“ကိုယ်က အသတ်ခံရမှာ ကြောက်လို့၊ အဖမ်းခံရမှာစိုးလို့ ပြည်ပကို ထွက်ပြေးလာကြပေမဲ့ သူတို့က စွန့်လွတ်ပြီး ပြည်တွင်းမှာ အလုပ်ဆက်လုပ်နေသေးတယ်ဆိုပြီး တွေးမိတဲ့အချိန် အား ပြန်ရှိလာတယ်” Justice Movement For Community – Innlay အဖွဲ့ ဒါရိုက်တာ မယုလှိုင်သင်း

0
704
ပုံစာ - Justice Movement For Community - Innlay အဖွဲ့ ဒါရိုက်တာ မယုလှိုင်သင်း

နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့သူလည်းဖြစ် Single Mom တယောက်လည်းဖြစ်တဲ့ Justice Movement For Community – Innlay အဖွဲ့ ဒါရိုက်တာ မယုလှိုင်သင်းနဲ့ အမေးအဖြေ

နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့သူလည်းဖြစ် Single Mom တယောက်လည်းဖြစ်တဲ့ Justice Movement For Community – Innlay အဖွဲ့ရဲ့ ဒါရိုက်တာ မယုလှိုင်သင်းက အင်းလေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း ကျား၊ မ တန်းတူညီမျှမှုကို ပြောဆိုနေပေမယ့် အမျိုးသမီးတွေ ဖိနှိပ်ဆက်ဆံခဲ့ရတာ၊ ခွဲခြားဆက်ဆံခဲ့ရတာတွေနဲ့ လွတ်မြောက်နယ်မြေ ရောက်ရှိလာချိန် အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဘယ်လိုရှိလဲဆိုတာကို မယုလှိုင်သင်းကို အခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Justice Movement for Community – Innlay ဟာ အင်းလေးဒေသအတွင်း စောင့်ကြည့် လေ့လာရေးနဲ့ တရားမျှတရေးကို ဦးတည်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေကို နိုင်ငံရေးအမြင်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပေးခဲ့သလို ကမ်ပိန်းတွေလည်း လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်ပါတယ်။

မေး ။ ။ စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ တော်လှန်ရေးလှုပ်ရှားမှုတွေ ရှိလာတယ်။ ပြီးတော့ လူငယ်တွေကို ဖမ်းဆီးမှုတွေ များလာတာကို တွေ့ရတယ်။ နိုင်ငံရေးမှာလည်း ပိုပြီးလှုပ်ရှားလာတာ တွေ့ရတယ်။ ဒီအပေါ်မှာရော အင်းလေးသူအနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ ဟိုးအရင်တုန်းက တော်တော်များများက ပြောကြတယ်။ အင်းသားတွေဟာ ပဲပုတ်စားပြီး ခေါင်းပြားအောင် အိပ်တဲ့သူတွေ ဖြစ်တယ်ဆိုပြီးတော့လေ။ သူများ အရေးဆိုရင် စိတ်မဝင်စားဘူး၊ ကိုယ့်မိသားစု စားဝတ်နေရေးကိုသာ အဓိက ဦးတည်ပြီးတော့ လုပ်ဆောင်နေကြတယ်ဆိုပြီးတော့ ပြောကြတယ်။ အခု စစ်အာဏာသိမ်းတဲ့ အနေအထားရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က ယိုယွင်းပျက်စီးလာတဲ့ အခြေအနေကို ကျမတို့ အင်းသူအင်းသားတွေက တိုက်ရိုက်ခံစား နေရတယ်၊ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျမတို့ အင်းသူအင်းသားတွေက ထကြွလာပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ လုပ်ဆောင်လာကြတာ ဖြစ်တယ်။

မေး ။ ။ မယုလှိုင်သင်းက တော်လှန်ရေးလှုပ်ရှားမှုမှာ ဘယ်ကနေ ဘယ်လို ပါဝင်လုပ်ဆောင်လာဖြစ်လဲ ဆိုတာ ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငါးနှစ်တာကာလအတွင်းမှာ အင်းလေးဒေသက အေးအေးချမ်းချမ်း ရှိခဲ့တယ်။ ပြည်သူလူထုတွေကလည်း ဒီမိုကရေစီဆိုတဲ့ အနှစ်သာရက ဘာလဲဆိုတာကို ကောင်းကောင်းခံစား နားလည်သွားတယ်။ ပြီးတော့ ခုနကပြောတဲ့ လူတစ်ယောက်ရဲ့ အခြေခံ စားဝတ်နေရေးဖြစ်တာ သိသွားတဲ့ အချိန်မှာ စစ်ကောင်စီက အာဏာသိမ်း ယူလိုက်တယ်။ ဒီလိုဖြစ်လာတော့ လူထုက လုံးဝ မကျေနပ်ဘူး၊ မကြိုက်ဘူးပေါ့နော်။ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်မယ်ဆိုပြီးတော့ ဖြစ်လာကြတယ်။ အဲ့ဒီလိုနဲ့ ကျမလည်း ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ပတ်သက်လာခဲ့တာပါ။

ဒီတော်လှန်ရေးကြီး မဖြစ်ခင် အရင်အချိန်တုန်းက ကလေးသူငယ် အခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေး တွေကို ကျမ လုပ်ခဲ့တယ်။ အရင် ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားနေပါတယ်ဆိုတဲ့ အစိုးရလက်ထက် မှာတောင်မှ ဒီလိုလူ့အခွင့်အရေး လှုပ်ရှားမှုတွေက အခက်အခဲတွေ ရှိခဲ့တာ။ ဒါပေမဲ့ ကျမတို့က အဆင်ပြေအောင်၊ ရအောင် လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းတော့ ငါလုပ်ခဲ့သမျှ အရာအားလုံးက ပျက်သွားပြီဆိုတဲ့ ခံစားချက်မျိုးက လူကို လုံးဝ အားပျက်သွားစေတယ်။ အဲ့အချိန်မှာ ကျမ ပြန်စဉ်းစားမိတယ်၊ ဒီ စစ်အာဏာ သိမ်းတာနဲ့ ငါတို့က ဒီအတိုင်းပဲ ပြီးသွားမလားဆိုတဲ့ အတွေးမျိုး ဝင်လာတော့ ငါတို့လုပ်လို့ရတာ ဘာရှိလဲ ဆိုပြီးတော့ တွေးမိတယ်။

အဲ့လို တွေးမိတဲ့ အချိန်မှာတော့ ကျမက ကျမနဲ့သိတဲ့ လူငယ်တွေ၊ မိတ်ဖက်အဖွဲ့အစည်းက လူငယ်တွေကို ချိတ်ဆက်ပြီး ဆန္ဒပြဖို့ကို စီစဉ်ကြတယ်။ ၈၈ ရဲ့ နိုင်ငံရေးဒဏ်တွေကို ခံစားဖူးတဲ့ လူကြီးပိုင်းတွေကတော့ ဆန္ဒပြတာတွေ မလုပ်ကြဖို့ တားမြစ်ခဲ့တာလည်း ရှိခဲ့တယ်။ ၈၈ တုန်းက ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို နောက်တကြိမ် ပြန်ပြီး ရင်ဆိုင်ရမှာကို သူတို့က ကြောက်ကြတယ်ပေါ့။ ဒါပေမဲ့ ကျမတို့နဲ့ အတူ လူငယ် တော်တော်များများက ပါလာကြတယ်။ အင်းလေးဒေသထဲက ရေပေါ်သပိတ်တွေအပြင် တောင်ကြီး၊ ညောင်ရွှေ မြို့တွေ တက်ပြီးလည်း ဆန္ဒပြတာတွေ လုပ်နိုင်ခဲ့တယ်။ အဲ့လိုတွေ လုပ်ရင်းနဲ့ စောင့်ကြည့်ခံရတဲ့ စာရင်းထဲမှာ ပါနေပြီဆိုတာ သိရတဲ့အချိန် ကျမလည်းကြောက်ပြီး ထွက်ပြေးခဲ့ရတယ်။ ကျမ ထွက်ပြေးရပေမဲ့ ရောက်တဲ့ နေရာမှာ တော်လှန်ရေး လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကျမနိုင်သလောက် ဆက်လုပ်ခဲ့တာ ဒီကနေ့အထိ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မေး ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလောက်ထိ လုပ်ဆောင်နိုင်ဖို့ ကိုယ့်မိသားစုဝင်တွေရဲ့ ကူညီထောက်ပံ့မှုတွေရော ရခဲ့လား၊ ရှိခဲ့လား။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက ကလေးနှစ်ယောက်နဲ့ အပျိုပေါ့နော်။ Single Mother တစ်ယောက်ပါ။ ယောက်ျားက မရှိတော့ဘူး။ မကွဲခင်တုန်းကလည်း ကျမအမျိုးသားဆီက ကူညီထောက်ပံ့မှု တွေကို ဘာတစ်ခုမှ မရခဲ့ပါဘူး။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကနေ ကူညီထောက်ပံ့ပေးမှု ကတော့ အများကြီး ရခဲ့တယ်။ ကျမ အမျိုးသားရဲ့ ကူညီထောက်ပံ့မှု တစ်ခုမှ မယူဘဲနဲ့ ကျမ ဒီအခြေအနေထိ ရောက်အောင် လာနိုင်ခဲ့တာ။

မေး။ ။ single Mother တစ်ယောက်ဖြစ်နေတော့ တော်လှန်ရေးကာလမှာ တက်ကြွလှုပ်ရှားသူလည်း ဖြစ်လာတော့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပါလဲ၊ ဘယ်လိုအရာကရော တွန်းအား ဖြစ်စေခဲ့ပါလဲ။

ဖြေ ။ ။ အခက်အခဲတွေကတော့ ပြောရမယ်ဆိုရင် ပြောလို့ပြီးနိုင်မှာ မဟုတ်ဘူး။ အဓိက ကတော့ ကျမတို့ သားအမိ သုံးယောက်ဖြစ်တယ်ဆိုတော့ စားဝတ်နေရေးအတွက်ရော၊ အသုံးစားရိတ်အတွက်ရော စိုးရိမ်ပူပန် ရတာတွေ ရှိတယ်။ တခါတလေ နေမကောင်းတဲ့ အချိန်မှာတောင်မှ ကျန်းမာရေးအတွက် အသုံးစားရိတ်မရှိ၊ ဆေးဖိုး လုံးဝမရှိတဲ့ အချိန်တွေ ရှိခဲ့တယ်။ နောက်တခုက အမျိုးသမီးတစ်ယောက် အနေ နဲ့ ထွက်ပြေးလာရတဲ့ အချိန်မှာ ထွက်ပြေးလာသူ အချင်းချင်း ယောက်ျား၊ မိန်းမ ဆိုပြီးတော့ အချင်းချင်းကြား ခွဲခြားဆက်ဆံခံရတာ တွေလည်း ရှိနေတယ်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေပေါ့၊ အဲ့လိုမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။

အဲ့လိုတွေ ကြုံတွေ့တော့လည်း လုပ်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ အားလုံးကို ရပ်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ပြည်တွင်းမှာရှိနေတဲ့ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေကို ဆက်သွယ်စကားပြောကြည့်တဲ့ အချိန်မှာတော့ အဲ့လိုက မတွေးမိတော့ဘူး။ ကိုယ်က အသတ်ခံရမှာ ကြောက်လို့၊ အဖမ်းခံရမှာစိုးလို့ ပြည်ပကို ထွက်ပြေးလာကြပေမဲ့ သူတို့က စွန့်လွတ်ပြီး ပြည်တွင်းမှာ အလုပ်ဆက်လုပ်နေသေးတယ်ဆိုပြီး တွေးမိတဲ့အချိန် အား ပြန်ရှိလာတယ်။ အဲ့လိုနဲ့ ကျမက အားတင်းပြီး ဒီလမ်းကို ဆက်လျှောက်နေကြတာပေါ့။

မေး ။ ။ အရင်က နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားက မထင်ရှားခဲ့ဘူး။ ဒါပေမဲ့ ဒီစစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်ခဲ့တာ တွေ့ရတယ်။ ဒီအပေါ်မှာရော အမအနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ အမျိုးသမီးတွေက နိုင်ငံရေး လောကထဲ၊ တော်လှန်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်လာတာကို ကျမအနေနဲ့ အရမ်းသဘောကျတယ်။ အရင်တုန်းကလို အမျိုးသမီးဆိုတာ မီးဖိုချောင်ထဲ ချက်ပြုတ်နေရမယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီစစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ တော်လှန်ရေးထဲ ပါဝင်လာတဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍတွေ ပိုမိုတွင်ကျယ်လာတာ တွေ့မြင်ရတယ်။ တောထဲကနေလက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့ အမျိုးသမီးတွေအပြင် နိုင်ငံတကာအဆင့်ထိ အဆင့်ဆင့်တိုင်းမှာဆိုရင် အမျိုးသမီးတွေ ပါဝင်လှုပ်ရှား နေကြတာ တွေ့ရတယ်။

မေး ။ ။ နောက်တစ်ခုက ကျမတို့ သျှမ်းပြည်ဟာ လက်ရှိမှာတော့ တိုက်ပွဲတွေ သိပ်မရှိပေမဲ့ တခြားပြည်နယ် တွေထက် စစ်ရှောင်ဦးရေ အများဆုံး ဖြစ်နေတယ်။ ဒီ စစ်ရှောင်အပေါ်မှာရော အမအနေနဲ့ ဘယ်လိုမြင်မိလဲ။ စစ်ရှောင်တွေက ဘယ်လိုကူညီထောက်ပံ့မှုတွေလိုပါလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျမတို့ သျှမ်းပြည်က ကရင်နီပြည်နဲ့လည်း ထိစပ်နေတော့ စစ်ရှောင်လူဦးရေက တော်တော်လေးကို များပါတယ်။ စစ်ရှောင်တွေထဲမှာဆိုလည်း အမျိုးသမီးနဲ့ ကလေးပေါ့နော်။ ပြီးတော့ သက်ကြီးရွယ်အိုတွေ ပါဝင်နေတယ်။ မသန်စွမ်းတဲ့သူတွေလည်း အများကြီး ပါဝင်လာတယ်။ တချို့စစ်ရှောင် တွေက ပြန်စရာအိမ်တွေတောင် မရှိတော့ဘူး။ သူတို့ စားဝတ်နေရေးတွေကလည်း လိုအပ်ချက်များစွာနဲ့ ရှိနေတော့ ကိုယ်ချင်းစာမိတယ်။ ကိုယ်ကလည်း အိမ်ပြန်ချင်နေသလိုမျိုး၊ သူတို့လည်း အိမ်ပြန်ချင်နေကြမှာပဲလို့ တွေးမိတယ်။

မေး ။ ။ သျှမ်းပြည်ဟာဆိုရင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတယ်ဆိုတော့ သျှမ်းပြည်အရေးနဲ့ ပတ်သက်ပြီး မယုလှိုင်သင်းအနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ သျှမ်းပြည်အရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရှက်စရာတစ်ခုလို့ ကျမ မြင်မိတယ်။ ဘာဖြစ်လို့လဲဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံနေထိုင်ကြတဲ့ သျှမ်းပြည်ဟာ အချင်းချင်း ဖိုက်နေကြတာရှိတယ်။ စစ်ကောင်စီနဲ့ ပြောင်ပြောင်တင်းတင်းတွေ့ပြီး လူထုကို ပြန်သတ်နေတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေတယ်။ စစ်အာဏာ မသိမ်းခင်တုန်းက လူထုတွေက တိုက်ပွဲတွေ ရပ်ပါတော့လို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တာကို မရပ်ဘဲ အခုလိုချိန် လူထုက တက်ညီလက်ညီနဲ့ တော်လှန် ကြရအောင်လို့ တွန်းအားပေးနေမှုကိုလည်း ဥပေက္ခာပြုထားတယ်။ သျှမ်းပြည်က တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း တက်ညီလက်ညီနဲ့ စစ်ကောင်စီကို တော်လှန်သင့်တယ်။

မေး ။ ။ သျှမ်းပြည်အတွင်း အတူတကွနေထိုင်ကြတဲ့ တိုင်းရင်းသူတစ်ဦးအနေနဲ့ လာမယ့်အနာဂတ်မှာ သျှမ်းပြည်ကို ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ ။ ။ ကျမတို့ အလိုချင်ဆုံးကတော့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်စေချင်တာပေါ့နော်။ အဲ့လိုဖြစ်အောင်လည်း ကျမတို့က တတ်နိုင်သလောက် ကူညီထောက်ပံ့နေတယ်။ သျှမ်းပြည်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး စစ်ကောင်စီကို တိုက်ထုတ်ဖို့ စစ်အာဏာရှင်ပပျောက်ဖို့ အတူတကွ ပူးပေါင်းလုပ်စေချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ရဖို့ဆိုတာကတော့ အကုန်လုံး တက်ညီလက်ညီသွားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ထပ်မံဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါ။

ဖြေ ။ ။ ကျမပြောချင်တာက လက်ရှိ ကျမတို့မြန်မာနိုင်ငံမှာရှိနေတဲ့ စစ်ကောင်စီက နိုင်ငံတကာ စစ်ရာဇဝတ်သား ဖြစ်နေတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ သူတို့ရဲ့လုပ်ရပ်တွေအားလုံးကို နိုင်ငံတကာက ရထားပြီးသား ဆိုပေမယ့် နိုင်ငံတကာက အရေးယူမှုက ထိရောက်မှုအားနည်းနေတယ်။ ကျမတို့ဘက်ကနေလည်း နည်းလမ်းအမျိုးမျိုးနဲ့ တင်ပြနေတယ်။ သို့ပေမဲ့လည်း နိုင်ငံတကာရဲ့ အရေးယူမှုက အားနည်းနေတယ်။ မြန်မာနိုင်ငံသားတွေက ကိုယ့်တာဝန်ကိုယ်ကျေနေသလို နိုင်ငံတကာကလည်း သူတို့တာဝန်သူတို့ ကျေဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here