“KIA အနေနဲ့ ပေါ့ပေါ့တန်တန်နေရင် ဖားကန့်၊ အနန့်ပါလိုမျိုး ကြုံလာနိုင်တယ်။ စစ်ကောင်စီဘက်က ဘယ်အချိန် ဘယ်လိုမျိုးနေရာမှာ ဗုံးလာကြဲမယ်ဆိုတာကို ပြောဖို့ ခက်ပါတယ်” မြစ်ကြီးနားမြို့က ဒေသဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦး

0
420
ပုံစာ - KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးပြမြေပုံ။

မြစ်ကြီးနားမြို့က ဒေသဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ အမေးအဖြေ

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့နှင့် ၈ မိုင် လောက်သာဝေးတဲ့ နမ်ဆန်ယန် ကျေးရွာမှာ စစ်ကောင်စီတပ်က အထိုင်ချဖို့ ကြိုးစားရင်း နှစ်ဖက်စစ်ရေးတင်းမာနေတာ တစ်လနီးပါး ရှိလာပါပြီ။

ဝိုင်းမော် – လိုင်ဇာမြို့ ကားလမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်နေ့ ကစပြီး ယခုအချိန်ထိ စစ်ကြောင်းထိုးဝင်ရောက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။

ဒါ့အပြင် နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ကျေးရွာဟာ လက်ရှိတိုက်ပွဲမှာ ဘယ်လောက်အထိ အရေးပါနေလဲဆိုတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့က ဒေသဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကို အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချူပ်အနီးတဝိုက် တိုက်ပွဲပြင်းထန်လာတဲ့အပေါ် အမြင်သုံးသပ်ချက်လေးကို ဦးစွာပြောပြပေးပါ။

ဖြေ။ ။ စစ်ကောင်စီတပ်က အခုလို ထိုးစစ်ဆင်နေတာ အကြောင်း ၂ ခု ရှိတယ်လို့ မြင်တယ်။ တစ်ခုက KIA ကို Peace Talk ဘက်ကို မြှားဦးလှည့်လာအောင်လို့ စစ်အင်အားနဲ့ ဖိအားပေးတာ ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့လက တရုတ်ယူနန်အစိုးရဘက်ကလည်း မြောက်ပိုင်းသုံးဖွဲ့ထဲ ပူးပေါင်းပါဝင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဘက်ကို သွားဖို့ ဖိအားပေးပြောဆိုခဲ့မှုတွေ ရှိတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှု အတွက် အကြိမ်ကြိမ် ဖိတ်ခေါ်မှုတွေ ပြုခဲ့တယ်။

ဒါကို KIA ဘက်က လက်မခံဘူးဆိုတော့ စစ်အင်အားနဲ့ ဖိအားပေးလာတဲ့ သဘောရှိတယ်လို့ သုံးသပ်ရပါတယ်။ ပြီးရင် နောက်တစ်ခုကျတော့ စစ်ကိုင်းဘက်မှာ PDF အားကောင်းလာတော့ ဒါတွေကလည်း KIO/KIA ရဲ့ ထောက်ပို့ ဖြစ်တယ်ဆိုပြီး ဒါကိုအားနည်းသွားအောင် လုပ်လာတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆို စစ်ကိုင်းဘက်တွေကို ပို့နေတဲ့ လက်နက်ခဲရမ်းတွေက အဓိက အဲဒီနမ်ဆန်ယန် လမ်းကြောင်းကနေ ပို့နေတယ်၊ ဒါကြောင့်လည်း ပါနိုင်တယ်လို့ သုံးသပ်ရပါတယ်။

မေး။ ။ အရမ်းကြီး တိုက်ပွဲပြင်းထန်လာမယ်လို့ ထင်မိပါလား။

ဖြေ။ ။ ကျွန်တော်အထင်ကတော့ အရမ်းကြီး တိုက်ပွဲပြင်းထန်လာမယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆို စစ်ကောင်စီတပ်ဘက်ကလည်း အဲလောက် အရမ်းကြီး risk မယူရဲဘူး။ ဘာကြောင့်လဲဆို လိုင်ဇာက တရုတ်ပြည် နယ်စပ် ဖြစ်တယ်။ သူတို့လက်နက်ကြီးတွေ လေယာဉ်တွေ အရမ်းကြီးသုံးပြီး တိုက်လာမယ်ဆို တရုတ်ဘက်ကလည်း ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် အရမ်းကြီး တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်တော့ မရှိဘူး။

မေး။ ။ နမ်ဆန်ယန်ကျေးရွာက စစ်ရေးအခြေအနေအရ ဘယ်လောက်ထိအရေးပါ ပါလဲ။

ဖြေ။ ။ စစ်ကောင်စီအတွက်တော့ အရမ်းကြီး အရေးပါတဲ့နေရာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆို ခယာတောင် (Hka Ya Bum) လည်း သူတို့ရထားပြီ။ ဟိုဘက် ဖွန်းပျဲဘွမ် ( Hpun Pyen Bum) လည်း သူတို့ ရထားပြီဆိုတော့ သူတို့အတွက် အရေးမကြီးဘူးလို့မြင်တယ်။ ဒါပေမဲ့ KIA အတွက်တော့ အရမ်းအရေးကြီးတယ်။ မိုင်ဆပ်ပါ (Mai Sak Pa) နဲ့ နီးနီးလေးပဲ။ မိုင်ဆပ်ပါ ကနေ မုန်လိုင်ခက် (Mung Lai Hkyet) ဝိုင်ကြိုင် (Woi Chyai ) အားလုံးတဆက်ထဲ။ ဒါတင်မကဘူး KIA အတွက်က အဓိက လက်နက်ခဲယမ်းတွေပို့တဲ့ လမ်းကြောင်းဆိုတော့ KIA အတွက်တော့ အရေးကြီးပါတယ်။

မေး။ ။ စစ်ကောင်စီဘက်ကနေ နမ်ဆန်ယန်ကျေးရွာကို မရရအောင်တိုက်ပြီး စခန်းချလာထိုင်ဖို့ ရှိလာနိုင်လား။

ဖြေ။ ။ ဒါတော့ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆို အခုနက ပြောသလို KIA ရဲ့ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် သူတို့အဲဒီအနား ပတ်ဝန်းကျင်မှာ ထိုင်လိုက်ရင် လက်နက်ခဲယမ်း သယ်ဆောင်မှု လျှော့သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ လုပ်ဆောင်လာနိုင်တယ်။

မေး။ ။ တစ်ဖက်မှာ KIA အတွက် အရမ်းအရေးကြီးတဲ့နေရာဆိုတော့ KIA ဘက်ကကော ဘယ်လောက်ထိ ကာကွယ်ထားနိုင်မယ်လို့ ထင်ပါလဲ။

ဖြေ။ ။ KIA တွေ ဘယ်လောက်ထိ ကာကွယ်နိုင်မှာလဲဆိုတာထက် စစ်ကောင်စီဘက်ကနေ အင်အား ဘယ်လောက်သုံးပြီး တိုက်ခိုက်လာနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဘာကြောင့်လဲဆို လက်နက်ခဲယမ်းတွေ က အစ နည်းပညာပိုင်းတွေ စစ်ကောင်စီကို ယှဉ်လို့မရဘူး။ ဒါကြောင့် ဘယ်လောက်ထိခံနိုင်မလဲ ဆိုတာကိုတော့ ပြောလို့မရနိုင်ဘူး။ အခုတိုက်ပွဲမှာက ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်တွေလည်း ပါဝင်နေတယ်လို့ သိရတယ်။ သူတို့က တောလမ်းကို အရမ်းကျွမ်းကျင်တယ်ဆိုတော့ သူတို့ရဲ့အခြေအနေကိုလည်း ကြည့်ရမှာ ဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေဖြင့် ဖြည့်စွက်ပြောပေးပါဦး။

ဖြေ။ ။ နောက်ဆုံးအနေဖြင့် ပြောချင်တာက KIA အနေနဲ့ ပေါ့ပေါ့တန်တန်နေရင် ဖားကန့်၊ အနန့်ပါလိုမျိုး ကြုံလာနိုင်တယ်။ စစ်ကောင်စီဘက်က ဘယ်အချိန် ဘယ်လိုမျိုးနေရာမှာ ဗုံးလာကြဲမယ်ဆိုတာကို ပြောဖို့ ခက်ပါတယ်။ တိုက်ပွဲတွေက ဆက်ပြီးဖြစ်နေမယ်ဆိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အခြေအနေပေါ့။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here