ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ- ICNCC ရဲ့ လက်ရှိအနေအထား၊ ရှေ့ဆက်လုပ်ငန်းစဉ်တွေ နှင့်ပတ်သတ်ပြီး ICNCC အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်လင်း (Dr. Kenton Linn) နှင့် ဆက်သွယ် မေးမြန်းချက်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်သည့် ချင်းအင်အားစုများဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ် ရှိလာချိန်တွင် ကြီးမားသည့်အရွေ့တစ်ခုကို ဖော်ဆောင်လာကြသည်။
ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၌ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်နေ့ မှ ၇ ရက်နေ့ထိ ကျင်းပနိုင်ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားများကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ လာမည့်ဖေဖော်ဝါရီလအတွင်း Chinland Council ရဲ့ဦးဆောင်မှုနှင့် ချင်းပြည်အစိုးရယန္တရားလည်ပတ်မှုတွေကို မြင်တွေ့ရတော့မယ်လို့ ယုံကြည်ရပါသည်။
တချိန်တည်းမှာပဲ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို တက်ရောက်ခြင်းမရှိသည့် ချင်းအမျိုးသား ကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ဒီဇင်ဘာလ ၃၀ ရက်က “ချင်းညီနောင်” အဖြစ် နိုင်ငံရေးနှင့်စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တရားဝင် ဖွဲ့စည်းခဲ့ကြအပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC လမ်းကြောင်းကနေ ဆက်သွားဖို့ ပြောဆိုထားကြသည်။
ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးကာလ ချင်းပြည်မှာ Chinland Council နှင့် ICNCC ဆိုပြီး ကောင်စီနှစ်ခု ပေါ်လာတာကြောင့် ချင်းပြည်သူတွေအကြား ပြောဆိုဝေဖန်မှု၊ စိုးရိမ်ပူပန်မှုတွေ ရှိလာပြီး ချင်းပြည်ရဲ့အနာဂတ်က အကွဲအပြဲတွေဘက် ဦးတည်လာမှာကို စိုးရိမ်နေကြသည်။
ICNCC ရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိပါလဲ။ ဘာတွေ ရှေ့ဆက်လုပ်ဆောင်ကြမှာပါလဲ။ ဒီကိစ္စနှင့် ပတ်သက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အလှည့်ကျသဘာပတိ
ဒေါက်တာကင်တန်လင်း (Dr. Kenton Linn) ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ICNCC ကို လည်ပတ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်၊ အသစ်ပြန်လည်ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ဘယ်လို ဖွဲ့စည်းသွားမှာပါလဲခင်ဗျာ။
ဖြေ။ ။ တော်လှန်ရေး ပိုအားကောင်းလာဖို့နဲ့ ချင်းပြည်သူတွေကို ပိုပြီးကူညီပေးနိုင်ဖို့၊ မြေပြင်မှာ လက်တွေ့ကျကျ တော်လှန်ရေးပါဝင်ဦးဆောင်ထားတဲ့သူတွေ တိုက်ရိုက်ပါဝင်ဦးဆောင်ပေးနိုင်ဖို့ ICNCC ကို ပြုပြင်ပြောင်းလဲဖို့ ၂၀၂၃ ဧပြီလကတည်းက ကောင်စီမှာ သဘောတူထားကြပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုကို မှန်ကန်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ ၂၀၂၃ မေလမှာ Fact-Finding Committee ကို ဖွဲ့စည်း ထားပါတယ်။ အဲဒီကောင်မတီမှာ တစ်မြို့နယ်ကိုယ်စားလှယ် (၂) ဦးစီ ပါဝင်တာပါ။ အခုချိန်မှာ Reform Committee ကိုလည်း ဖွဲ့စည်းထားပြီး တစ်မြို့နယ်ချင်းစီကနေ စေလွှတ်တဲ့ ကိုယ်စားလှယ် (၂-၄ ကြား) များကနေ Chin Charter ကို ပြန်လည်လေ့လာပြင်ဆင်ပြီး ICNCC ရဲ့ စုဖွဲ့မှု၊ ဦးဆောင်မှုနှင့် တာဝန်ယူမှုပိုင်းဆိုင်ရာတွေကို ဆက်လက်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပါတယ်။
မေး။ ။ လက်ရှိဖွဲ့စည်းနေမှုက ဘယ်လိုအခြေအနေနဲ့ ဘယ်အဆင့်ထိ ရောက်ရှိနေပါပြီလဲခင်ဗျာ။
ဖြေ။ ။ ICNCC ဟာ ၂၀၂၁ ဧပြီလ ၁၄ ရက်နေ့မှာ ချင်းလွှတ်တော်အမတ်များ၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီ၊ CDM CSO အမျိုးသမီးနှင့် လူငယ်အဖွဲ့ စသဖြင့် အစုအဖွဲ့ (၄) ဖွဲ့နှင့် ဖွဲ့စည်းထားတာပါ။ ၂၀၂၃ ဧပြီလ ၄ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦးက တရားဝင်နှုတ်ထွက်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ Fact-Finding Committee ရဲ့ အကြံပြုမှုကိုခံယူပြီး ချင်းကာကွယ်ရေးအဖွဲ့၊ မြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့တွေကို ထပ်မံထည့်သွင်းပြီး အစုအဖွဲ့ (၅) ဖွဲ့ ပြန်ပါဝင်နေပါတယ်။ ချင်းပြည်အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ကော်မတီအသစ်တချို့ကိုလည်း ထပ်မံဖွဲ့စည်းပြီး လုပ်ဆောင်စရာများ လုပ်ဆောင်လျက်ရှိနေပါတယ်။
မေး။ ။ ICNCC ကောင်စီကို ဘာကြောင့် ပြန်လည်ဖွဲ့စည်းလာရပါလဲခင်ဗျာ။
ဖြေ။ ။ ICNCC ကို စတင်ဖွဲ့စည်းတုန်းက ချင်းလွှတ်တော်အမတ်တချို့နှင့် ချင်းအမျိုးသားတပ်ဦးကနေ ဦးဆောင် ပုံဖော်ပြီး တည်ထောင်ကြတာဖြစ်ပါတယ်။ ပြီးတော့ NUG, NUCC တွေမှာ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ဝန်ကြီးရာထူးတွေကိုယူပြီး NUG, NUCC တို့ရဲ့ Founding Members အနေနဲ့ ရပ်တည်ကြတာပါ။ စတင်ဖွဲ့စည်းကတည်းက စုဖွဲ့မှုပိုင်းမှာလည်း အားနည်းချက်များရှိပြီး ကောင်စီထဲမှာ မကြာခဏ ဆွေးနွေး ငြင်းခုန်မှုများလည်း ရှိပါတယ်။ နိုင်ငံတကာရောက် ချင်းအမျိုးသားများပါဝင်နိုင်ရေး၊ တော်လှန်ရေး လက်နက်ကိုင် (CDFs) များ ပါဝင်နိုင်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်နိုင်ရေး စတာတွေ မကြာခဏ ဆွေးနွေးကြရပါတယ်။ ICNCC ကနေ CNF နှုတ်မထွက်ခင်တုန်းကလည်း Chin charter – single text ပြုလုပ်တုန်းက ICNCC မှာ အားလုံးပါဝင်နိုင်အောင် CJDC အစုအဖွဲ့ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကောင်စီဖွဲ့စည်းပုံအရ အစုအဖွဲ့အားလုံး သဘောမတူမချင်း ဘာအရေးကြီးဆုံးဖြတ်ချက် တစ်ခုမျှ ချလို့မရဖြစ်နေပြီး၊ အစုအဖွဲ့တချို့ကလည်း ပုံမှန်တက်ရောက်တာမျိုး မရှိနေတဲ့အခါကျတော့ ICNCC ဟာ ဆုံးဖြတ်ချက်ချမှု၊ လုပ်ငန်းဖော်ဆောင်မှုပိုင်းမှာ အားနည်းချက်များစွာရှိလာပြီး ပြည်သူတွေအတွက်လည်း နစ်နာမှုတွေ ရှိနေပါတယ်။ တော်လှန်ရေးအချိန်ကာလ ကြာလာတာနှင့်အမျှ ချင်းပြည်မှာ အပြောင်းအလဲများစွာ ရှိလာတဲ့အခါကျတော့ ခုနပြောထားသလို တော်လှန်ရေးပိုအားကောင်းလာဖို့၊ ချင်းပြည်သူတွေကို ပိုပြီးကူညီပံ့ပိုးနိုင်ဖို့၊ မြေပြင်မှာလက်တွေ့ကျကျ တော်လှန်ရေး ပါဝင်ဦးဆောင်ထားတဲ့သူတွေ တိုက်ရိုက်ပါဝင်ဦးဆောင်ပေးနိုင်ဖို့ ICNCC ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ ICNCC ဖွဲ့စည်းမှုမှာ ဘယ်အစုအဖွဲ့တွေ ပါဝင်မှာပါလဲခင်ဗျာ။ ဘယ်သူတွေပါဝင်ပါလဲ။
ဖြေ။ ။ ဖွဲ့စည်းမှုက ခုဏပြောထားသလို အစုအဖွဲ့ (၅) ဖွဲ့ရှိနေပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ ဒေသတွေကနေ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ထားတာပါ။ ကောင်စီဝင်တွေ ပါဝင်မှုကိုကြည့်ရင် ချင်းပြည်ရဲ့မြို့နယ်အားလုံးက ကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။ မြို့နယ်အဆင့် တက်တက်ကြွကြွ ပါဝင်မှုပိုင်းဆိုရင် (၆) မြို့နယ်ကတော့ မြို့နယ်အဆင့်ကနေ ပါဝင်လျက်ရှိပါတယ်။ နိုင်ငံတကာရောက် ချင်းအမျိုးသားများ၊ Chin CDMer များ ပိုပြီးပါဝင်လာနိုင်အောင် ကြိုးစားဖော်ဆောင်နေပါတယ်။
မေး။ ။ ICNCC နဲ့ CC ဆိုပြီး ယှဉ်ပြိုင်ကောင်စီနှစ်ခု ဖြစ်နေတော့ အနာဂါတ်မှာ ဘယ်လိုအခြေအနေတွေ ရှိနိုင်မလဲခင်ဗျာ။ ကောင်စီနှစ်ခုရဲ့ သက်ရောက်မှုက ဘယ်လိုရှိမလဲခင်ဗျာ။
ဖြေ။ ။ အခုအချိန်မှာ အရိုးသားဆုံးဝန်ခံရရင် ICNCC ရော CC ရော ချင်းတစ်မျိုးသားလုံးကို ကိုယ်စားမှုပြုနိုင်တာ မရှိပါဘူး။ ချင်းလွှတ်တော်အမတ်တွေလည်း ကွဲသလို၊ ချင်းတော်လှန်ရေး အဖွဲ့တွေလည်း ကွဲနေပါတယ်။ ကိန်းဂဏန်းတွေနဲ့ ကစားကြစတမ်းဆိုရင်လည်း နှစ်ဖက်စလုံးက ချပြလို့ရတဲ့ အခြေအနေ ရှိပါတယ်။ မြို့နယ်တစ်မြို့နယ်တည်းကနေ အဖွဲ့အစည်း (၁၀) ခု ကျော် ကိုယ်စားပြု ကစားလို့ ရနိုင်တဲ့ နိုင်ငံရေးအခြေအနေပါ။ CC ဆိုတာကလည်း အများစုက ICNCC လူဟောင်းတွေပါပဲ။ ICNCC ကို သူတို့ပဲ စတင်တည်ထောင်ကြတာပါ။ ICNCC ထဲ CC ဘက်ယိမ်းတဲ့သူတွေ ရှိနေတုန်းက ICNCC ကောင်စီ အစည်းအဝေးရှိပြီဆိုရင် တမင်တကာကိုကြန့်ကြာအောင် ကန့်ကွက်တာတို့ delay tactic တွေ ဆက်တိုက် သုံးနေတဲ့အခါကျတော့ သဘာပတိတစ်ဦးအနေနဲ့ ကျနော်ပြောထားတာ တစ်ခုရှိပါတယ်။
“ICNCC အနေနဲ့ CC (အဲချိန်တုန်းက WC4 အဆင့်) ရဲ့ လုပ်ဆောင်မှုတွေ ကြန့်ကြာအောင်လုပ်တာ တစ်ခုမှမရှိဘူး၊ ဘာဟန့်တားမှုတစ်ခုမှလည်း လုပ်တာမရှိဘူး။ ဒီတော့ ICNCC ရဲ့ Reform လုပ်ဆောင်မှုတွေကိုလည်း ကြန့်ကြာအောင် မလုပ်ကြပါနဲ့၊ ICNCC ကလည်း ချင်းတစ်မျိုးသားလုံးအတွက် အကောင်းဆုံး အဖြေရှာနေသလို CC ကလည်း ချင်းတစ်မျိုးသားတစ်ခုလုံးအတွက် အကောင်းဆုံး အဖြေရှာပေးကြပါ။ ဒီလိုအဖြေရှာကြရင်း ချင်းတစ်မျိုးသားတစ်ခုလုံးအတွက် အမှန်တကယ်ဆန္ဒရှိပြီး စေတနာရှိကြတယ်ဆိုရင် ဆုံမှတ်တစ်ခုရှိမှာ အသေအချာဖြစ်ပါတယ်။ အဲဒီဆုံမှတ်မယ် တွေ့ကြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောထားတာရှိပါတယ်။ ချင်းပြည်သူတွေအတွက် အမှန်တကယ် စေတနာရှိကြတယ် ဆိုရင် ဆုံမှတ်တစ်ခု အမှန်တကယ်ရှိလာပါလိမ့်မယ်။ အခုအချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိုနှိုင်းဖို့ ပိုခက်သထက် ခက်လာအောင် လုပ်ကြမယ်ဆိုရင် ချင်းပြည်က ပြိုကွဲဖို့ပဲရှိလာပြီး အဓိကခံရမှာက ချင်းပြည်သူတွေ နစ်နာမှာ ဖြစ်ပါတယ်။
မေး။ ။ ICNCC ကနေ ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းမယ်လို့သိရပါတယ်။ လက်ရှိက စတင် ဖွဲ့စည်းနေပြီလားခင်ဗျာ။ ဘယ်လိုအခြေအနေ ရှိပါလဲ။
ဖြေ။ ။ တကယ်တမ်းတော့ ကောင်စီကနေ အစုအဖွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ Reform လုပ်နေတဲ့အချိန်မှာ ကော်မတီအနေနဲ့လည်း လုပ်ထားရခြင်း ဖြစ်ပါတယ်။ ကော်မတီဥက္ကဌက CDF-Mindat စစ်ဦးစီးချုပ်က တာဝန်ယူထားပြီး ဒုဥက္ကဌ၊ အတွင်းရေးမှူး တာဝန်တွေကိုလည်း ခန့်အပ်ပြီးပါပြီ။ ကော်မတီ အစည်းအဝေးတွေကိုလည်း ပြုလုပ်ကျင်းပပြီး လုပ်ငန်းဆောင်ရွက်မှုဘက်လည်း ကြိုးစားနေကြပါတယ်။ ဒီကော်မတီဟာဆိုရင် No group left behind ပေါ်လစီ ရှိနေတဲ့အခါကျတော့ တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့မဆိုလက်ခံပြီး ပူးပေါင်းဖို့ တံခါးဖွင့်ထားပါတယ်။
မေး။ ။ ICNCC ရဲ့ လုပ်ပိုင်ခွင့်တွေကနေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို ဖွဲ့စည်းသွားမယ်လို့ ဒီဇင်ဘာလ ၇ ရက်က ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ဒါက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂)၊ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ အစီအမံ၊ အခန်း (၈)၊ အပိုဒ် (၅၂) တွင် ဖော်ပြထားသော ပြည်နယ်အတိုင်ပင်ခံကောင်စီများ၏ လုပ်ပိုင်ခွင့်အရ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၁ ခုနှစ် ICNCC စတင်တည်ထောင်တုန်းက ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) မှာ ပါရှိသလို၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကောင်စီဆုံးဖြတ်ချက် (၆/၂၀၂၃) ကို ထုတ်ပြန်ကြေညာပြီး ဒီကိစ္စကို ထပ်မံကြေညာထားတာပါ။ CC ဘက် တက်ရောက်တဲ့ ချင်းလွှတ်တော်အမတ်တွေကိုယ်တိုင် ပါဝင်သဘောတူပြီး ထုတ်ပြန်ကြေညာတာပါ။ ဒီလုပ်ပိုင်ခွင့်အရဆိုရင် အခုချိန်မှာ ICNCC ဟာ အရင်ကတည်းက ချင်းအစိုးရကို ကောက်ထောင်လို့ရပါတယ်။ ဒါပေမဲ့ ချင်းအမျိုးသားတစ်ခုလုံးအရေးကို စဥ်စားပြီး အလျင်စလို မလုပ်ရခြင်း ဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာ – အောက်တိုဘာတုန်းကလည်း ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ဖို့ ICNCC နှင့် CJDC တို့ တွေ့ဆုံဆွေးနွေးခဲ့ကြဖူးပါတယ်။ နှစ်ဖက်ကိုယ်စားလှယ်တွေ မကြာခဏ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်မှာ CNF ကိုယ်စားလှယ်တွေ ICNCC မှာရော CJDC မှာရော ပါဝင်ကြပေမဲ့ သူတို့ဘက်က အပြည့်အဝ ပါဝင်တက်ရောက်လာနိုင်ခြင်းမရှိလို့ ဒီကြိုးစားမှုကို ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်ခဲ့ရပါတယ်။ အခုချိန်မှာ Reform Committee မှာ ဦးဆောင်တဲ့သူတွေရဲ့ လုပ်ငန်းရလဒ်အပေါ် မူတည်ပြီး ချင်းတစ်မျိုးသားလုံး တစ်ခုလုံးရဲ့အကျိုးကို ရှေးရှုပြီး မှန်ကန်တဲ့အချိန် (right time) မှာ မှန်ကန်တဲ့နည်းလမ်း (right way) နှင့် လုပ်ဆောင်စရာတွေ ဆက်လက် လုပ်ဆောင်သွားပါမယ်။
မေး။ ။ ICNCC ကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကမျှ ဖျက်သိမ်းပိုင်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။ အဲဒါကရော ဘယ်လိုအကြောင်း ကြောင်းတွေကြောင့်ပါလဲခင်ဗျာ။
ဖြေ။ ။ ICNCC ဖျက်သိမ်းပြီ၊ ICNCC ရဲ့ တရားဝင်မှုကို လွှဲပြောင်းယူထားတယ်ဆိုတာမျိုး ပြောဆိုသံတွေ ရှိနေကြလို့ ချင်းပြည်သူများဘက်ကနေ ဝေဝါးမှု ရှိမနေအောင် ပြန်လည်ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ICNCC ဖျက်သိမ်းမှု၊ ICNCC ရဲ့ တရားဝင်မှုကို လွှဲပြောင်းခြင်းစတဲ့ ဆွေးနွေးမှုမျိုး ICNCC ကောင်စီ အစည်းအဝေးမှာ တစ်ခါမှ မဆွေးနွေးဖူးပါ။ ICNCC ကိစ္စ တစ်ခုခုဆုံးဖြတ်စရာရှိရင် ကောင်စီမှာရှိတဲ့ အစုအဖွဲ့အားလုံး သဘောတူမှရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အစုအဖွဲ့တစ်ခုရဲ့ တစ်ဝက်လောက် ပျက်သွားတာနဲ့ ကောင်စီတစ်ခုလုံးကို ဖျက်သိမ်းလို့ မရပါဘူး။
မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပါခင်ဗျာ။
ဖြေ။ ။ ICNCC ဟာ ချင်းတစ်မျိုးသားလုံးအတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ လုပ်ငန်းတော်တော်များများဟာ လက်တွေ့မှာလွယ်ကူမနေဘဲ ခက်ခဲစိန်ခေါ်မှုများစွာ ရှိပါတယ်။ ဒါပေမဲ့ စိတ်ရှည်စွာနှင့် အတတ်နိုင်ဆုံး ဆက်လက်ရပ်တည် ကြိုးစားသွားပါမယ်လို့ ပြောကြားလိုပါတယ်။
KMG ပေးပို့သည်။