1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တောင်းဆိုပေးထားသလို ပူးပေါင်းဆောင်ရွက်ကူတာတွေလည်း ရှိပါတယ်။ အဓိကကတော့ ဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ် မဖြစ်အောင်ရယ် ပြီးတော့မှ ပိုပြီးတော့မှ...

“အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တောင်းဆိုပေးထားသလို ပူးပေါင်းဆောင်ရွက်ကူတာတွေလည်း ရှိပါတယ်။ အဓိကကတော့ ဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ် မဖြစ်အောင်ရယ် ပြီးတော့မှ ပိုပြီးတော့မှ သတိကြီးကြီးနဲ့ နေထိုင်ကြဖို့ သင်ခန်းစာယူကြဖို့အတွက်ကိုလည်း ရည်ရွယ်ပါတယ်” KNEC ဒု – ဒါရိုက်တာခွန်းနေဇာ

ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) လက်အောက် ကျောင်းဆရာမတစ်ဦး တာဝန်ထမ်းဆောင်နေချိန် မီးလောင်သေဆုံးမှုနှင့် ပတ်သက်ပြီး KNEC ဒု – ဒါရိုက်တာ ခွန်းနေဇာနှင့် မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင်နေထိုင်သည့် ကျောင်းဆရာမတစ်ဦးသည် ၎င်းတာဝန်ကျသည့် ရှမ်း – ကရင်နီပြည်နယ်စပ် ဆီးဘူးဒေသအတွင်း ကျေးရွာရှိ ၎င်းနေထိုင်ရာနေအိမ်၌ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူကျောင်းဆရာမသည် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) က စေလွှတ်ထားသည့် ကျောင်းဆရာမတစ်ဦးလည်း ဖြစ်သလို KNEC က ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ကိုယ်ထူကိုယ်ကျောင်းတွင် တာဝန်ထမ်းဆောင်နေချိန်တွင် ယခုလို မီးလောင်သေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတာဝန်ကျရာ ကျေးရွာရှိ နေအိမ်တွင် သေဆုံးသူကျောင်းဆရာမနှင့် အတူနေထိုင်သည့် အိမ်ရှင်ကျောင်းဆရာ ဇနီးမောင်နှံ ၂ ဦးမှာ မီးလောင်မှုဖြစ်စဉ်တွင် ရွာသားများ အချိန်မီ ကယ်ဆယ်နိုင်ခဲ့တာကြောင့် လွတ်မြောက်သွားခဲ့ သည်ဟု KNEC ထံမှ သိရသည်။

သေဆုံးသူကျောင်းဆရာမသည် အသက် ၁၉ နှစ်အရွယ်ရှိသူဖြစ်ပြီး မိသားစုအတွင်း သမီးအကြီးလည်းဖြစ်ကာ မိသားစုဝင်များက ရုပ်အလောင်းကိုသယ်ယူရန် ရောက်ရှိသွားချိန်တွင် သေဆုံးသူဆရာမ၏ ရုပ်အလောင်းဟာ တစစီကြေမွနေတယ်လို့ ၎င်း၏မိခင်ဖြစ်သူက ပြောပါသည်။

ယခုလို ကျောင်းဆရာမသေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကယန်းအမျိုးသားပညာရေးကော်မတီ KNEC အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုအခြေအနေနှင့် သေဆုံးရသည့်ဖြစ်စဉ်ကို သိရှိနိုင်ရန် KNEC ဒု – ဒါရိုက်တာ ခွန်းနေဇာကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ သေဆုံးသွားတဲ့ ကျောင်းဆရာမလေးရဲ့ဖြစ်စဉ်ကို ပြောပြပေးပါရှင့်။ သေဆုံးမှုက မတော်တဆမှုလား၊ ဘယ်လိုကြောင့် ဖြစ်ခဲ့တာပါလဲ။ သေဆုံးမှုမှာ မိသားစုဝင်တွေရဲ့ပြောပြချက်အရ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေတာ ဘာကြောင့်ပါလဲရှင့်။

ဖြေ။ ။ သူ့ရဲ့ဖြစ်စဉ်အရဆို မတော်တဆ အိမ်မီးလောင်တာ ဖြစ်တယ်ပေါ့နော်။ လူသတ်မှုဆိုတဲ့ကိစ္စမှာကတော့ ကျနော့်အနေနဲ့ကတော့ လောလောဆယ်တော့ တပ်အပ်ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆို ဒီဘက်မှာက သူတို့ မိရိုးဖလာအလုပ်လုပ်တဲ့အရဆို ဖာလာ စိုက်ပျိုးကြတယ်ပေါ့နော်။ ဆိုတော့ အခုကာလက အဲ့ဒီဘက်ဒေသမှာ ပေါ့နော်၊ အခင်းဖြစ်ပွားတဲ့ ဒေသဘက်မှာဆိုရင် ဖာလာစိုက်ခင်းတွေ အများကြီးရှိကြသလို ဖာလာတွေ လှန်းကြ တယ်။ လှန်းတဲ့အခါမှာ မိုးတွင်းဖြစ်တဲ့အတွက် မီးကိုပဲ အားကိုးပြီးတော့မှ လှန်းကြတယ်။ ဒီသေဆုံးမှာက မီးက ဘယ်က စလောင်တယ်ဆိုတဲ့ ကိစ္စကိုတော့ မဖော်ထုတ်နိုင်သေးတာပဲဖြစ်တယ်။

ဘာကြောင့်လောင်တယ်၊ ပြီးတော့ သေဆုံးသူနဲ့ ပတ်သက်ပြီးတော့မှ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်း တွေ အနေနဲ့လည်း စုံစမ်းနေတယ်။ နှစ်ဖက်ကိုယ်စားလှယ် ကာယံကံရှင် သေဆုံးသူမိသားစုဝင်တွေက နေပြီးတော့မှ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းကနေပြီးတော့မှ စိစစ်ရေး ကော်မတီကို ဖြည့်စွက်ပြီးတော့မှ ဆောင်ရွက်လျက်ရှိတယ်။ ဆိုတော့ အဲ့ဒီအဖြစ်မှန် ပေါ်ပေါက်ရေးရယ်၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်သွားနေပါတယ် ဆိုတာလောက်ပဲ ပြောနိုင်သေးတယ်။ အသေးစိတ်ကိုတော့ မကြာခင် ဖော်ထုတ်နိုင်မယ်လို့လည်း ထင်ပါတယ်။

မေး။ ။ အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေက ဘယ်အဆင့်ထိ ရောက်နေပြီလဲ။ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါလဲရှင်။

ဖြေ။ ။ စုံစမ်းစစ်ဆေးမှုအဆင့်အနေနဲ့ကတော့ ဒုတိယအဆင့်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ပထမအဆင့်အနေနဲ့ကတော့ ရပ်ကျေးအဆင့်ပေါ့။ ပြီးတော့မှ ကယန်းဒေသရဲ့ အဖွဲ့အစည်းရဲ့ ပြည်သူ့အုပ်ချုပ်ရေး မြို့နယ်အဆင့်ပေါ့နော်။ အဲ့လိုမျိုး စီစစ်မှုတွေလုပ်တာ ရှိပါတယ်။ အခုတဖန် နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အစီအစဉ်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။

အဲ့ဒီရလဒ်အနေနဲ့ကတော့ အချက်အလက်တွေပို့ပြီးတော့မှ စုဆောင်းနိုင်တာတွေ့ရတယ်။ ပြီးတော့မှ ကျနော်တို့ ဘက်မှာလည်း စနစ်တကျ အမှုလိုက်တဲ့ကိစ္စတွေတော့ သိပ်မရှိဖူးဘူးပေါ့နော်။ အများအားဖြင့်လည်း ဒီလိုဖြစ်စဉ် မျိုးကလည်း ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဆိုတော့ စုံစမ်းစစ်ဆေးမှုရလဒ်ကတော့ လောလောဆယ်မှာကတော့ ပိုပြီးတော့ ရရှိမှုရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်အထိတော့ မရရှိသေးဘူးပေါ့နော်။ ဒီလိုမျိုး ရှိပါတယ်။

မေး။ ။ နစ်နာသူရဲ့မိသားစုဝင်တွေကိုရော ဘယ်လိုပြောပြဆက်သွယ်ထားပါလဲရှင်။

ဖြေ။ ။ နစ်နာသူရဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ ကျနော်တို့ကိုယ်တိုင် သွားရောက်တွေ့ဆုံမှုတွေ လုပ်ထား ပါတယ်။ ပြေပြေလည်လည်ပေါ့နော်။ ကျနော်တို့ KNEC အနေနဲ့ကလည်း ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့ မိသားစုဝင်ကို သွားရောက်နှစ်သိမ့်ပေးတာတို့ တတ်နိုင်တဲ့ဘက်ကနေပြီး ကူညီပေးတာတွေ ရှိပါတယ်။

ကျနော်တို့ အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တောင်းဆို ပေးထားသလို ပူးပေါင်းဆောင်ရွက်ကူတာတွေလည်း ရှိပါတယ်။ အဓိကကတော့ ဒီလိုမျိုး ဖြစ်ရပ်တွေ နောက်ထပ် မဖြစ်အောင်ရယ် ပြီးတော့မှ ပိုပြီးတော့မှ သတိကြီးကြီးနဲ့နေထိုင်ကြဖို့ သင်ခန်းစာယူကြဖို့ အတွက်ကိုလည်း ရည်ရွယ်ပါတယ်။

မေး။ ။ ဒီဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့ ကျောင်းဆရာလင်မယားနဲ့ရော အဆက်အသွယ်ရပါလားရှင့်။

ဖြေ။ ။ ဒီဖြစ်စဉ်မှာ အနီးကပ်နေထိုင်ကြတဲ့ ကျောင်းဆရာလင်မယားနဲ့လည်း အဆက်အသွယ်ရပါတယ်။ သူတို့ကိုယ်တိုင်လည်း ကျန်ရစ်သူမိသားစုတွေနဲ့ သွားရောက်တွေ့ဆုံတာတွေ ရှိပါတယ်။ သူတို့ရဲ့ ဒီဖြစ်စဉ် အပေါ်မှာ ဘယ်လိုဖြစ်ခဲ့လဲ ဆိုတဲ့ဟာလေးတွေ သူတို့တင်ပြဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ သံသယကတော့ ရှိတယ်ပေါ့နော်။

အဓိက ကတော့ အိမ်ရှင်မိသားစုဝင်တွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမလင်မယားကတော့ သံသယအရှိဆုံး ထဲမှာတော့ ပါသွားတာပေါ့နော်။ အဲ့ဒီအပေါ်မှာလည်း သံသယကင်းကင်းဖြစ်အောင် ပြီးတော့မှ ဘယ်လို ပြောရမလဲ စုံစမ်းစစ်ဆေးမှုရလဒ် အဖြစ်မှန် ပေါ်ပေါက်ဖို့လည်း အခုစီစဉ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မကြာခင်မှာ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်ပြီးတော့မှ ဒီအမှုကလည်း အမြန်ဆုံး ပြီးပြတ်နိုင်မယ်လို့လည်း ရည်ရွယ် ပါတယ်။ အဲ့လိုမျိုးလည်း ဖြစ်စေချင်ပါတယ်။

မေး။ ။ ဖြစ်စဉ်ရဲ့ ဖြစ်ရပ်မှန်ပေါ်ပေါက်ဖို့ အချိန်ဘယ်လောက်ကြာနိုင်ပါလဲရှင့်။ KNEC အနေနဲ့ကရော အခုလို ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အပေါ် ဘာတွေဆက်လုပ်သွားမလဲရှင့်။

ဖြေ။ ။ KNEC အနေနဲ့ကတော့ အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အပေါ်မှာ ကျနော်တို့ သက်ဆိုင်ရာ ကျောင်းတွေကို ဒီထက်ပိုပြီးတော့မှ ဂရုတစိုက်ပေါ့နော်။ အထူးသဖြင့် ဒီလိုမျိုး မီးတွေကို အသုံးပြုပြီးတော့မှ ဖာလာတွေကို အခြောက်လှန်းတာတို့ ငရုတ်တွေကို အခြောက်လှန်းတာတို့ ဒီမှာကအဲ့လိုဓလေ့တွေ အများကြီး ရှိနေသေးတယ်ပေါ့နော်။ ပြီးတော့မှ အထူးသဖြင့် ဒီအောက်ပိုင်းက ကယန်းတွေကတော့ အိမ်ကလည်း ဝါးအိမ်တွေ ဖြစ်တဲ့အတွက် မီးလောင်ရင် အရမ်းမြန်ဆန်ပါတယ်ပေါ့နော်။

ပြီးတော့မှ သတိပေးအချက်အနေနဲ့ ကျနော်တို့ ထည့်သွင်းစဉ်းစားပြီးတော့မှ သက်ဆိုင်ရာကျောင်းတွေကို ကျနော်တို့ အိမ်တွေရောပေါ့နော်၊ ဒီလိုမျိုး မီးလောင်မှုတွေ အထူးသဖြင့် ကျနော်တို့ ဆရာ၊ဆရာမတွေ နေထိုင်တဲ့ အိမ်ဆိုရင် ပိုပြီးတော့မှ သတိကြီးကြီးနဲ့ နေထိုင်သွားကြဖို့ဆိုတဲ့ အစီအစဉ်မျိုးတွေပေါ့။ ဘယ်လိုပြောရမလဲ၊ ကာကွယ်ရေး အစီအစဉ်တွေကို သက်ဆိုင်ရာကျောင်းတွေကို ကျနော်တို့ သတိကြီးကြီးနဲ့ နေထိုင်လုပ်ကိုင်ဖို့ရယ်၊ မီးသတိပြုဖို့ပေါ့နော်၊ ပိုပြီးတော့ လမ်းညွန်သွားဖို့ရှိပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာလည်း ကျနော်တို့ KNEC အနေနဲ့လည်း စိတ်မကောင်းပါဘူး။

အဲ့တော့ သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း အကူအညီတောင်းထားတယ်။ သူတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ဆိုတော့ ဒီအဖွဲ့အစည်းအပြင်ပေါ့နော် နစ်နာသူမိသားစုဝင်တွေပါဝင်တဲ့ ဒါမှမဟုတ် နစ်နာသူ မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့အဖွဲ့ကလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လောလောဆယ်တော့ အဲ့လောက်ပဲ ဖြေနိုင်သေးပါတယ်ပေါ့နော်။ ကျနော်တို့ ဒီရလဒ်အားလုံးကို ထွက်ပေါ်လာတဲ့တချိန်ကြရင်တော့ အားလုံးလည်း သိရမှာပါပေါ့နော်။ အဲ့ဒီအချိန်ကျရင်လည်း ပြန်ပြီးတော့ ထုတ်ပြန်ချက်ထုတ်မှာပါ။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။