1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အဓိက လိုအပ်တာကတော့ ရိက္ခာခြောက်နဲ့ နေရာထိုင်ခင်း အခက်အခဲပေါ့။ အမျိုးသမီးနဲ့ ကလေးအတွက်လည်း ဆေးဝါးတွေ၊ လစဉ်သုံးပစ္စည်းတွေ အရေးတကြီးလိုနေတယ်။ စစ်ရှောင်တဲ့နေရာမှာ လူအရမ်းများလို့...

“အဓိက လိုအပ်တာကတော့ ရိက္ခာခြောက်နဲ့ နေရာထိုင်ခင်း အခက်အခဲပေါ့။ အမျိုးသမီးနဲ့ ကလေးအတွက်လည်း ဆေးဝါးတွေ၊ လစဉ်သုံးပစ္စည်းတွေ အရေးတကြီးလိုနေတယ်။ စစ်ရှောင်တဲ့နေရာမှာ လူအရမ်းများလို့ အိမ်ငှားရှာနေကြတဲ့ လူလည်းရှိတယ်၊ အကုန်လုံးကတော့ ခြိုးခြံချွေတာရတာပါပဲ။ သူတို့ရှိတဲ့ အခက်အခဲနဲ့ ကျနော်တို့ရဲ့ အခက်အခဲလည်း မကွဲပြားဘူးလို့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ နေရာအနှံ့ဖြစ်နေတဲ့ တိုက်ပွဲကြီးက ပြည်သူလူထုရဲ့ဒုက္ခကို မကယ်နိုင်ဘူး၊ မထူထောင်နိုင်ဘူး” စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦး

စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ထိခိုက်ပျက်စီးမှု၊ မြို့နေလူထုစိုးရိမ်ထိတ်လန့်မှုနှင့် ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင်များ အကူအညီလိုအပ်မှု အခြေအနေများနှင့်ပတ်သက်ပြီး စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီသည် နေပြည်တော်၌ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဇွန်လ နောက်ဆုံးပတ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၉ ရက် တရက်တည်းတွင် လေကြောင်းဗုံး (၈) လုံးဖြင့် နှစ်ကြိမ်တိုင် မြို့ပေါ်လူနေရပ်ကွက်အတွင်း ကြဲချတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျောက်မဲမြို့ပေါ်မှ အရပ်သား ၅ ဦး သေဆုံး၍ ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် (၆၀) လုံးကျော်၊ ဘုန်းကြီးကျောင်းရှိ သိမ်နှင့် ဇရပ်ဆောင်များ၊ စာသင်ကျောင်း နှစ်ကျောင်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ ထိခိုက်ပျက်စီး ခဲ့ကြောင်း ဒေသတွင်းရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း TNLA၊ DPLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိရာ နောင်ချိုမြို့ဘက်မှ စစ်ဘေးရှောင် (၂၀၀၀) ကျော်လည်း ကျောက်မဲမြို့ပေါ်နှင့် နောင်ပိန် တိုက်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ မြို့နေလူထု စိုးရိမ်ထိတ်လန့်မှုနှင့် ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင်များ၏ အကူအညီ လိုအပ်မှုအခြေအနေများကို စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

ပုံစာ – ကျောက်မဲမြို့ရောက် နောင်ချိုစစ်ဘေးရှောင်များ။ (Photo – CJ)

မေး ။ ။ ကျောက်မဲမြို့မှာ တစ်ရက်တည်း နှစ်ကြိမ်၊ သုံးကြိမ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပြည်သူထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှုအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ မနေ့က (ဇွန်လ ၂၉ ရက်) နေ့လယ်ပိုင်း လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်မှုကတော့ (၅) ယောက်ပေါ့။ ဖြစ်တဲ့နေရာမှာသာ (၅) ယောက် ဒါပေမယ့် ဗုံးဆံလွှင့်စင်သွားတဲ့နေရာမှာ နောက်တစ်ယောက်၊ အားလုံးပေါင်း (၆) ယောက်မှာ ယောကျ်ားလေး (၂) ယောက် မိန်းကလေး (၄) ယောက် ဖြစ်သွားလိမ့်မယ်။ ညပိုင်းအခြေအနေ ကတော့ ဗုံးလာကြဲပေမယ့်လည်း လူထုနဲ့ဝေးတယ်။ နောက်ပြီးတော့ အဲ့မှာ တိုက်လေးလုံးဆိုတဲ့ နေရာတစ်ခုရယ်၊ တောင်နောက်နဲ့ (၉) ကွက်ကြားထဲမှာ တစ်နေရာ လယ်ကွင်းထဲကျတာ လူထိခိုက်မှု မရှိဘူး။ ဒါပေမယ့် ညကြီးမိုးချုပ်ဆိုတော့ ဗုံးလာကြဲတဲ့အချိန်မှာ အထိတ်တလန့်ဖြစ်သွားတာ များတယ်။

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲမှာ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို TNLA ထိန်းချုပ်နိုင်တာ တစ်နှစ်ပြည့်တဲ့အချိန် စစ်ကောင်စီက ဘာကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်လာတယ်လို့ ထင်မြင်မိလဲ။

ဖြေ ။ ။ ထင်မြင်မိတာတစ်ခုကတော့ အခုနောင်ချိုမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်၊ ဝေဟင်ကနေ လည်း ဖိအားပေးပြီး ဗုံးတွေကြဲနေတယ်။ အဲ့မှာ ဗုံးကြဲတော့ ဒဏ်ရာရတဲ့ TNLA အဖွဲ့ဝင်တွေက ကျောက်မဲမြို့ပေါ် မှာ လာပြီးခိုလှုံမယ်လို့ ယူဆမိတဲ့အတွက်ကြောင့် အဲ့လိုဗုံးလာကြဲတယ်လို့ ယူဆမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်ချိုတဝိုက်မှာ နေ့စဉ်ရက်ဆက် နေ့ညမပြတ် ဆက်တိုက်ဗုံးကြဲခံရတော့ ဒီနောက်ပိုင်း ပြည်သူလူထုကအစ နောင်ချိုက စစ်ဘေးရှောင်တွေအကုန်လုံး ကျောက်မဲကို ရောက်လာတယ်။

တချို့လည်း ကျောက်မဲရောက်တယ်၊ တချို့လည်း နောင်ပိန်ရောက်တယ်။ အဲ့ဒီမှာက ပြည်သူတွေ မရှိတာက တကြောင်း၊ တိုက်ပွဲကလည်း နေ့စဉ် ရက်ဆက်ဖြစ်တာကြောင့်မလို့ တချိန်မဟုတ် တချိန်ကတော့ ထိခိုက်မိ မှာလေ။ ထိခိုက်မိတဲ့ဒဏ်ရာတွေကိုတော့ ကျောက်မဲမြို့မှာ အတတ်နိုင်ဆုံး လာရောက်ကုသကြမှာဆိုတာကတော့ သေချာတာပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီနယ်မြေကိုလည်း အဲ့ဒီနောက်ကိုလိုက်ပြီး ဗုံးကြဲတယ်လို့ ယူဆမိတယ်။

မေး ။ ။ ကျောက်မဲမြို့မှာ တစ်ပတ်ထဲ သုံးရက်ထက်မနည်း ဆက်တိုက်ဗုံးကြဲခံရပြီးတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ ဘယ်လိုစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေပါလဲ၊ မြို့ပေါ်က ထပ်ပြီးရှောင်ထွက်တာမျိုးတွေ ရှိပါလား။

ဖြေ ။ ။ မြို့ပေါ်က ရှောင်ဖို့အကြံကတော့ လူတိုင်းလိုလိုရှိတာပေါ့နော်။ ဒါပေမယ့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းပြန်စတဲ့ အချိန်တုန်းက တော်တော်များများ ထွက်ပြေးတိမ်းရှောင်ကြတယ်။ အဲ့အချိန်မှာ ရှိသမျှ စည်းစိမ်ဥစ္စာတွေကို သုံးတယ်၊ သွားတယ်၊ လာတယ်ပေါ့။ အဲ့နောက်ပိုင်း တိုက်ပွဲပြန်ငြိမ်သွားတဲ့အခါမှာ မြို့ထဲကို ပြန်လာပြီး စီးပွားလာရှာကြတာပေါ့၊ အဲ့လို စီးပွားပြန်လာရှာကြပေမယ့်လည်း ထင်သလောက်မပေါက်လာဘူး။
ဒီတစ်ပတ်အတွင်း ဖြစ်လာတဲ့ ဝေဟင်ကနေ ဗုံးကြဲမှုကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တယ်။
ပြည်သူတွေက ထွက်ပြေးချင်ပေမယ့်လည်း လက်ထဲမှာက ငွေကြေးကျဉ်းကြပ်နေတာတကြောင်း၊ နောက်ပြီး စားဝတ်နေရေး မပြေလည်တာတကြောင်းပေါ့။

သူတို့ကတော့ ထွက်ပြေးချင်ပေမယ့်လည်း အနီးစပ်ဆုံး ရွာတွေလောက်ပဲ ပြေးဖို့စဉ်းစားကြတာများတယ်။
အဝေးကို ပြေးဖို့ကြတော့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းရယ်၊ ဆွေမျိုးရှိတဲ့နေရာတို့ သွားရင်သွားလိမ့်မယ်။ ဒါပေမယ့် လက်လုပ်လက်စား လူတန်းစားကတော့ အနီးစပ်ဆုံး နောင်ပိန်တို့၊ ပုံဝိုးတို့ အဲ့လိုပဲ သွားဖို့များတယ်။ အဓိက ပြေးမှာကတော့ နားပြိန်းဘက် ပြေးလိမ့်မယ်၊ ခါတိုင်းဆိုရင် နားပြိန်းတို့ နောင်ပိန်လေးတို့ဘက် သွားတယ်။ နောက်ပြီးတော့ နောင်ကွမ်နဲ့ ပုံဝိုးဘက် သွားတယ်။ အဲ့တကြောပဲ ပြန်သွားဖြစ်ဖို့ များတယ်။ ဘာလို့လဲဆိုတော့ ပုံဝိုးမှာ ဆရာတော်က အင်တိုက်အားတိုက်နဲ့ ကျောင်းဝင်းလည်း ကျယ်တယ်၊ ပညာသင်ပေးတဲ့အပိုင်းမှာလည်း ပြည့်စုံတယ်။

မေး ။ ။ လက်ရှိမှာလည်း နောင်ချိုမြို့ဘက်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတော့ ကျောက်မဲဘက်ကိုလည်း စစ်ဘေးရှောင်တွေ ရောက်လာတယ်။ ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင်တွေအနေနဲ့ လေကြောင်းအန္တရာယ်ကြောင့် တိုက်ပွဲကြားထပ်ပြေးဖို့ ဖြစ်နိုင်ဦးမလား။

ဖြေ ။ ။ အခုကတော့ စဉ်းစားမိတာက ဝေဟင်ကနေပစ်လာတဲ့ လက်နက်တွေကို အတတ်နိုင်ဆုံး ရှောင်ဖို့ ဆိုရင်တော့ နောင်ပိန်ဘက်ခြမ်းပဲ ကျန်တော့တာပေါ့။ ကျောက်မဲကနေ မိုင်းငေါ့အထိကတော့ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ နယ်မြေမဟုတ်ဘူး ဖြစ်သွားတယ်။ အခု နောင်ပိန်နဲ့ ကျောက်မဲကြားမှာကိုက လမ်းလေးပဲ ခြားတာကို အဖြူအမည်း ဖြစ်သွားပြီ။ နောင်ပိန်တကြောမှာတော့ စီးပွားရေးလုပ်ဖို့ အဆင်ပြေပေမယ့် ကျောက်မဲမြို့ပေါ် မှာတော့ ကျီးလန့်စာစားပေါ့နော်။

ညလည်း ကောင်းကောင်းမအိပ်ရ ဘယ်ချိန် အသံကြားရင် ကိုယ်ကထပြီးတော့ ဗုံးခိုကျင်းထဲ သွားရင်သွား၊ ဒါမှမဟုတ်ရင်လည်း လွတ်လပ်တဲ့နေရာ သွားရင်သွား အဲ့လိုပေါ့။ အဲ့ဒါကြောင့် ကျောက်မဲမှာနေတဲ့ ပြည်သူလူထုအများစုကတော့ စိုးရိမ်ကြောင့်ကြမှု ဖြစ်ဖို့လည်းများတယ်။ တကယ်လို့ အများနဲ့ နေနိုင်တယ် ဆိုရင်တော့ အဖြူရောင်နယ်မြေဖြစ်တဲ့ နောင်ပိန်ဘက်ခြမ်း ပုံဝိုးအထိပေါ့၊ အဲ့ဘက်ပဲ စဉ်းစားဖို့ များမယ်။ ဒါကြောင့်မို့လို့ ကျောက်မဲမြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုကတော့ လူနည်းစုလောက်ပဲ ကျန်မယ်လို့ ယူဆမိတယ်။

မေး ။ ။ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ဘက်ကိုရောက်နေတဲ့ နောင်ချိုစစ်ဘေးရှောင်တွေလည်း ဘယ်လို အကူအညီလိုအပ်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ ။ လိုအပ်ချက်ကတော့ များတာပေါ့။ ဘာလို့လဲဆိုတော့ ၂၀၂၃ ကတည်းက စပြီးတော့ ဖြစ်လာတဲ့ အတိုင်းအတာတခုမှာ အခု ၂၀၂၅ အထိတောင် စီးပွားမဖြစ်ဘူး။ နောင်ချိုလည်း ဒီတိုင်းပဲ ဖြစ်ဖို့များမယ်။ ဘာလို့အဲ့လိုပြောလည်းဆိုတော့ တစ်မြို့က စီးပွားမဖြစ်ဘဲ ပျက်ပြီဆိုရင် ကျန်တဲ့မြို့လည်း လိုက်ပျက်တာ မဆန်းဘူးပေါ့လေ။ ဥပမာ မြို့ပေါ်စီးပွားမဖြစ်ရင် ရွာမှာလည်း စီးပွားမဖြစ်ဘူး၊ အပြန်အလှန်ပေါ့။ ဒီဟာတွေ ကတော့ ဓမ္မတာပါပဲ။ ဒါကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ ကတော့ စားနိုင်သောက်နိုင် သွားလာနိုင်တဲ့ အနေအထားပဲ ဖြစ်တယ်။

စီးပွားဖြစ်တဲ့ လုပ်ငန်းရှင်ဆိုတာကတော့ မရှိတော့ဘူး။ ရှိတဲ့လုပ်ငန်းရှင်ကလည်း အကုန်လုံးက မြို့ကြီးတွေ ပြောင်းသွားတော့ ကျန်တဲ့လူတွေလည်း အသက်ရှင်နိုင်လောက်တဲ့ အနေအထားပဲ ဖြစ်သွားတာ။ ဒါကြောင့်မို့လို့ နောင်ချိုဘက်ကလာတဲ့ စစ်ဘေးရှောင်တွေလည်း သူတို့အခက်အခဲရှိမယ်လို့ ယုံကြည်တယ်။ နောင်ပိန်ဘက်က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သင်္ကြန်မတိုင်ကတည်းက စစ်ဘေးရှောင် ၇၀၀ ကျော်ပဲ ရှိတာကနေ အခုဆိုရင် ၂၀၀၀ ကျော်အထိ များလာတယ်။ အဓိက လိုအပ်တာ ကတော့ ရိက္ခာခြောက်နဲ့ နေရာထိုင်ခင်း အခက်အခဲပေါ့။

အမျိုးသမီးနဲ့ ကလေးအတွက်လည်း ဆေးဝါးတွေ၊ လစဉ်သုံးပစ္စည်းတွေ အရေးတကြီး လိုနေတယ်။ စစ်ရှောင်တဲ့ နေရာမှာ လူအရမ်းများလို့ အိမ်ငှားရှာနေကြတဲ့ လူလည်းရှိတယ်၊ အကုန်လုံးကတော့ ခြိုးခြံချွေတာ ရတာပါပဲ။ သူတို့ရှိတဲ့ အခက်အခဲနဲ့ ကျနော်တို့ရဲ့ အခက်အခဲလည်း မကွဲပြားဘူးလို့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ နေရာအနှံ့ဖြစ်နေတဲ့ တိုက်ပွဲကြီးက ပြည်သူလူထုရဲ့ဒုက္ခကို မကယ်နိုင်ဘူး၊ မထူထောင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ အတိုင်းအတာတစ်ခုက သူ့ရဲ့တုန်ခါမှုအားက တော်တော်လေး ပြင်းထန်တယ်လို့ ကျနော်ယုံကြည်တယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီက TNLA နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့အချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို ပြန်တောင်းခဲ့တယ်။ အခြားတဘက်ကလည်း ဒီမြို့ (၅) မြို့ကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် လာမယ့် ဩဂုတ်လ TNLA နဲ့ ဆွေးနွေးပွဲမှာရော ဘယ်လိုမျှော်လင့်လို့ရပါလဲ။

ဖြေ ။ ။ ဖြေရှင်းဖို့ကတော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးဖို့ပဲရှိမှာပေါ့နော်၊ အခုလိုအချိန်မှာ မိုးကုတ်မြို့ကလည်း သူတို့ရဲ့ ကျက်စားရာနယ်မြေပေါ့။ ကျောက်မဲမြို့ကလည်း အဓိက နေရာမှာရှိတယ်လို့ ပြောလို့ရတယ်။ ဘာလို့ အဲ့လိုပြောလဲဆိုရင် ကျောက်မဲမြို့က တောင်ပေါ်ဒေသ သွားလို့ရတဲ့လမ်းလည်း အဆင်ပြေတယ်၊ မိုးကုတ်ဘက် သွားလည်း အဆင်ပြေတယ်။ နောက်ပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း ရှိတယ်၊ BRI ပိုးလမ်းမ စီမံကိန်းကြီးကလည်း ရှိနေတော့ စစ်ကောင်စီတပ်က မဖြစ်မနေ ထိုးဖောက်လာမယ်။ အဲ့လိုထိုးဖောက်လာတဲ့ အချိန်မှာ တကယ်လို့ လက်နက်ကြီးပဲအားကိုးပြီး တိုက်ပွဲဖြစ်နေရင်တော့ ရေရှည်သွားရမယ့် လုပ်ငန်းစဉ် တစ်ခုပေါ့၊ တိုက်ပွဲဖြစ်လို့ လူမျိုးတစ်စုမျိုးသုဉ်းသွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။

အဲ့ဒါကြောင့်မို့လို့ TNLA ဘက်ကပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် စစ်ကောင်စီတပ်ပဲဖြစ်ဖြစ် အဓိကတော့ သူ့ရဲ့ လိုအပ်ချက်ကို တစ်ယောက်နဲ့ တစ်ယောက် ဖြည့်ဆည်းပေးနိုင်ရင်တော့ ပြည်သူလူထုအတွက် အကောင်းဆုံး အခြေအနေလို့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ အတတ်နိုင်ဆုံး စားပွဲဝိုင်းပေါ်ရောက်ဖို့ ပြည်သူလူထုက မျှော်လင့်တာပေါ့။ ဘာကြောင့် အဲ့လိုပြောလဲဆိုရင် အခုချိန်မှာက တချို့လည်း စိတ်ဒဏ်ရာကြောင့်ဖြစ်မယ်၊ တချို့ကလည်း နာမကျန်းဖြစ်လို့ မကျန်းမာလို့ ဆေးကုဖို့သွားရမယ်ဆိုရင် မတတ်နိုင်ဘူး။ အရင်က ကျောက်မဲနဲ့ မန္တလေးဆိုရင် ခါတိုင်းဆို ၂ နာရီခွဲ ကားမောင်းရင် ရောက်တယ်။ အခုချိန်မှာ ၉ နာရီလောက်မောင်းရတဲ့ အနေအထား ဖြစ်သွားတယ်။ ဒါတောင်မှ လမ်းမပိတ်မှ ရောက်တာ၊ လမ်းပိတ်သွားရင် တစ်ညအိပ်တို့ နှစ်ညအိပ်တို့ ဖြစ်သွားတာပေါ့။

နောက်ပြီးတော့ မိုင်းရယ်တို့၊ ကျေးသီးဘက်သို့ ပြန်လာရင်လည်း အနည်းဆုံး တစ်ညအိပ်တဲ့ အနေအထားမှာ ဖြစ်သွားတယ်။ တကယ်လို့အရေးပေါ် Accident လူနာဆိုရင် ဘယ်လိုလုပ်မလဲပေါ့၊ အဓိကတော့ သွေးထွက်လွန်တာတို့ ဘာတို့ဆိုရင် အချိန်မီမပို့နိုင်ရင် လူထုအတွက်လည်း အများကြီး ဒုက္ခရောက်တာပေါ့။ ဒါကြောင့်မို့လို့ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းရမှာပေါ့။ ဒီဒေသမှာ လေကြောင်းတိုက်ခိုက်ခံရ တော့လည်း ပြည်သူလူထုတွေကိုတော့ အတတ်နိုင်ဆုံးလိုက်ပြီးတော့ ကူညီပေးတယ်။ အစားအသောက်တို့ ရိက္ခာတို့ ပြီးတော့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတို့ နိုင်တဲ့အပိုင်းတော့ ကူညီတာရှိတာပေါ့။ လောလောဆယ်တော့ အဲ့ဒါပဲ တတ်နိုင်သေးတယ်။

မေး ။ ။ လက်ရှိ ကျောက်မဲမြို့အခြေအနေနဲ့ပတ်သက်ပြီး မမေးမိတာ၊ အခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

ဖြေ ။ ။ ကျောက်မဲအခြေအနေက ဒီတစ်ပတ်ထဲ သုံးလေးခါဗုံးကြဲခံရတော့ ပိုပြီးတော့ ထိတ်လန့်တယ်။ နောက်ပြီးတော့ မြို့ပေါ်မှာရှိတဲ့လူတွေက ဘယ်နားနေလို့ နေရမှန်းမသိ ဖြစ်တယ်။ နောက်ပြီးတော့ သွားလာဖို့ ကလည်း ခက်ခဲတဲ့အချိန်မှာ ဖြစ်တာပေါ့။ မိုးတွင်းကလည်း ဖြစ်နေတယ်၊ ဘတ်ဂျတ်ကလည်း မရှိ စားဖို့သောက်ဖို့ ကလည်း အနိုင်နိုင်ဆိုတော့ ပြည်သူတွေကို တတ်နိုင်တဲ့အလှူရှင်တွေ၊ တတ်နိုင်တဲ့ အပိုင်းတွေပဲဖြစ်ဖြစ် ကူညီပေး နိုင်ရင်တော့ အားလုံးကိုယ်စားဝမ်းသာမိပါတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။