန်းကလေးတွေလဲ ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာကို ပြလေ့ရှိတယ်။

မေး။ ။ GiGi က Sniper သမားဆိုတော့ ဘာကြောင့် Sniper အဖြစ် ရွေးချယ်ရတာပါလဲ။ ဒီလိုဖြစ်ဖို့ ဘယ်လို ကြိုးစားလုပ်ဆောင်ခဲ့ရလဲ။

ဖြေ။ ။ မိန်းကလေးတွေက အများအားဖြင့် ရှေ့တန်းသိပ်မထွက်ရဘူး။ ဆိုတော့ စနိုက်ပါ (Sniper) ဆိုရင် ရှေ့တန်းကို မဖြစ်မနေပို့မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ဝင်ဖြစ်တာပေါ့နော်။ ဒီတော်လှန်ရေးစတော့ သတင်းတွေ နားထောင်တယ်။ အဲမှာ လက်နက်ကိုင်တော်လှန်ဖို့ PDF-Zoland တို့ CNA တို့မှာ သင်တန်းတက်လို့ရတယ် ကြားတယ်။ ကျွန်မလဲ တက်ချင်တယ်၊ အဲချိန်ကတည်းက ကျွန်မလက်နက်ကိုင်တပ်ဖွဲ့ထဲဝင်ရင် sniper ကိုင်ဖို့ ဆုံးဖြတ်ပြီးသား။ ဝင်တော့ PDF-Zoland မှာပေါ့၊ အမျိုးသမီးစနိုက်ပါ မရှိသေးဘူး။ နောက် စနိုက်ပါသင်တန်း ခေါ်ပြီဆို ယောက်ကျားလေးတွေပဲ။

မိန်းကလေးတွေကြတော့ ငါတို့ကိုလဲဘယ်တော့ခေါ်မလဲဆိုပြီး မျှော်လင့်နေရတာပေါ့။ နောက်တော့ မိန်းကလေး တွေလဲခေါ်တော့ တက်ဖြစ်သွားတာပေါ့နော်။ စနိုက်ပါမှာကြတော့ ပစ်မှတ်ချိန်တတ်ဖို့ တွက်ချက်တတ်ဖို့လိုတယ်။ အဲမှာ သင်္ချာသုံးရတာပေါ့နော်။ အစတုန်းကဆို သင်္ချာတွေတွက်ရတော့ ကျွန်မ ရပါ့မလားဆိုပြီး နဲနဲကြောက်ခဲ့ လိုက်သေးတယ်။ ဒါပေမဲ့ ဒါကျွန်မလုပ်ချင်တဲ့အရာပဲဆိုပြီးတော့ အဲဒီစိတ်နဲ့ ကြိုးစားတယ်။ မသိတာရှိရင် စီနီယာတွေ ခဏခဏမေးတယ်။ သူတို့ငြီးငွေ့လောက်တဲ့အထိမေးတာ အဲလိုနဲ့ကြိုးစားခဲ့ရပါတယ်။

မေး။ ။ Sniper တစ်ယောက်အတွက် ဘာကအရေးကြီးဆုံးဖြစ်မလဲ။

ဖြေ။ ။ စနိုက်ပါအတွက် ပစ်မှတ်က အဓိကပါပဲ။ အဲဒီအတွက်လဲ စနိုက်ပါတစ်ယောက်အနေနဲ့ ပိုပြီး လက်ဖြောင့်ဖို့ မြန်ဆန်နိုင်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချတတ်ဖို့ မီတာ ၁၀၀ မှာ ကလစ်ဘယ်လောက်ရွှေ့ရမယ်၊ လေတိုက်နှုန်းက ဘယ်လိုဆိုတဲ့အချက်တွေ အရေးကြီးတယ်။ လေ့ကျင့်ယူရတယ်ပေါ့နော်။ ကျွန်မကတော့ လာမဲ့ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်ထားတယ်။ အဲဒီအတွက် အချိန်ရရင်ရသလို ကိုယ့်ကိုကိုယ် လေ့ကျင့် ဖြစ်တယ်။

မေး။ ။ Sniper တစ်ယောက်အနေနဲ့ရော တိုက်ပွဲတွေမှာပါဝင်ခဲ့ပြီလား။ ဘယ်လို ပါဝင်ဖြစ်ခဲ့လဲ။

ဖြေ။ ။ အခုထိ ရှေ့တန်းတစ်ခါပဲ သွားဖူးသေးတယ်။ အဲဒါက ၂၀၂၄ မေလတုန်းက တီးတိန်မြို့ပေါ် တိုက်ပွဲမှာပါ။ ကျွန်မသူငယ်ချင်းနဲ့ စနိုက်ပါပဲပေါ့နော်၊ နှစ်ယောက် နေ့နေ့ညည အလှည့်ကျစောင့်မယ်ပေါ့၊ အဲလိုစီစဉ်ထားတာ ဖြစ်မလားခဲ့ဘူး။ တိုက်ပွဲက ထင်သလောက်မကြာခဲ့ဘူးလေ။

မေး။ ။ ပစ်မှတ်ဘယ်နှစ်ခုလောက် အောင်မြင်သွားပြီလဲဆိုတာရော ပြောပြလို့ရမလား။

ဖြေ။ ။ ကျွန်မရှေ့တန်းဝင်ဖူးတဲ့ တီးတိန်မြို့ပေါ် micro စခန်းသိမ်းတုန်းကပေါ့။ ကျွန်မတို့က micro နဲ့ မီတာ ၈၀၀ လောက်မှာနေရာယူတော့ အဲဒီနေ့ကလဲ စစ်သားတွေပဲကံကောင်းတာလား ကျွန်မကပဲ ပစ်ဖို့ကံမပါတာလား၊ ရာသီဥတုက သိပ်မအေး (တိမ်ထူ) တော့ ပစ်မှတ်ကိုရှင်းရှင်းလင်းမမြင်ရဘူး။ အဲလိုနဲ့ ရန်သူပစ်မှတ်ထိတာ မရှိသေးပါဘူး။

မေး။ ။ GiGi လို အမျိုးသမီး sniper တွေ များလား။

ဖြေ။ ။ ကျွန်မတို့သင်တန်းတက်တုန်းက ၄ ယောက်ပေါ့နော်၊ ဒါပေမဲ့ ကျန်းမာရေးကြောင့် နားတဲ့သူတွေရှိတော့ လက်ရှိ ၂ ယောက်ပဲ ကျန်တယ်။

မေး။ ။ ဘယ်တုန်းကသင်တန်းပြီးခဲ့တာလဲ၊ သင်တန်းမှာ ယောက်ကျားလေးတွေနဲ့ အတူတက်ခဲ့ရတာလား။ သင်တန်းအကြောင်းလဲ ပြောပြပေးပါအုံး။

ဖြေ။ ။ စနိုက်ပါသင်တန်းပြီးတာ အခုဆိုရင် ၁ နှစ် လောက်ရှိပြီပေါ့နော်၊ ကျွန်မတို့တက်တုန်းက ယောကျားလေး ၈ ယောက်နဲ့ မိန်းကလေး ၄ ယောက် စုစုပေါင်း ၁၂ ယောက်ပေါ့။ စတက်ကတည်းက သေနတ် ပစ်ရတယ်။ အစကတော့ လက်နက်ငယ်နဲ့ စမ်းတယ်။ နောက်တော့ 30-06 sniper နဲ့ ပစ်ခိုင်းတယ်။ ဆရာတွေက တစ်ရက်ကို ဘယ်နှစ်ခါဆိုပြီးတော့ ပစ်မှတ်ထားပေးတယ်၊ နေ့တိုင်း အမှတ်ပေးတယ်။ ကျွန်မလဲ ဘုရားကျေးဇူးတော်ကြောင့် လက်ဖြောင့်ဆု ပထမဆု ရခဲ့တယ်။

ကျွန်မတို့ အမျိုးသာတွေလုပ်သလို လုပ်ရတဲ့အချိန်က သင်တန်းအတွင်းပဲ။ တခြားစစ်သင်တန်းတွေမှာလဲ ပီတီ ပြေးတာကအစ၊ ဖားခုန်တာ၊ အပစ်ပေးခံရတာ အကုန်တန်းတူပဲ။ သင်တန်းမှာ ယောကျ်ား၊ မိန်းမ ခွဲခြားတာ လုံးဝမရှိဘူး။ အပစ်ပေးခံရရင်လဲ အထူးသဖြင့် တပ်စိတ်မှူးနဲ့ အထက်ဆို ပိုခံရတယ်။ ရဲဘော်တွေက ၂ ကြိမ် အရိုက်ခံရရင် အမျိုးသမီးတပ်စိတ်မှူးဖြစ်ပါစေ ယောက်ျားလေးရဲဘော်ထက် ပိုခံရတာပါပဲ။

မေး။ ။ GiGi တို့လို အမျိုးသမီးတွေက အလုပ်လုပ်တဲ့အခါမှာရော တိုက်ပွဲဝင်တဲ့အခါမှာရော အကုန်လုံးမှာ အမျိုးသားတွေလုပ်သလိုမျိုး အတူတူမလုပ်ရဘူးလား။ ပြောပြပေးလို့ရမလား။

ဖြေ။ ။ ကျွန်မတို့ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စာဖိုဆောင် ပြန်ပို့ခံရတယ်လေ။ ကျွန်မလိုချင်တာက သင်တန်းကိုလည်း အတူတူတက်ရတာဖြစ်လို့ ပြီးသွားရင်လဲ ယောက်ျားလေးမို့ ရှေ့တန်းပို့မယ်၊ မိန်းကလေးမို့ စာဖိုဆောင်မှာ ထမင်းချက်ခိုင်းမယ်၊ အဝတ်လျှော်ခိုင်းမယ် ဆိုတာမျိုး မဟုတ်ရင်ကောင်းမယ်။ ကျွန်မတို့က မိန်းကလေးဆိုတော့ သူတို့ရှေ့တန်းမှာ ယောကျားလေးတွေလို ပြေးနိုင်မှာမဟုတ်ဘူး။ ပစ်ခတ်သံတွေ ကြားရင် သူတို့ကြောက်မယ်။ ပြီးတော့ တပ်ပြန်ဆုတ်ဖို့လိုရင် အမြန်မပြေး နိုင်မှာစိုးလို့ပေါ့နော်။

တကယ်တော့ ကျွန်မတို့သင်တန်းတက်ကတည်းက သေနတ်ကိုင်နိုင်မယ်လို့ ဆုံးဖြတ်ချက်နဲ့ ဝင်လာတာ ဖြစ်တယ်။ ယောက်ကျားလေးတွေလိုပဲ လုပ်နိုင်ပါတယ်။ ရှေ့တန်းမှာလဲ သူတို့လိုပြေးနိုင်မယ်လို့ယုံကြည်တာပါ။ တခါတလေ ယောက်ျားလေးတွေ ရှေ့တန်းသွားရလို့ ရှေ့တန်းမသွားရတဲ့မိန်းကလေးတွေကို အထင်သေးတဲ့ အကြည့်တွေရှိတတ်တော့ ကျွန်မတို့လဲရှေ့တန်းသွားနိုင်တယ်လို့ လက်ညိုးတစ်ချက်ကွေးဖို့လောက် ကျွန်မတို့လဲ လုပ်နိုင်တယ်လို့။ မိန်းကလေးတွေလဲ သူတို့ရဲ့တတ်ကျွမ်းတဲ့အပိုင်း၊ သူတို့ရဲ့စိတ်ဝင်စားမှုအပိုင်းပေါ့။ ဥပမာ- ဆေးဘက်မှာဖြစ်စေ၊ ဆက်သွယ်ရေးပိုင်းဖြစ်စေ၊ ဒရုန်းဖွဲ့မှာဖြစ်စေ သူတို့ရဲ့စိတ်ဝင်စားမှုအလိုက် တာဝန်တွေ ပေးအပ်တာမျိုး ဖြစ်စေချင်တယ်။

တခါတလေ မိန်းကလေးတွေက ကိုယ်ပါဝင်ချင်တယ်၊ လုပ်ချင်တယ်ဆိုပေမဲ့ ပါဝင်ခွင့်မရတာတို့ စားဖိုဆောင်မှာပဲ တာဝန်ကျတာတို့ဆို တကယ်စိတ်ဓါတ်ကျတာ။ တခါတလေဆို ကျွန်မတို့ မိန်းကလေးတွေက တော်လှန်ရေးထဲ ဝင်တာ ထမင်းချက်ဖို့ဝင်တာများလားလို့တောင် ကိုယ့်ကိုကိုယ်ပြန်မေးနေရတယ်။ တကယ်တော့ ကျွန်မတို့ မိန်းကလေးတွေကလေ ထမင်းချက်တာအပြင် တခြားကိစ္စမှာ တကယ်တော်တဲ့အပိုင်း တွေ ရှိပါတယ်။ ကျွန်မတို့ ဘာစိတ်ဝင်စားလဲဆိုတာ မေးကြည့်ပါ။ ကျွန်မတို့မှာလဲ ကျွမ်းကျင်းတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျွန်မတို့ကလဲ တတ်နိုင်သလောက် ကြိုးစားကြမှာပါ။

မေး။ ။ လက်ရှိဆင်နွှဲနေတဲ့ နွေးဦးတော်လှန်ရေးကလည်း အခုဆိုရင် ၄ နှစ်ထဲ ရောက်လာပြီ။ ဒီတော်လှန်ရေး အပေါ် ညီမရဲ့မျှော်လင့်ချက်ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ အခု ပြည်သူတွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တွေဖြစ်ဖြစ် ကျွန်မတို့ကိုယ်စီရဲ့ ကြိုးပမ်းမှုရဲ့ရလဒ်က တဖြည်းဖြည်းနဲ့ မြင်တွေ့နေရပြီ။ တော်လှန်ရေးဆိုတာ ငါနဲ့မဆိုင်ဘူးလို့မပြောဘဲနဲ့ ငါလည်းတနည်းနည်းနဲ့ ပါဝင်မှဖြစ်မယ်။ ဒီလူငယ်တွေက ပြန်မရနိုင်တော့တဲ့ သူတို့အသက်တွေနဲ့ ရင်းနေတဲ့အချိန် လူကြီး၊ မိဘတွေ အနေနဲ့လဲ လူကိုယ်တိုင်မပါဝင်နိုင်ရင်တောင် ပြန်ရှာလို့ရတဲ့ ပစ္စည်းဥစ္စာတွေနဲ့ပါဝင်ကြမယ်။

တော်လှန်ရေးမှာ မပါဝင်နိုင်သေးတဲ့ မိဘပြည်သူတွေ ထပ်ပြီးပူးပေါင်းပါဝင်လာကြမယ်ဆိုရင် ဘယ်လောက် တောင် အောင်မြင်မှုရလာကြမလဲဆိုတာ စဉ်းစားကြည့်ရင် တကယ်အားရစရာကောင်းတယ်။ အခုတောင် ပြည်သူတွေရဲ့အကူအညီနဲ့ ကျွန်မတို့ချင်းပြည်နယ်ကမြို့တွေ တစ်ခုပြီးတစ်ခုသိမ်းနိုင်ကြပြီလေနော်။ “စည်းလုံးခြင်းသည်အင်အား” ဆိုသလိုမျိုး ကျွန်မတို့ပြည်သူတွေအားလုံး ညီညီညွှတ်ညွှတ်နဲ့ ကြိုစားကြရင် မြို့သိမ်းတာလောက်က မကြာခင်အကုန်သိမ်းပိုက်နိုင်မှာပါ။ ကျွန်မတို့ ပန်းတိုင်ရောက်တော့မယ်ဆိုတာ ကျွန်မယုံကြည်မျှော်လင့်တယ်။

မေး။ ။ တော်လှန်ရေးအတွင်း ထူးထူးခြားခြား အမှတ်တရလေးရှိရင် ပြောပြပေးပါအုံး။

ဖြေ။ ။ သူများအတွက် ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ကျွန်မအတွက် ခက်လဲခက်၊ မေ့လို့မရတဲ့ အခိုက်အတန့် လေးပေါ့။ အဲဒါက စနိုက်ပါသင်တန်းတက်တုန်းကပေါ့။ ဆရာက မနက်အစောကြီး ၅ နာရီမှာနိုး၊ စခန်းနဲ့ ၁၀ မိုင် လောက်ဝေးမဲ့နေရာကို မနက်စာလဲမစား၊ နေ့လည်စာလဲမစား၊ ဘာမှမစား၊ ရေပဲသောက်ခိုင်းပြီးတော့ ခေါ်သွားတာ။ အသွားဘက်က အဆင်းပဲ အေးဆေးသွားနိုင်တယ်။ နောက် ဗိုက်လဲသိပ်မဆာသေးတော့ အဆင်ပြေ တာပေါ့။ အပြန်ကြတော့ ဟွေး အတက်ကြီးပဲ။

နောက် ရေတွေလဲ အကုန်ကုန်သွားပြီ။ ထမင်းချက်လို့လဲမဖြစ်၊ အဲမှာ ဗိုက်လဲဆာ၊ ရေလဲဆာ အခုထိပြန်တွေး လိုက်ရင် ရေဆာတုန်း။ အဲမှာ ကျွန်မတို့သူငယ်ချင်း မိန်းကလေး တစ်ယောက်ပေါ့၊ သူလဲမခံနိုင်တော့ သူ့သေနတ် တောင်မသယ်နိုင်တော့ဘူး။ ကျွန်မလဲ ယောကျ်ားလေးတွေ ကူပေးမှာကို မလိုလားတော့ သူ့သေနတ်ကို ယူထမ်းလိုက်တာပေါ့။ အဲဒါတော့ မမေ့နိုင်ဘူး၊ တစ်နေ့လုံးမှာမှ good day biscuit မုန့်တစ်ချပ်လေးပဲ စားရတာ။ ဒါနဲ့ ည ၇ နာရီမှ စခန်းပြန်ရောက်တော့မှ တနေကုန်စာ ထမင်းစားကြရတာပေါ့။ ကျွန်မတို့ ဆရာက လေ့ကျင့်ပေးတာ။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါအုံး။

ဖြေ။ ။ တကယ်တော့ ယောက်ကျားလေးတွေက ကျွန်မတို့လိုအမျိုးသမီးတွေကို သနားညှာတာပေးတာ၊ ဂရုစိုက်ပေးတာကို နားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ တခါတလေမှာ ကျွန်မတို့ရဲ့ဆန္ဒကလဲ ဘာလဲဆိုတာ မေးစေချင်တယ်။ သနားလို့ဆိုပြီး မလုပ်ခိုင်းတာ၊ ခွင့်မပြုတဲ့အရာတွေကလေ ကျွန်မတို့အတွက် အားငယ်စရာတွေ ဖြစ်ဖြစ်သွားလို့ပါ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ဆန္ဒတွေကိုလည်း နားလည်စေချင်တယ်။

KMG ပေးပို့သည်။