“AHA (အာဆီယံ လူသားချင်းစာနာမှုကူညီပေးရေးဆိုင်ရာညှိနှိုင်းရေးစင်တာ) ရဲ့ အစီအမံကို ပြန်လည် သုံးသပ်ဖို့တော့ လိုလိမ့်မယ်။ ပြန်လည် သုံးသပ်စေချင်တယ်။ လူထုတွေရဲ့ လက်ထဲကို ရောက်ရှိဖို့ ပြန်စဥ်းစားစေချင်တယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်” KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး

0
392
ပုံစာ - KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး။

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ယခုဖေဖော်ဝါရီလကုန်ပိုင်းက စတင်ပြီး ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်း စာနာမှုဇုန် တည်ဆောက်ရန်နှင့် နယ်စပ်ရှိ စစ်ဘေးရှောင် ၂ သောင်းအတွက် ထိုင်းနှင့်မြန်မာ ကြက်ခြေနီအဖွဲ့များမှတဆင့် ကျန်းမာရေး၊ အစားအသောက်နှင့် အခြားသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှုဇုန် တည်ဆောက်ရေးအပါအဝင် စစ်ရှောင် ၂ သောင်းကို ထိုင်းကြက်ခြေနီအဖွဲ့နှင့် မြန်မာကြက်ခြေနီအဖွဲ့တို့ အကူအညီဖြင့် ထောက်ပံမှုပေးမည့် အစီအစဉ်များအပေါ် ကရင်အမျိုးသားအစည်းအရုံး- KNU ပြောခွင့်ရပုဂ္ဂိုလ်ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ထိုင်းနိုင်ငံဘက်က ထိုင်းကြက်ခြေနီအဖွဲ့၊ မြန်မာကြက်ခြေနီအဖွဲ့ အကူအညီနဲ့ စစ်ရှောင် ၂ သောင်းအတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာ ထောက်ပံ့မှုလုပ်မယ့် အစီအစဉ်အပေါ် ကေအဲန်ယူအနေနဲ့ ဘာပြောချင်ပါလဲ။

ဖြေ။ ။ အာဏာသိမ်းလိုက်တာနဲ့တပြိုင်နက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာမယ်ဆိုတာ ကျနော်တို့ နဂိုကတည်းက ခန့်မှန်းထားပြီးသား ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်လာမယ်ဆိုရင် စစ်ရှောင်လူထုတွေက ပိုများလာမယ်ဆိုတာ ကျနော်တို့လည်း ကြိုတင်သုံးသပ်ထားတာ ရှိပါတယ်။ တိုက်ပွဲအရှိန်က ကျသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ ခန့်မှန်းထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုတွေက တဖြည်းဖြည်းနဲ့ တိုက်ပွဲကို တိမ်းရှောင်လာတဲ့လူထုတွေ ပိုပိုပြီး များပြားလာတဲ့အချိန်ကျရင် ပြည်သူလူထုအတွက် ထောက်ပံ့ကူညီမှုကတော့ ကျနော်တို့ မဖြစ်မနေကို စဥ်းစားထားရမှာဖြစ်တယ်။ ကျနော်တို့ရဲ့ နှစ်ပေါင်း ခုနှစ်ဆယ်ကျော် အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ဘယ်လိုမျိုးပုံစံနဲ့ လူထုအတွက်ထောက်ပံ့ကူညီမှုတွေ လုပ်မယ်ဆိုရင် ပိုပြီးထိရောက်မယ်ဆိုတာကို ကျနော်တို့ ပြောဆိုဆွေးနွေးထားတာဖြစ်တယ်၊ အဲဒါက ကျနော်တို့ သတင်းဌာနတွေကိုလည်း အကြိမ်ကြိမ် ပြောထားပြီးသား၊ ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ထားပြီးသား ဖြစ်တယ်။

အဲဒါက နိုင်ငံတကာက အကူအညီရောက်လာမယ်ဆိုရင် နယ်စပ်ဖြတ်ကျော်အကူအညီက နံပါတ်(၁) အနေနဲ့ မဖြစ်မနေလုပ်ရမှာပါ။ နယ်စပ်ဖြတ်ကျော် အကူအညီက ဘယ်လိုအစုအဖွဲ့ကနေ သွားမလဲဆိုတာကို ကျနော်တို့ စဥ်းစားသုံးသပ်တယ်။ ခုနကပြောသလိုပဲ အတွေ့အကြုံအရ စဥ်းစားသုံးသပ်တဲ့နေရာမှာ နိုင်ငံတကာ အဖွဲ့အစည်း တွေရယ် ပြည်တွင်းထဲမှာရှိနေတဲ့ NGO, CPO, CSO အဖွဲ့အစည်းတွေပါမှပဲ လူထုလက်ထဲကို ရောက်ရှိလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ အတွေ့အကြုံအရလည်း ကျနော်တို့က သင်ခန်းစာပေးထားတာ ရှိပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပေါ်လာတဲ့ လက်တွေ့အခြေအနေက AHA (အာဆီယံ လူသားချင်းစာနာမှုကူညီပေးရေး ဆိုင်ရာ ညှိနှိုင်းရေးစင်တာ) လို့ ပြောတဲ့ အာဆီယံဘက်ကလာတဲ့ အစီအစဥ်တစ်ခု ဖြစ်တယ်။ ထိုင်းကနေတဆင့် ပြည်တွင်းထဲကိုလာမယ် အဲ့လောက်ဆိုရင် ကျနော်တို့သိပ်မဆိုးဘူးပေါ့နော် အဲ့လိုပဲ နားလည်တယ်။

ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ လူထုတွေကို အကူအညီပေးတဲ့နေရာမှာ မြန်မာကြက်ခြေနီ၊ ထိုင်းကြက်ခြေနီ ပြီးတော့မှ နိုင်ငံတကာ ကြက်ခြေနီနဲ့ ပေါင်းပြီးတော့မှ ထောက်ပံ့မယ်ဆိုရင် ဘယ်တော့မှ လူထုလက်ထဲ ရောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိမြေပြင်အနေအထားက ဒီအစုအဖွဲ့တွေက ဘာမှ မည်မည်ရရလုပ်လို့ မရဘူး ဆိုတာလည်း ကျနော်တို့ သိရှိနားလည်ထားတယ်။ အဲဒါကြောင့် သူတို့ ဒီလိုလုပ်လိုက်တာကို ကျနော်တို့ စိတ်မကောင်းဘူး။ နောက်တခုက ကျနော်တို့ကိုယ်တိုင် တော်လှန်ရေးအစုအဖွဲ့တွေကိုယ်တိုင် အတွေ့အကြုံနဲ့ ရင်းပြီးမှ လုပ်ဖို့ဆိုတာ အစီအစဥ် ချထားတယ်။ ကျနော်တို့ပိုင်တဲ့အလုပ် မဟုတ်ပါဘူး၊ ပြည်သူလူထုအတွက် လုပ်သင့်လုပ်ထိုက်တာတခုကို ကျနော်တို့ လုပ်ဖို့ဆိုတဲ့စဥ်းစားချက် ဖြစ်ပါတယ်။

မေး။ ။ KNU ဘက်ကနေ ဒုက္ခသည်အကူအညီပေးရေးမှာ ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့သေးလား။

ဖြေ။ ။ ဟုတ်ကဲ့ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေ၊ NGO တွေ INGO တွေနဲ့တော့ ကျနော်တို့ ပြောဆိုဆွေးနွေးမှု ရှိပါတယ်။ ဒါက မဖြစ်မနေ ပါဝင်ရမယ့် အဖွဲ့တွေဖြစ်တဲ့အတွက် ကျနော်တို့တွေ့ဆုံစကားပြောတာပါ။

မေး။ ။ စစ်တပ်နဲ့ လက်တွဲလုပ်ဆောင်မယ့် ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စက ထိုင်း (သို့မဟုတ်) အာဆီယံ အနေနဲ့ စစ်တပ်ကို အသိအမှတ်ပြုတဲ့ သဘောလား၊ စစ်တပ်အတိုက်အခံအဖွဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လျစ်လျူထားတာလား သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်တပ်ကို ထောက်ခံတယ်လို့တော့ ကျနော်တို့ မယုံကြည်ဘူး။ အဓိက ကတော့ သူတို့အကျိုးစီးပွား မထိခိုက်ရအောင် ဆောင်ရွက်တာပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို့ နားလည်တယ်။ နောက်တစ်ခုက ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကပဲ ပြန်နိုင်သွားစရာ ရှိတယ်ဆိုပြီး နိုင်ငံတကာတချို့က ပြန်ယုံကြည်နေလို့ ဒီလို စစ်ကောင်စီနဲ့တွဲပြီး ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။

မေး။ ။ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီအတွက် လက်ရှိ ထိုင်းနိုင်ငံကစတင်ပြီး နောက်လာမယ့် အကူအညီပေးမယ့် နိုင်ငံတကာကိုရော KNU အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ AHA (အာဆီယံ လူသားချင်းစာနာမှုကူညီပေးရေးဆိုင်ရာညှိနှိုင်းရေးစင်တာ) ရဲ့ အစီအမံကို ပြန်လည် သုံးသပ်ဖို့တော့ လိုလိမ့်မယ်။ ပြန်လည် သုံးသပ်စေချင်တယ်။ လူထုတွေရဲ့လက်ထဲကို ရောက်ရှိဖို့ ပြန်စဥ်းစားစေချင်တယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိပဋိပက္ခတွေကြားမှာ ထိုင်းကလုပ်မယ့် နယ်စပ်လူသားချင်း စာနာမှုဇုန်ကရော ရေရှည် ရပ်တည်နိုင်ပါ့မလား၊ စစ်ရှောင်တွေ လာနေထိုင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရဲ့စီစဉ်မှုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ သူ့ရဲ့ Center (၃) ခု ကတော့ ရေရှည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့နိုင်ငံရေး အခြေအနေအပေါ်မှာ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်မှာ Center လာထားခြင်းသည် စစ်ကောင်စီကို ဘယ်သူမှ လက်ခံယုံကြည်မှာ မဟုတ်ဘူး။ Center ဘယ်လိုပဲ လာထားထား ထောက်ပံ့ကူညီမှု ပစ္စည်းတွေ ဘယ်လိုပဲရှိနေနေ လူထုက လက်ခံယုံကြည်မှာ မဟုတ်ပါဘူး။

မေး။ ။ ဒီလူသားချင်းစာနာမှုဇုန်ကိစ္စကို သုံးသပ်သူတွေ ပြောထားတာက စစ်တပ်နဲ့အတိုက်အခံအဖွဲ့တွေ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို ငြိမ်းချမ်းရေး စကားဝိုင်းအပေါ် ဆွဲခေါ်လာချင်တာလည်း ဖြစ်တယ်ပေါ့နော်၊ ဒီသုံးသပ်ချက်အပေါ်မှာရော ဘာပြောချင်ပါလဲ။

ဖြေ။ ။ ဒါကတော့ အဲလိုယူဆသုံးသပ်တဲ့သူတွေလည်း ရှိသလို ကျနော်တို့ရဲ့တော်လှန်ရေး ဖြတ်သန်းမှုမှာလည်း ဒါတွေ ရှိခဲ့တယ်။ ယနေ့အချိန်ကာလမှာတော့ အရင်ကပုံစံနဲ့ ဘယ်လိုမှ မတူညီတဲ့ အခြေအနေမျိုး ရောက်ရှိ သွားပြီပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး လူသားချင်းစာနာမှုဆိုင်ရာ ပရိုဂရမ်လေးကို တည်ပြီးတော့ ငြိမ်းချမ်းရေး စကားဝိုင်းကို ဆွဲခေါ်နိုင်မယ့် အစီအမံကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here