“အိမ်ပျက်စီးသွားတဲ့သူတွေလည်း များသလို ရေကြီးတဲ့ထဲမှာ အိမ်ဝင်းတွေ ပါသွားတဲ့သူတွေက အခုအချိန်အထိ အိမ်ယာမဲ့ ဖြစ်သွားတာပေါ့လေ။ နေရာစရာမှ မရှိတာ။ အိမ်ဝင်း ပျောက်သွားတဲ့သူတွေက အရမ်းခက်ခဲနေ ကြတယ်ပေါ့လေ။ နေရာစရာ မရှိတဲ့ထဲမှာ စားစရာလည်းမရှိ ဖြစ်နေကြတယ်” ဖားကန့်မြို့ခံအမျိုးသားတစ်ဦး

0
202
ပုံစာ - ဖားကန့်မြို့၌ ဇူလိုင်လဆန်းပိုင်းအတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့စဉ်မြင်ကွင်း။

စံချိန်တင်ရေကြီးရေလျှံခဲ့သည့် ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်၊ ဖားကန့်ဒေသတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း စံချိန်တင် ရေကြီးရေလျှံခဲ့တာကြောင့် အိမ်ထောင်စု ၆၀ ကျော် အိမ်ခြေမဲ့ဖြစ်သွားပြီး ဖားကန့်မြို့တွင်းနေရာများ၌လည်း ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့ရကြောင်း ဖားကန့်ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လဆန်းပိုင်းကစပြီး တစ်ပတ်ဝန်းကျင်ခန့်ကြာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဥရုချောင်း ရေကြီးရေလျှံပြီး ဖားကန့် မြို့တွင်းမြို့ပြင် ရပ်ကွက်နေရာ အားလုံးနီးပါး ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုက ဆန်ခါ၊ အောင်ရာ၊ နန်းယွန်း၊ ဆိုင်းတောင်၊ အေးမြသာယာ၊ ငှက်ပျောတော စသည့် ကျေးရွာများသည် ရေဘေးအန္တရာယ်ကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရသည်။

ယခုလို ဖားကန့်ဒေသတွင် စံချိန်တင် အဆိုးရွားဆုံး ရေကြီးရေလျှံခဲ့တာက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရပြီး နောက်ပိုင်း သက်ဆိုင်ရာဒေသအာဏာပိုင်များက ဥရုချောင်းကို ရှင်းလင်းမှုမရှိတာကြောင့် ရေလမ်းကြောင်း ပိတ်သွားပြီး ရေကြီးရေလျှံမှု ပိုဆိုးရွားလာရသည်ဟု ဖားကန့်ဒေသခံတို့က ပြောသည်။

ရေဘေးကြောင့် ဘေးဒုက္ခရောက်နေသည့် ဒေသခံပြည်သူများက အရေးပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအုပ်ချုပ်သူများကို ဖားကန့်ဒေသခံများက တောင်းဆို နေကြသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး ။ ။ ဖားကန့်မှာ ရေကြီးရေလျှံဖြစ်ပြီး ဒေသခံပြည်သူတွေ ရေဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို အရင်ပြောပြပေးပါ။

ဖြေ ။ ။ အဆိုးဆုံးဖြစ်ခဲ့တာက လုံးခင်းရပ်အုပ်စုထဲမှာဖြစ်တယ်။ အဲမှာက အောင်ရာရွာက အိမ်ထောင်စု ၃၅ စုက ရေဘေးကြုံနေရတယ်။ ပြီးရင် ဆန်ခါကျေးရွာက အိမ်ဝင်းလည်း မရှိတော့ဘူး။ အိမ်လည်း မရှိတော့ဘူး။ ရေထဲ အကုန်မျောပါသွားတာက အိမ်ခြေ ၂၃ စုလောက် ရှိတယ်။ အဲဒီကျေးရွာ ၂ ခုက အရမ်းဆိုးသွားတယ်။ နောက် နန်းယွန်းကုန်းဘက်မှာလည်း အိမ်ခြေ ၂ ခုလည်း အကုန်ပါသွားတယ်။

တခြားဖားကန့်မြို့ထဲက ဆိုင်းတောင်၊ မမုံ ၊ အေးမြသာယာ ရပ်ကွက်တွေဘက်မှာလည်း အိမ်တွေ ပျက်စီးသွားတာ တွေရှိတယ်။ ဘာလို့လဲဆိုတော့ တစ်မြို့လုံးက ရေနစ်မြှုပ်သွားတယ်ဆိုတော့ အားလုံးနီးပါးလောက်က ရေဘေး ကြုံကြတယ်။ ကုန်းပေါ်မှာနေတဲ့သူတွေလောက်ပဲ ကျန်မယ်ထင်တယ်။ ဥရုချောင်းနဲ့နီးတဲ့ အိမ်တွေဆိုရင် အကုန် စုတ်ပျက်သတ်သွားပြီ။

မေး။ ။ ဖားကန့်ရေကြီးမှုက အရင်နှစ်တွေထက် ဆိုးရွာတယ်လို့ပြောတယ်။ ရေက အရင်နှစ်တွေထက် ဘယ်လောက်ထိ မြင့်တက်သွားတာပါလဲ။

ဖြေ။ ။ ကျနော်ဖားကန့်မှာနေတာ နှစ်ပေါင်း ၃၀ ရောက်တော့မယ်။ ဒီနှစ်လောက်ဆိုးရွားတဲ့ ရေကြီးရေလျှံ မကြုံဖူးသေးဘူး။ အရင်နှစ် ၂၀ ကျော်မှာလည်း ကြုံဖူးလား လိုက်မေးကြည့်ရင်လည်း အရင်က လောက် မဆိုးဘူးတဲ့။ ဒီနှစ် အဆိုးဆုံးဖြစ်တယ်။ အရင်က နှစ်စဉ် ၅၀ ရာခိုင်နှုန်းဖြစ်ရင် ဒီနှစ်က ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။

အရင်ကဆို နှစ်စဉ်ရေကြီးတယ်ဆိုပေမယ့် ဖားကန့်မြို့ထဲက မရှီကထောင်ကိုသွားတဲ့ ကြိုးတံတားက ရေက ရောက်ဖို့ အများကြီးလိုတယ်။ ဒီနှစ်က မဟုတ်ဘူး။ အဲဒီကြိုးတံတားကို ကျော်တက်သွားတယ်။ အဲဒါကြောင့် အခုအဲဒီ ကြိုးတံတားလည်း ယိုင်နေတယ်။ အရင်းဘက်မှာ ပျက်စီးသွားတယ်။

မေး ။ ။ အခုလို ရေကြီးရေလျှံဖြစ်သွားတာက ဥရုချောင်းရေကြီးလို့ ဖြစ်သွားတာလား။

ဖြေ ။ ။ ဒီဆန်ခါပိုင်းဘက် ရေကြီးတာက ဥရုချောင်းတခုတည်းကြောင့်တော့ မဟုတ်ဘူး။ ကုမ္ပဏီတွေ လုပ်စားခဲ့တဲ့ လုပ်ကွက်ဟောင်းက ရေတွေလျှံလို့လည်းပါတယ်။ လုပ်ကွက်နေရာတွေကို မြေပြန်မဖို့ထားတော့ နှစ်ရှည်ပိတ်ဆို့နေတဲ့ ရေကပေါက်ထွက်လာတာလည်းပါတယ်။ အဲဒါကြောင့် အရင်ကတည်းကထက် ပိုပြီး ဆိုးသွားတာ။

မေး ။ ။ အရင်နှစ်တွေတုန်းက ရေကြီးရေလျှံတာတွေ မဖြစ်အောင် အစိုးရက ဥရုချောင်းရှင်းလင်းရေးတွေ လုပ်ဆောင်တာတွေလည်း မြင်တွေ့ရပါတယ်။ အခုနောက်ပိုင်းကော ဘယ်လိုရှိလဲ။

ဖြေ ။ ။ စစ်တပ်အာဏာမသိမ်းခင်အထိတော့ NLD အစိုးရလက်ထက်မှာ ဥရုချောင်းရှင်းလင်းရေး လုပ်ဆောင် တာတွေ ရှိပါတယ်။ နှစ်စဉ်လိုလို တတ်နိုင်သလောက်တော့ လုပ်ကြတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ၂၀၂၁ နောက်ကစပြီး ဥရုချောင်းရှင်းလင်းတာ မရှိတော့ဘူး။ ရေလမ်းကြောင်းတွေက အကုန်လုံး ပိတ်သွားတာဆိုတော့ ဒီနှစ်က ပိုဆိုးတယ်လို့ အားလုံးက အဲလိုပဲပြောကြတာ။

မေး ။ ။ လက်ရှိမှာ ရေကြီးနေတုန်းပဲလား။ ဒေသခံပြည်သူတွေရော ဘယ်လိုနေသေးလဲ။

ဖြေ ။ ။ ရေက တော်တော်လည်းကျသွားပါပြီ။ အိမ်ပျက်စီးသွားတဲ့သူတွေလည်း များသလို ရေကြီးတဲ့ထဲမှာ အိမ်ဝင်းတွေ ပါသွားတဲ့သူတွေက အခုအချိန်အထိ အိမ်ယာမဲ့ ဖြစ်သွားတာပေါ့လေ။ နေရာစရာမှ မရှိတာ။ အိမ်ဝင်း ပျောက်သွားတဲ့သူတွေက အရမ်းခက်ခဲနေကြတယ်ပေါ့လေ။

နေရာစရာ မရှိတဲ့ထဲမှာ စားစရာလည်းမရှိ ဖြစ်နေကြတယ်။ ကူညီပေးတဲ့ တချို့တွေတော့ ရှိကြပါတယ်။ ဒါပေမယ့် မလုံလောက်ဘူးလေ။ အခုချိန်မှာ သူတို့တွေအတွက် အကူညီတွေ အရမ်းလိုအပ်နေတယ်။ ရေဘေးကူညီပေး နေကြတဲ့သူတွေလည်း ခေါင်းကိုက် နေကြတယ်။

မေး။ ။ ရေဘေးကြောင့် နေစရာမရှိတော့တဲ့သူတွေက ဘယ်မှာရှိနေကြပါလဲ။ လူဦးရေက ဘယ်လောက်အထိ ရှိပါလဲ။

ဖြေ။ ။ လောလောဆယ်က အဆင်ပြေသလို ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း ၊ ဆွေမျိုးအိမ်တွေမှာ အဆင်ပြေသလို ခိုကပ်ပြီးနေကြတယ်။ တချို့က အိမ်လွတ်နေတဲ့နေရာတွေမှာ ခွင့်တောင်းပြီး နေကြတယ်။ လုံးခင်းအုပ်စုထဲကတင် အိမ်ခြေမဲ့ ဖြစ်သွားတဲ့ အိမ်ထောင်စုက ၆၀ ကျော်လောက်ရှိတယ်။ များတာတော့ တော်တော်များတယ် ထောင်ဂဏန်းတော့ရှိမှာပဲ။

မေး။ ။ ဒါဆိုရင် ဖားကန့်ရေဘေးသင့်ပြည်သူတွေအတွက် အရေးကြီးဆုံးကူညီပေးရမယ်ဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ အိမ်ထောင်စု ၆၀ လောက်က နေစရာကို မရှိတော့တာဖြစ်တဲ့အတွက် မြေနေရာတွေ ပြန်လည် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကတော့ အဓိကအချက်ပေါ့လေ။ နောက်တခုက အစားအသောက်နဲ့ ဆေးဝါး တွေပါ။ လက်ရှိမှာ မြို့တစ်ခုလုံး ရေကြီးထားတာဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တာများကြတယ်။

သူတို့တွေအတွက် ကျန်မာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်။ တချို့က အိမ်တွေနစ်မြှုပ်သွားတာဖြစ်တဲ့ အတွက် ပြန်လည်ထူထောင်ရေးတွေ ပြန်လုပ်ပေးဖို့ လိုအပ်တယ်။ အရင်က ဆိုင်ဖွင့်စားတဲ့သူတွေက ချက်ချင်း ဆိုင်ပြန်ဖွင့်စားဖို့က မလွယ်တော့ဘူးလေ။ သူတို့တောင်းဆိုတာလည်း အဓိကတော့ နေအိမ်တွေ ပြန်ဆောက် ပေးဖို့ပါပဲ။

မေး ။ ။ ရေကြီးရေလျှံဖြစ်ပြီး ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေကို ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ပေးတာ တွေ့ရပါလဲ။

ဖြေ ။ ။ သီခြား အစိုးရနှစ်ခုက ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးနေပြီလို့ မတွေ့ရသေးသလို မကြားမိသေးပါဘူး။ ဒါပေမယ့် KIO အစိုးရက ဆန်ခါရေဘေးပြည်သူတွေကိုတော့ နာမည်စာရင်း လိုက်လံ ကောက်ခံနေတာတွေတော့ ရှိတယ်လို့ ကြားပါတယ်။

မေး ။ ။ ရေဘေးဒဏ်ကြောင့် ဒေသခံတွေထိခိုက်သေဆုံးတာတွေရော ဘယ်နှစ်ယောက်လောက်ရှိပါလဲ။

ဖြေ ။ ။ သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ ဆန်ခါဘက်မှာ အမျိုးသမီးတစ်ယောက်တော့ သေဆုံးတယ်လို့ ကြားတယ်။ နောက်ပြီး ရေဘေးကြုံတွေတဲ့နေရာတွေမှာ သေဆုံးတာမျိုးတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေက ရှိတယ်လို့ကြားတယ်။

မေး။ ။ ဖားကန့်မြို့ထဲမှာရှိတဲ့လမ်းတံတားတွေ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးသွားပါလဲ။

ဖြေ။ ။ ရေက မြေနိမ့်ပိုင်းနေရာအားလုံးကို နစ်မြှုပ်သွားတော့ မြို့တွင်းရပ်ကွက်တွေမှာ နှစ်ရှည်ပြုပြင်ထားတဲ့ လမ်းနေရာတွေ အကုန်ပျက်စီးသွားတယ်။ နောက်လမ်းတံတားတွေကြတော့ မှော်ဘုံနဲ့ မဒဲန့်ယန်ကိုသွားတဲ့ သံတံတားတစ်ခု လုံးဝသွားလို့မရအောင်ပျက်စီးသွားတယ်။ အဲ့ကြောင့် အခုရေကြောင်းနဲ့ သွားနေရတယ်။ ဒါပြီးရင် အောင်ရာနဲ့ မိုးပြင်းကြားက သံတံတားလည်း ပျက်စီးသွားတယ်။ ပြီးရင် နမ်ဂျတ်နဲ့ မဇွပ်ယန်သွားလမ်းက တံတားလည်း ပျက်စီးသွားတယ်။ စောနကပြောသလို မရှီကထောင်ကိုသွားတဲ့ ကြိုးတံတား ဒီဟာတွေ ပျက်စီးသွားတာပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဖားကန့်ဒေသခံပြည်သူတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီပေးနေတာတွေတော့ မြင်တွေ့နေရပါတယ်။ ဒါပေမယ့် ထိရောက်မှု မရှိသေးတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒါကြောင့် ပြည်သူတွေက စိတ်ဓါတ်ကျဝမ်းနည်း ပူဆွေးနေတာတွေ ဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ ထိခိုက်ပျက်စီး ဆုံးရှုံးတဲ့ဟာက အရမ်းများတယ်ဆိုတော့ ဖြစ်နေကြတာပါပဲ။ ဒါကြောင့် သက်ဆိုင်တဲ့ အစိုးရလိုရှိနေတဲ့ တာဝန်ရှိသူတွေ အမြန်ဆုံး ပြန်လည်ထူထောင်ရေး တွေကို ထိထိရောက်ရောက်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုချိန်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ပါပဲ။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here