အနာဂတ်ခေါင်းဆောင်တွေဖြစ်လာကြမယ့် မွန်လူငယ်တွေကို အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ မွန်လူငယ် ဆုံရပ်အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။
ဒါကြောင့် တော်လှန်ရေးမှာ မွန်လူငယ်တွေရဲ့အခန်းကဏ္ဍ၊ မွန်နိုင်ငံရေးအခင်းကျင်းမှာ ဘယ်အဖွဲ့အစည်းတွေက လမ်းညွှန်ဦးဆောင်ပေးသင့်လဲ၊ မွန်လူမျိုးတွေရဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ နိုင်ပညာမာန်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံးအနေနဲ့ တော်လှန်ရေးမှာ မွန်လူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ လက်ရှိတော်လှန်ရေးထဲမှာ မွန်လူငယ်တွေပါဝင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ လက်ရှိနွေဦးတော်လှန်ရေးက လူငယ်တွေရဲ့ဦးဆောင်မှုနဲ့စခဲ့တဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီအတွက် ကျွန်တော့်အမြင်ကတော့ အနာဂတ်မွန်ပြည်ကို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ လူငယ်တွေပဲရှိသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ လူငယ်တွေရဲ့ ဦးဆောင်မှုနှင့်သာ အနာဂတ်မွန်ပြည်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဆိုတော့ တဖက်မှာလည်း ဒီမွန်လူငယ်တွေက နိုင်ငံရေးနိုးကြားနေဖို့ လိုပါတယ်။ ကျွန်တော်တို့သည် လွတ်မြောက်တဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြနိုင်ဖို့အတွက် ကျွန်တော်တို့သည် အမြဲ နိုင်ငံရေးနိုးကြားနေရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးနိုးကြားတာအပြင် ကျွန်တော်တို့သည် တော်လှန်ရဲဖို့လည်း လိုအပ်ပါတယ်ပေါ့နော် ။
မေး။ ။ မွန်လူငယ်တွေကရော လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းမှာ တတ်နိုင်တဲ့ဘက်က ပါဝင်လာနိုင်ဖို့ ဘယ်လိုအဖွဲ့အစည်းတွေက လမ်းညွန်ဦးဆောင်ပေးသင့်လဲ။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ လက်ရှိမွန်ပြည်နယ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ပြောရမယ်ဆိုရင် ကျွန်တော်ကတော့ အစုအဖွဲ့အဖြစ် နှစ်စု မြင်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ ဖြစ်ပါတယ်။ မွန်ပြည်သစ် ပါတီကတော့ သူသည်သက်တမ်းရင့် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့အတွက် အထွေအထူး ပြောနေစရာ မလိုပါဘူး။ သူ့မှာ လူထုထောက်ခံမှုတွေရှိတယ်။ အထူးသဖြင့် မွန်လူမျိုးထောက်ခံမှုတွေရှိတယ်။ သူ့ကို ဝန်းရံတဲ့သူတွေလည်း များပြားပါတယ်။ တဖက်မှာကတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီပေါ့၊ မွန်ပြည်ဖက်ဒရယ် ကောင်စီကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာပါဝင်ကြတဲ့ မွန်ပြည်နယ်က အစုအဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ကောင်စီ တစ်ခု ဖြစ်တယ်။ ဆိုတော့ သူတို့သည် လက်ရှိအချိန်မှာ ဗဟိုပြုစဉ်းစားရတဲ့ အစုအဖွဲ့နှစ်ခု ဖြစ်ပါတယ်။
မေး။ ။ မွန်လူမျိုးတွေအနေနဲ့ မွန်ပြည်မှာ စစ်ကောင်စီကိုတော်လှန်ဖို့ အကောင်းဆုံးအချိန်လို့ မြင်မိပါလား၊ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီအချိန်ကတော့ စစ်ကောင်စီက အင်အားအချည့်နဲ့ဆုံးအချိန် ဖြစ်တယ်။ ဒါကလည်း အားလုံးအသိပါ။ ဆိုတော့ လူမျိုးစုတိုင်းရင်းသားဒေသမျိုးစုံမှာ သူတို့သည် စစ်မျက်နှာမျိုးစုံ ဖွင့်ထားရတယ်။ တစ်နိုင်ငံလုံးလည်း လူထုက စစ်ကောင်စီကို တွန်းလှန်တဲ့အချိန်ဖြစ်တယ်။ ဆိုတော့ သူတို့သည် အင်အား အချည့်နဲ့ဆုံးအချိန် ဖြစ်တယ်။ မွန်ပြည်နယ်မှာ ပြောရမယ်ဆိုရင်လည်း ဒီပြီးခဲ့တဲ့လက အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အထိ ဖြစ်တယ်။ ဆိုတော့ တော်ရုံဆိုရင် ဒီကျေးလက်တွေမှာဖြစ်တဲ့ တိုက်ခိုက်မှုတွေသည် မြို့ပြပေါ်ရောက်လာတာ အထူးသဖြင့် မွန်ပြည်နယ်မှာနည်းတာပေါ့။
အခုကျတော့ ဒီမော်လမြိုင်မြို့အထိ ရောက်လာတယ်ဆိုကတည်းက စစ်ကောင်စီသည် သူတို့ရဲ့လုံခြုံရေး ဘယ်လောက် အားနည်းနေပြီလဲဆိုတာကို ထင်ထင်ရှားရှား မြင်ရတာဖြစ်ပါတယ်။ တဖက်မှာလည်း မွန်ပြည်နယ်ထဲမှာ ဒီမွန်လူငယ်တွေရော၊ မွန်ပြည်နယ်နေ လူငယ်တွေရော သည်နည်းမျိုးစုံနဲ့ တော်လှန်ရေး လုပ်နေကြတာ ရှိပါတယ်။ သို့သော် ဒီလူငယ်တွေသည် စုစည်းမှုအား လိုတယ်ပေါ့။ အားလုံးသည် ပြန့်ကြဲတဲ့ အနေအထားတစ်ခု ရောက်သွားတဲ့အတွက် ကျွန်တော်တို့ ဒီကာလမှာ ဒီလူငယ်တွေအားလုံး ပြန်လည်စုစည်းပြီး အတူတကွ တိုက်ပွဲဝင်နိုင်မယ်ဆိုရင် ကျွန်တော်တို့သည် လွတ်လပ်တဲ့၊ လွတ်မြောက်တဲ့ မွန်ပြည်နယ်တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။