“NCA က ပျက်ပြယ်တဲ့စာချုပ် မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာတမ်း ဖြစ်ပါတယ်။ ဒါပါတဲ့ အဖွဲ့တစ်ခုခု၊ လူတစ်ယောက်က ပြောတာနဲ့ ပျက်တယ်၊ ဘာညာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ နိုင်ငံရေးအရ အသုံးချလိုက်တဲ့သဘောပါပဲ” PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ

0
366
ပုံစာ - PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ (Photo –KNG)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်းချက်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ နဲ့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဆွေးနွေးနေတဲ့ EAO တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက် စာချုပ်ပျက်ပြယ်သွားပြီးဖြစ်သလို လိုက်နာစရာ အကြောင်းမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီအခြေအနေတွေကြောင့် NCA စာချုပ်အပေါ် PNLO ရဲ့ သဘောထားအမြင်၊ စာချုပ်ပါ အချက်အလက်တွေအပေါ် စစ်ကောင်စီတပ်က လိုက်နာမှု ရှိ မရှိ၊ NCA စာချုပ်ပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက် စာချုပ်ပျက်ပြယ် သွားပြီးဖြစ်သလို လိုက်နာစရာအကြောင်းမရှိဘူးလို့ ပြောဆိုလာတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ NCA က ပျက်ပြယ်တဲ့စာချုပ် မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာတမ်း ဖြစ်ပါတယ်။ ဒါပါတဲ့ အဖွဲ့တစ်ခုခု၊ လူတစ်ယောက်က ပြောတာနဲ့ ပျက်တယ်၊ ဘာညာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ နိုင်ငံရေးအရ အသုံးချလိုက်တဲ့သဘောပါပဲ။ ဥပဒေကြောင်း အရတော့ မှားနေပါတယ်။ လူတစ်ယောက်ကတော့ လွတ်လပ်စွာနဲ့ ပြောကြတာပေါ့။ အဲဒီလို ပြောလိုက်လို့ NCA အပေါ်မှာ ဘာမှသက်ရောက်မှု မရှိပါဘူး။ တရားဝင်မှု သူ့အတိုင်းပဲ ရှိနေတာပါ။ ဒီကိစ္စက သိပ်များများပြောဖို့ မလိုပါဘူး။

မေး။ ။ အရပ်သားတွေကို ကာကွယ်ပေးရမယ်လို့ ပြဌာန်ထားတဲ့ NCA စာချုပ်ပါ အချက်အလက်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘာပြောချင်တာရှိပါလဲ။

ဖြေ။ ။ တပ်မတော်ကတော့ တစ်နိုင်ငံလုံးကိုထိန်းချုပ်ဖို့ လုပ်နေတာတော့ ကျွန်တော်တို့ မပြောနိုင်ဘူး။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင် မြိုနယ်အနေနဲ့ပြောရင် ခြောက်မြို့နယ် လောက်က အဲဒီပုံစံတော့ မရှိပါဘူး။

NCA ထိုးထားတဲ့ နယ်မြေမှာလည်း အဲဒီလိုမရှိသလို NCA မထိုးထားတဲ့ ပအိုဝ့်ဒေသနယ်မြေထဲမှာလည်း အဲဒီလိုပုံစံတော့ မတွေ့ပါဘူး။ သို့သော် တခြားနေရာမှာ တစ်ပြည်လုံးဆိုတော့ ဖြစ်ပျက်တာတော့ ကျွန်တော်တို့ လိုက်မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နယ်မြေမှာတော့ လူထုနဲ့ပတ်သက်ပြီး ဝင်ရောက်ဖျက်ဆီး နှောင့်ယှက် အဲဒီလိုမျိုးလုပ်တာတော့ မရှိပါဘူး။ ပဋိပက္ခနယ်မြေ မဟုတ်လို့လေ။

မေး။ ။ နောက်တစ်ခုက NCA စာချုပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုပြဌာန်းထားတာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ NCA မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေပဲ ဖြစ်ဖြစ်၊ တပ်မတော် အပါအဝင်ပေါ့၊ တိုင်းရင်းသားအားလုံးက ထိန်းချုပ်နယ်မြေထဲမှာ ဝင်ထွက်သွားလာလို့ရှိရင် ကြိုတင်အကြောင်းကြားပြီးတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့ သွားလာဖို့ဆိုတဲ့ ပြဌာန်းထားတာ ရှိပါတယ်။ ဒါက အများအားဖြင့်တော့ အဖွဲ့ဝင် အချင်းချင်းပေါ့။ အကြောင်းကြားပြီး သွားတာလာတာကျတော့ ကျွန်တော်တို့ NCA ကို လိုက်နာတဲ့ သဘောပေါ့။

တခါတလေ NCA စာချုပ်ကို မလိုက်နာတာလည်း ရှိပါတယ်။ တပ်မတော်ကလည်း တစ်ခါတလေ မလိုက်နာ ပါဘူး။ ထို့အတူပဲ NCA ထိုးထားတဲ့ အဖွဲ့အချင်းချင်းမှာလည်း မလိုက်နာတဲ့ အပြုအမူတွေ ရှိတတ် ပါတယ်။ ကိုယ့်နယ်မြေ၊ သူ့နယ်မြေ မရှင်းတော့ ပြဿနာပေါ်တတ်တာလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ရေရှည် ပြသာနာ မဟုတ်ပါဘူး။ အမြဲတမ်း ဖြစ်မှာလည်း မဟုတ်ပါဘူး။ နှစ်ဖက် ညှိနှိုင်းတိုင်ပင် လုပ်လို့ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

မေး။ ။ တဖက်အဖွဲ့အစည်းရဲ့ထိန်းချုပ်နယ်မြေမှာ စစ်ယူနီဖောင်းအပြည့်အစုံနဲ့သွားလာမှုအပေါ် ဘယ်လို မြင်ပါလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ဖြေ။ ။ အဲဒီမှာ ထိန်းချုပ်နယ်မြေက ဘယ်ဟာလဲဆိုတဲ့နေရာမှာတော့ ဘယ်ဟာလဲဆိုပြီး နည်းနည်းတော့ အငြင်းပွားတာ ရှိတယ်။ တချို့ကျတော့လည်း အပစ်ရပ်တဲ့နေရာတိုင်းက သွားလို့ရတယ်လို့ ထင်နေတာရှိတယ်။ တကယ်တော့ အပစ်ရပ်လို့ သတ်မှတ်တဲ့နေရာက နှစ်ဖက်ညှိနှိုင်းထားတာ ရှိပါတယ်။ အထူးသဖြင့် ပြည်နယ် အစိုးရနဲ့ တစ်ဖွဲ့ချင်း လက်မှတ်ထိုးတဲ့နေရာမှာ နယ်မြေသတ်မှတ်ချက်တွေ ပါပါတယ်။

အဲဒီသတ်မှတ်ထားတဲ့ စာချုပ်ထဲမှာပါတဲ့ နယ်မြေက ဘယ်သူမှ မငြင်းပါဘူး။ အဲဒီနယ်မြေထဲမှာတော့ ဒီတိုင်း လုပ်ရပါတယ်။ စာချုပ်ထဲမှာပါတဲ့ နယ်မြေအပြင်ဘက် ရောက်ရင်တော့ အဲဒီမှာ အငြင်းပွားတာ ရှိပါတယ်။ ဒါကြောင့် စာချုပ်ချုပ်ထားတဲ့ နယ်မြေတွေ သေသေချာချာ မလုပ်ထားတဲ့ အဖွဲ့တွေဆိုရင် ပြဿနာပေါ်တတ် ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ PNLO ထိန်းချုပ်ဒေသမှာ လုံခြုံရေးကင်းလှည့် ဆောင်ရွက်မှု ရှိပါလား၊ ရှိရင် ဘယ်လို ဆောင်ရွက်နေပါလဲ။ ထိန်းချုပ်ဒေသပဲ လုပ်တာလား၊ နောက်ပြီး တပ်မတော်နဲ့ ဘယ်လို သဘောထား တွေ ရယူထားပါလဲ။

ဖြေ။ ။ ရှိပါတယ်။ အထူးသဖြင့်တော့ ဗဟိုဒေသတွင်း မဟုတ်ဘဲ နယ်နိမိတ်တွေပေါ့။ သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေအတွင်း အမျိုးအမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်းများတော့ ဘယ်သူ ဝင်တယ်၊ ဘယ်သူ ထွက်တယ်၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ကိစ္စတွေ ဆောင်ရွက်တယ်ဆိုရင် ဟန့်တား ကြပါတယ်။ ကင်းလှည့်တာလည်း ရှိပါတယ်။ နယ်မြေရဲ့ နယ်နိမိတ်တွေထဲ ကင်းလှည့်ပြီး ပြည်သူ့ကိုကာကွယ် ရတာ ရှိပါတယ်။ အဲ့ဒါကလည်း ပြည်သူလူထုကို ကာကွယ်ပေးရမယ်။ NCA ထဲမှာလည်း ပါပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here