“အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်းနည်းလာပြီ။ အန္တရာယ်လည်းများလာပြီ” ဦးတိုးဇော်လတ် (အတွင်းရေးမှူး – IPCM)

0
250
Photo - Frontier Myanmar

စစ်အာဏာသိမ်းကာလ မြန်မာ့သတင်းမီဒီယာအခြေအနေများနှင့် ပတ်သက်ပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဌ နန်းဖော့ဂေ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်တို့ကို ဆက်သွယ်မေးမြန်းချက်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားကျဆင်းလာနေသည့် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာစိန်ခေါ်မှု အခြေအနေများကြောင့် ပြည်တွင်းပြည်ပရှိ လွတ်လပ်သောသတင်းမီဒီယာသမားများ စုပေါင်းပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ဖွဲ့စည်းခဲ့ပါသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ဖွဲ့စည်းတည်ထောင်ရသည့် ရည်ရွယ်ချက်၊ ကော်မတီ ဖွဲ့စည်းပြီးသွားပါက အဓိက လုပ်ဆောင်သွားမည့် အစီအစဉ်များသာမက မြန်မာသတင်းမီဒီယာလောကနှင့် သတင်းမီဒီယာသမားတွေများကို ဘာတွေကူညီပေးဖို့ရှိပါလဲ။

ယင်းအပြင် သတင်းမှားတိုက်ဖျက်ရေး စသည့် သတင်းမီဒီယာလောက၌ မဖြစ်မနေလိုအပ်သော တန်ပြန် လုပ်ဆောင်မှုများကို လုပ်ဆောင်ရန် ရှိပါလားဆိုသည့် အခြေအနေများနှင့် ပတ်သက်ပြီး IPCM ဥက္ကဌ နန်းဖော့ဂေ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်တို့ကို ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကိုသိပါရစေ။

နန်းဖော့ဂေ။ ။ အဓိက ကတော့ IPCM ကို ဖွဲ့စည်းတည်ထောင်လာတဲ့အကြောင်းက စစ်တပ်က အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ကိုယ်စားပြုတဲ့ မီဒီယာကောင်စီဆိုတာ မရှိဘဲနဲ့ တဖက်စစ်ကောင်စီလက်အောက်ခံ မီဒီယာလက်အောက်ခံတွေက နိုင်ငံတကာကို သူတို့က ကိုယ်စားပြု တယ်ဆိုပြီး ချဉ်းကပ်ဆောင်ရွက်နေတဲ့အပေါ်မှာ တကယ်တမ်း အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ရှိသင့်တယ်ဆိုတဲ့ အခြေခံအပေါ်မှာ လက်လှမ်းမီသလောက် ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ နေရာဒေသ အသီးသီးက လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေပေါင်းစုကာ ညီလာခံလုပ်ပြီးတော့ IPCM ကို ဖွဲ့စည်းခဲ့တယ်။

ရည်ရွယ်ချက်ကတော့ လွတ်လပ်တဲ့ မီဒီယာအနေနဲ့ ဖြစ်တယ်။ lPCM က လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ကို ကိုယ်စားပြုတဲ့ မြန်မာမီဒီယာကောင်စီ ဖြစ်ပါတယ်ဆိုတာကို ရည်ရွယ်တာပေါ့နော်။ နောက်တစ်ခုက IPCM ရဲ့ ဖွဲ့စည်းပုံအရဆိုရင် IPCM မှာ အမှုဆောင်ကော်မတီ ၁၅ ဦး ရွေးကောက်တင်မြှောက်ရမယ်ပေါ့နော်။ အဲဒီအထဲမှာ က လွတ်လပ်တဲ့သတင်းဌာနတွေကို ကိုယ်စားပြုတဲ့ ကောင်စီဝင် ၉ ဦး၊ ပြီးရင် လွတ်လပ်တဲ့အလွတ်တန်း မြန်မာသတင်းထောက် ၃ ဦး၊ နောက် မီဒီယာကျွမ်းကျင်တဲ့ပုဂ္ဂိုလ် ၂ ဦး၊ နောက်ပြီးတော့ မီဒီယာနားလည်တဲ့ ဥပဒေပညာရှင် ၁ ဦး စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့သွားဖို့ ဖွဲ့စည်းပုံထဲပါတယ်။

ဦးတိုးဇော်လတ်။ ။ အဓိက ရည်ရွယ်ချက် ၄ ခုပေါ့ဗျာ။ အဓိကတစ်ခုကတော့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးပေါ့။ တစ်ခုပါပါတယ်။ အဖမ်းခံရတဲ့ သတင်းထောက်တွေ ကျွန်တော်တို့စာရင်း အရတော့ ၅၆ ယောက်ပေါ့ဗျာ။ လက်ရှိ ကျန်နေသေးတာပေါ့။ သူတို့ကို ဘယ်လိုထောက်ပံ့မလဲ။ ဘယ်လို အကာအကွယ်ပေးမလဲ။

အဲဒီလိုပဲ နောက်ထပ် မြေပြင်မှာရှိတဲ့သတင်းထောက်တွေ ပြည်တွင်းပြည်ပမှာရှိတဲ့ သတင်းထောက်တွေ၊ အဓိက ကတော့ Safety ကတော့ အရေးကြီးဆုံး နံပါတ်တစ်ပါ။ နိုင်ငံတကာမှာ၊ မြန်မာပြည်မှာကျန်ခဲ့တဲ့ သတင်းမီဒီယာ ကောင်စီက စစ်တပ်အာဏာသိမ်းသွားတဲ့အထဲမှာ မီဒီယာကောင်စီကိုပါ အာဏာသိမ်းသွားတယ်။ ကျွန်တော်တို့ရဲ့ တရားဝင် သတင်းထောက်တွေကိုကိုယ်စားပြုတဲ့ မီဒီယာကောင်စီတစ်ခု ပြည်တွင်းနဲ့နိုင်ငံတကာကို ပြောနိုင်အောင်ပါ။

နောက်တခုက ပရော်ဖက်ရှင်နယ်ပေါ့။ မီဒီယာတွေထဲမှာ မီဒီယာကျင့်ဝတ်ပေါ့။ အဲဒီလိုပဲပြီးရင် တကယ်လို့ ရှေ့နေတွေ ဘာတွေရမယ်။ နောက်တစ်ခုက သတင်းရယူပိုင်ခွင့်ပေါ့။ အခု VPN ကိစ္စဆိုလည်း သတင်းရယူပိုင် ခွင့်နဲ့ ဆိုင်ပါတယ်။ သတင်းစီးဆင်းမှုကို ပိတ်တာ။ အဲဒီလိုပဲ ဒီဘက်မှာ သတင်းထောက်တွေ သတင်းရင်းမြစ်ကို ရယူပိုင်ခွင့်ပေါ့။ အဲဒါရယူဖို့ ဖွဲ့ထားတာပါ့။ ဒါကတော့ အဓိက ရည်ရွယ်ချက်ပါ။

မေး။ ။ အခုလက်ရှိမှာ အမှုဆောင်ကော်မတီဝင်တွေကို ခေါ်ယူနေတယ်ဆိုတော့ ကော်မတီဖြစ်မြောက်သွားရင် ပထမဆုံးလုပ်ဆောင်မယ့် လုပ်ငန်းက ဘာပါလဲ။ တခြား ဘာလုပ်ငန်းတွေကိုရော ဆက်လုပ်သွားမှာပါလဲ။

နန်းဖော့ဂေ။ ။ အမှုဆောင်ကော်မတီ ဖြစ်မြောက်မှ မဟုတ်ဘူးပေါ့နော်။ စပြီးတော့ ဖွဲ့စည်းလိုက်ကတည်းက အလုပ်တွေကလုပ်လာပြီ။ အဓိကအားဖြင့်တော့ ဘာလဲဆိုရင် သတင်းမီဒီယာကျင့်ဝတ်တွေပေါ့။ သတင်းမီဒီယာ ကျင့်ဝတ်တွေကို ပြန်ပြီးတော့ update အနေနဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ့်အခင်းအကျင်း၊ သတင်းမီဒီယာကျင့်ဝတ်ကို ရေးသားနိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အဲဒါကို ထုတ်ပြန်ခဲ့တယ်။ ဒုတိယ ရည်ရွယ်ချက် ကတော့ လုပ်ငန်းစဉ် ၃ ခု အဓိက ထားခဲ့တယ်။ တစ်အချက်က သတင်းမီဒီယာကျင့်ဝတ်ကို ရေးဆွဲခဲ့တယ်။ သတင်းထုတ်ပြန်ခဲ့တယ်။ နောက်တစ်ခုက အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေမှာရှိတဲ့ သတင်းမီဒီယာတွေ နဲ့လည်း ကွန်ရက်ချိတ်ဆက်မှုတွေ ပိုပြီးတော့အားကောင်းအောင် လုပ်သွားမယ်ဆိုတာရှိတယ်။

နောက်ဆုံးတစ်ခုကတော့ ဒေသအသီးသီးမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ကိုယ်ရဲ့လွတ်လပ်တဲ့ မြန်မာသတင်း သမားတွေအတွက်ကို သူတို့ရဲ့လုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး အတွက်ပါ လုပ်ဆောင်သွားမယ် ဆိုတာလည်း ရှိတယ်။ အဲဒါကို တဆင့်ချင်းတော့ လုပ်လာတယ်။ ဒါပေမဲ့ ပိုပြီးတော့ ဒီနှစ်ရဲ့ခြောက်လပတ်မှာ လုပ်ဆောင်သွားဖို့ ရှိတယ်။ နောက်ပြီးတဲ့အခါတော့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းတွေနဲ့လည်း ဒုတိယ ခြောက်လပတ်မှာ မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူခွင့်ဆိုင်ရာတွေ တွေ့ဆုံဆွေးနွေးသွားဖို့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။

ဦးတိုးဇော်လတ်။ ။ ကျွန်တော်တို့အတွက် Full Capacity (အင်ပြည့်အားပြည့်) မဖြစ်သေးဘူး။ ပထမညီလာခံ က ဆုံးဖြတ်ထားတာ ကျွန်တော်တို့စိတ်ကူးပေါက်လို့ ထလုပ်တာမဟုတ်ဘူး။ ညီလာခံက Press Council (မီဒီယာ ကောင်စီ) ကို ဘာတွေလုပ်စေချင်လဲဆိုတာ ပါတယ်။ အဲဒီထဲမှာ အခုဒုတိယညီလာခံက ရွေးနိုင်တာက ၁၅ ယောက် မရွေးနိုင်ဘူး။ ၁၀ ယောက်ပဲ ရွေးနိုင်တယ်။

အဓိက တစ်သီးပုဂ္ဂလတွေ ကျန်တယ်။ တစ်သီးပုဂ္ဂလ ၃ ယောက်ကျန်တယ်။ ရှေ့နေတစ်ယောက် ကျန်တယ်။ မီဒီယာကျွမ်းကျင်သူ တစ်ယောက်ကျန်တယ်။ အဲဒါကို ကျွန်တော်တို့ ပြည့်သွားအောင် လုပ်နေတာပါ။ ဆိုလိုတာက အစုံလိုက်ပေါ့။ တစ်သီးပုဂ္ဂလလည်း ချန်မထားခဲ့ချင်ဘူး။ ဥပဒေရေးရာ ကျွမ်းကျင်သူကိုလည်း ချန်မထားခဲ့ချင်ဘူး။

အဲဒီလိုဖော်ဆောင်နိုင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ပိုဖော်ဆောင်လာနိုင်မှာပေါ့။ အခု ၁၀ ယောက်တောင်မှ ခြောက်လ၊ ခုနှစ်လလုပ်တာ ကော်မတီ ၉ ခု ရှိနေပြီ။ လုပ်နေတာတွေ အများကြီးပဲ။ လူပိုစုံလာမယ်ဆိုရင်တော့ ဒီထက် အားနဲ့အင်နဲ့ လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။

နောက်တခါ ကျွန်တော်တို့ လုပ်နေတာကတော့ ဥပမာ NUCC ၊ KNU သူတို့တွေမှာ မီဒီယာပေါ်လစီရှိဖို့ လိုက်လုပ်နေတာပဲလေ။ အဓိကတော့ သတင်းရယူခွင့်ကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံပေးပါဆိုတဲ့ဟာ လိုက်လုပ်နေတာ။

မေး။ ။ သတင်းမှားတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ရော ဘာတွေလုပ်ဆောင်နေတာရှိပါလဲ။

နန်းဖော့ဂေ။ ။ လောလောဆယ်ကတော့ သတင်းမှားတိုက်ဖျက်ရေးရယ်လို့ မလုပ်သော်လည်း IPCM အနေနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းတာတွေ အထူးသဖြင့် လတ်တလောကတော့ သတင်းအမှားကို တန်ပြန်တာမျိုးတော့ မလုပ်ဆောင်နိုင်သေးဘူး။

လောလောဆယ် လုပ်ဆောင်နေတာတွေကတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေက သူတို့တရားစွဲဆိုခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ ပြန်လည်လွတ်မြောက်လာမှုတွေ ဆက်လက်ပြီးတော့ အကျဉ်းထောင်မှာ ရှိနေဆဲဆိုတဲ့ အချက်အလက် မှတ်တမ်းတွေကိုတော့ အချိန်နဲ့အညီ စုဆောင်းလုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာနယ်မြေ တွေ၊ နယ်စပ်ဒေသအသီးသီးမှာ ရောက်နေတဲ့ ဂျာနယ်လစ်တွေရဲ့ သတင်းအချက်အလက်ကိုတော့ ဆက်လက် ပြုစုသွားဖို့ ရှိပါတယ်။

ဦးတိုးဇော်လတ်။ ။ ကျွန်တော်တို့တော့ မလုပ်ဘူး။ ကျွန်တော်တို့ပါတဲ့ မီဒီယာ အထူးသဖြင့် Mizzima မှာလည်း နေ့စဉ်သတင်းအမှား ပရိုဂရမ်ဆိုပြီး ရှိတယ်။ ဒီထဲမှာပါတဲ့ တစ်သီးပုဂ္ဂလအဖွဲ့ဝင်တွေမှာတော့ လုပ်တဲ့ပရိုဂရမ်တွေ အများကြီး ရှိပါတယ်။ မီဒီယာတိုက် အလိုက်ပေါ့။ ကျွန်တော်တို့ Press Council အနေနဲ့တော့ Capacity ရှိလာရင် လုပ်ပါမယ်။ အခုလောလောဆယ်ကတော့ မလုပ်နိုင်သေးလို့ မစနိုင်သေးတာပါ။ ရှိလာရင် လုပ်သင့်တဲ့ကိစ္စပါဗျ။

မေး။ ။ ထောင်ကျနေတဲ့သတင်းသမား ၅၀ ကျော်အတွက် ဘာတွေလုပ်သွားဖို့ရှိပါလဲ။

ဦးတိုးဇော်လတ်။ ။ ကျွန်တော်တို့ကတော့ သူတို့ကိုထောက်ပံ့နေတာ ရှိပြီးသား။ အဲဒီလိုပဲ ထပ်ပြီး အမှုရင်ဆိုင် ရတဲ့သူတွေ ထပ်ပေးသင့်တဲ့သူတွေကို လောလောဆယ် ကိုယ်တိုင်ထောက်ပံ့နိုင်ရင် ထောက်ပံ့၊ မထောက်ပံ့နိုင်ရင် သူများကို ထောက်ပံ့တဲ့သူနဲ့ ချိတ်ဆက်ပေးပါတယ်။ အဲဒါတွေကတော့ တချို့လုံခြုံရေးနဲ့ ပတ်သက်ပြီး အကုန်လုံး တော့ သေချာပြောလို့ မရဘူးပေါ့။ သေချာတာကတော့ သူတို့ရဲ့ရပ်တည်နိုင်ရေး ထောင်ဝင်စာတွေ့ရေးကို လုပ်ပေးနိုင်သလောက် လုပ်ပေးပါတယ်။

မေး။ ။ လက်ရှိ မြန်မာသတင်းမီဒီယာလောကရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်လဲ။

နန်းဖော့ဂေ။ ။ လက်ရှိ သတင်းမီဒီယာလောက ကတော့ လက်ရှိအခက်အခဲကနေ ဆက်လက် လည်ပတ်နေရ တဲ့ အစုအဖွဲ့ မီဒီယာတိုက်အသီးသီးကပေါ့နော်။ ဒေသတွင်း မီဒီယာကဖြစ်စေ၊ တိုင်းရင်းသား မီဒီယာကဖြစ်စေ၊ တစ်နိုင်ငံလုံး လွှမ်းခြုံပြီးတော့ သတင်းထုတ်ပြန်ပြီး လုပ်နေတဲ့မီဒီယာဖြစ်စေ၊ အရင်ကထက်စာရင် အခက်အခဲ တွေ အများကြီးပေါ်လာတယ်။ ရေရှည်သွားဖို့အတွက် ရပ်တည်ရေးရော ရင်းမြစ်တွေပေါ့။ အခက်အခဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲပေါ်မှာ သုံးသပ်ပြီးတော့ အပြန်အလှန် ချိတ်ဆက်ဆွေးနွေးတိုင်ပင်ပြီးတော့ လည်ပတ်သွားပါမယ်။

ဦးတိုးဇော်လတ်။ ။ လောလောဆယ်တော့ သိပ်အခြေအနေ မကောင်းကြဘူးဗျ။ အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်း နည်းလာပြီ။ အန္တရာယ်လည်း များလာပြီ။ လက်ရှိမှာဆိုရင် ရှင်ဒေဝီ တသက်တကျွန်း ကျတာတို့၊ ရှေ့က DVB ရဲ့ သတင်းထောက် တစ်ယောက်လည်းကျတာမျိုး ရှိပါတယ်။

တသက်တကျွန်းကျတာ နှစ်ယောက်ရှိပြီ။ ဆိုလိုတာကတော့ ရှေ့လျှောက်လည်း ပိုကျပ်လာလိမ့်မယ်။ စစ်ကောင်စီက သူတို့ရဲ့နိုင်ငံရေး ထွက်ပေါက်ပေါ့။ အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်။ သန်းခေါင်စာရင်း ကောက်မယ်ဆိုပြီး မီဒီယာတွေကို စကျပ်လာပြီ။ ဘက်ပေါင်းစုံမှာ ပိုပြီးကျပ်တည်းလာတယ်။ အဲဒီအထဲကမှ သတင်းသမားတွေ ရှင်သန်နိုင်အောင် နည်းမျိုးစုံနဲ့ ဘယ်လိုရှင်သန်မလဲ ရှာဖွေပြီးတော့ ရပ်တည်သွားဖို့ ကြိုးစား ရမှာပေါ့။

မေး။ ။ သတင်းစီးဆင်းမှုကို ဖြတ်တောက်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတဲ့အပေါ်မှာရော အဖွဲ့အနေနဲ့ ဘာတွေတန်ပြန်လုပ်ဆောင်သွားဖို့ ရှိပါလဲ။

ဦးတိုးဇော်လတ်။ ။ အခု ကျွန်တော်တို့လိုက်ပြီးတော့ လုပ်နေတာပဲလေ။ အထူးသဖြင့် မြန်မာပြည်မှာ အသစ်ဖြစ် ပေမယ့် မီဒီယာပိတ်တာ ရုရှားမှာ ကြာလှပြီ။ အဲဒါကို ကူညီတဲ့ဟာမျိုးရှိတယ်။ Open Technology Resources လို့ ခေါ်တယ်။ ရုရှားအသိုင်းအ၀န်းကို သူတို့ရဲ့ VPN ကျော်ဖို့ ဆိုတဲ့ဟာ သူတို့ထောက်ပံ့တယ်။ အဲဒီလိုဟာတွေတော့ စပြောနေပါပြီ။

လမ်းကြောင်းတွေ ရှာနေပါတယ်။ ပိတ်တာဆို့တာကတော့ ဒီခေတ်ကြီးမှာ နည်းပညာနဲ့ ဘယ်လိုလုပ်ပြီး ပိတ်လို့ ရမှာလဲ။ ပိတ်ရင်ကျော်တဲ့ နည်းလမ်းရှိရမှာပေါ့။ အဲဒီတော့ သူများတွေ ဘယ်လိုလုပ်သလဲ ဆိုတာကြည့်ပြီး တုံ့ပြန်ဖို့ ကြိုးစားနေပါတယ်။ တာဝန်ရှိတဲ့သူတွေ နိုင်ငံတကာက အကူအညီပေးတဲ့သူတွေကိုပြောပြီး လောလောဆယ် လုပ်နေပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here