30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အဓိကတော့ လက်နက်ခဲယမ်းပဲပေါ့။ သူတို့ကတိုက်တာမှာ တပ်ပြောင်း၊လေကြောင်းရော မြေပြင်ရော နှစ်ဖက်ညှပ်ပြီး လူအင်အားရော စနစ်တကျ ဗျူဟာခင်းပြီး ပြန်ရဖို့တိုက်တာမှာ တိုက်ပွဲက ရက်ဆက်လာတော့...

“အဓိကတော့ လက်နက်ခဲယမ်းပဲပေါ့။ သူတို့ကတိုက်တာမှာ တပ်ပြောင်း၊လေကြောင်းရော မြေပြင်ရော နှစ်ဖက်ညှပ်ပြီး လူအင်အားရော စနစ်တကျ ဗျူဟာခင်းပြီး ပြန်ရဖို့တိုက်တာမှာ တိုက်ပွဲက ရက်ဆက်လာတော့ ကျနော်တို့မှာ ခဲယမ်းလိုအပ်ချက်က ရှိလာတယ်။ ကျည်တွေ မရှိတော့ဘူး” ငါန်းမြာကြီးရွာတိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး

ငါန်းမြာကြီးရွာပြန်လက်လွှတ်ခဲ့ရသည် အခြေအနေနှင့်ပတ်သတ်ပြီး မြေပြင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းမြာကြီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ၂ လနီးပါးကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာက အောက်တိုဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဟု ဒေသခံများပြောဆိုမှုအရ သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ၂ လနီးပါးကြာ သိမ်းယူထိန်းချုပ်နိုင်ခဲ့သည့် ငါန်းမြာကြီးရွာ ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီဘက်က လေကြောင်းရောမြေပြင်ကပါ တရကြမ်း ထိုးစစ်ဆင်တိုက်ခဲ့ပုံနှင့် ငါန်းမြာကြီးရွာ ပြန်လည်လက်လွှတ်ခဲ့ရသည် အခြေအနေနှင့်ပတ်သတ်ပြီး မြေပြင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ငါန်းမြာကြီးရွာကို စစ်ကောင်စီအုပ်စုက ဘယ်လိုပုံစံနဲ့တိုက်ခိုက်ပြီး ပြန်ထိန်းချုပ်သွားနိုင်တာပါလဲ။

ဖြေ။ ။ သူတို့ (စစ်ကောင်စီအုပ်စု) က ဒီလဆန်း (အောက်တိုဘာလ) ပိုင်းထဲက ပြင်ဆင်နေတာ၊ ပြန်တိုက်ဖို့အတွက်။ အခုလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ နှစ်ဖက် ပစ်ကြတာပေါ့။ သူတို့ပြန်သိမ်းဖို့ လုပ်လို့။ နောက် ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာလည်း တိုက်ပွဲ ဖြစ်တယ်။ ၁၉ ရက်နေ့ပွဲက မနက်ကိုးနာရီလောက်ထဲက စဖြစ်တာ။ သုံးနာရီကျော်လောက် အပြန်အလှန် ပစ်ကြတယ်။ အဲ့ဒီနေရာက ငါန်းမြာကြီးရွာတောင်ဘက် တမိုင်ကျော် အကွာအဝေးလောက်ရှိတဲ့ မိုးထောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ဖြစ်တာ။ သူတို့ဘက်က အင်အားတစ်ရာကျော်တယ်။

နှစ်ဖက်ပစ်တာ တိုက်ပွဲပြီးသွားကြတော့ နောက်ရက်မှာပဲ သူတို့ကအဲ့ဒီအနီးတဝိုက်မှာပဲ ကင်းပုန်းဝပ်တယ်။ တပ်စွဲတယ်။ နောက်စစ်ကူတွေလည်း မြို့ကနေ ထပ်တက်လာသေးတယ်ဆိုတော့ ဒီဘက် ကျနော်တို့တော်လှန်ရေး အဖွဲ့တွေက နောက်ဆုတ်ပေးလိုက်ပြီး ပြန်ဆုတ်လာတယ်။ အဲ့မှာသူတို့ ပြန်ရသွားတဲ့သဘောပေါ့။ သူတို့ဘက်က တိုက်တုန်းက လက်နက်ကြီးတွေရော၊ လေကြောင်းရော၊ မြေပြင်စစ်ကူတွေရော အကုန်ပါတယ်။ နောက်ပြီး ပြန်တိုက်ဖို့အတွက် သူတို့ဘက်က တပ်အချိန်းအပြောင်းလဲ လုပ်လိုက်သေးတယ်။

မေး။ ။ တိုက်ပွဲမှာရော နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရော ရှိခဲ့သေးလား။

ဖြေ။ ။ ကာကွယ်ရေးတပ်တွေဘက်ကတော့ အောက်တိုဘာ ၁၄ ရက်က လေကြောင်းတိုက်လို့ ရဲဘော်တစ်ယောက်ကျတယ်။ နောက်လေးယောက်က ထိပြီးဒဏ်ရာရတယ်။ ၁၉ ရက်နေ့ကတော့ လက်နက်ကြီးထိပြီး ရဲဘော်တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီအုပ်စုက ပြန်ရသွားပြီးနောက် ငါန်းမြာကြီးရွာအခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သူတို့ပြန်ရပြီးနောက်ရက် ၂၂ ရက်နေ့ မနက်ပိုင်းမှာပဲ သူတို့က ရွာတွေကိုမီးရှို့တယ်။ နောက် ငါန်းမြားကြီးနဲ့ သဖန်းသာရွာ၊ မိုး‌တောင်၊ ရွာသာအေး၊ လက်ပံသာ အဲ့ဒီရွာတွေကို ဝင်မွှေနေကြတယ်။ ပစ္စည်းတွေ ဝင်လုယက်တာမျိုးတွေ လုပ်နေတယ်။ ပြည်သူတွေကိုလည်း ဖမ်းတယ်လို့သိရပေမဲ့ အရေအတွက်နဲ့ အတိအကျကို ကျနော်တို့ မသိရသေးပါဘူး။ နောက်ပြီးလက်ရှိမှာလည်း သူတို့လူအင်အားထပ်ဖြည့်နေတယ်လို့ သိရတယ်။ ငါန်းမြာကြီး တိုက်နယ်ဆေးရုံနဲ့ စာကြည့်တိုက်မှာ အင်အား ၁၅၀ကျော်လောက်နဲ့ တပ်စွဲထားကြတယ်။

ပုံစာ – ငါန်းမြာကြီးရွာကို သြဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီလေကြောင်းနှင့်တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်။ (Photo -CJ)

မေး။ ။ တော်လှန်‌ရေးတပ်ဖွဲ့တွေအနေနဲ့ နှစ်လနီးပါးတောင် သိမ်းထား၊ ထိန်းထားနိုင်ပြီးမှ စစ်ကောင်စီအုပ်စုက ဘာကြောင့် ပြန်ရသွားတယ်လို့ သုံးသပ်ပါလဲ။

ဖြေ။ ။ အဓိကတော့ လက်နက်ခဲယမ်းပဲပေါ့။ သူတို့က တိုက်တာမှာ တပ်ပြောင်း၊ လေကြောင်းရော မြေပြင်ရော နှစ်ဖက်ညှပ်ပြီး လူအင်အားရော စနစ်တကျ ဗျူဟာခင်းပြီး ပြန်ရဖို့တိုက်တာမှာ တိုက်ပွဲက ရက်ဆက်လာတော့ ကျနော်တို့မှာ ခဲယမ်းလိုအပ်ချက်က ရှိလာတယ်။ ကျည်တွေ မရှိတော့ဘူး။ သူတို့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်တာတွေ ဒရုန်းနဲ့ဗုံးသီးချတာတွေ ပြောက်ကျားတိုက်တာတွေ လုပ်ခဲ့သေးပေမဲ့ ကျည်ကအရမ်းနည်းသွားပြီမို့ ရေရှည်မှာ ဆက်မ‌တောင့်နိုင်တော့ဘဲ ကိုယ့်လူတွေ အထိအခိုက် နည်းအောင် နောက်ဆုတ်လိုက်ကြတယ်ပေါ့။

မေး။ ။ စစ်ကောင်စီအုပ်စုကပြန်ရပြီး ပြန်ထိန်းချုပ်သွားပြီဆိုတော့ စစ်ဘေးတိမ်းရှောင်နေရသူတွေရော ရှိပါလား။

ဖြေ။ ။ ရှိတယ်။ ခုနကပြောတဲ့ ငါန်းမြာကြီးရွာအပါအဝင် အဲ့ဒီအနီးဝန်းကျင်က သဖန်းသာ၊ စီသာ၊ ပေါက်တောချောင်၊ မိုးတောင်၊ ဒုံဒင်၊ ရွာသာအေး၊ သရက်ချိုပင် ရွာတွေကလူတွေ တောထဲမှာ ရှောင်နေပြေးနေ ကြရတယ်။ သူတို့လည်း ရုတ်တရက်ပြေးကြရတော့ စားနပ်ရိက္ခာအခက်အခဲတွေ ရှိနေပါတယ်။

မေး။ ။ ငါန်းမြာကြီးရွာပြန်ရဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်တိုက်ဖို့ရောရှိပါလား။

ဖြေ။ ။ ပြန်တိုက်ဖို့ ပြန်သိမ်းဖို့ရှိပါတယ်။ ဒါပေမဲ့ လက်နက်ခဲယမ်းလိုအပ်ချက်လည်း ရှိသေးတာဆိုတော့ အချိန်တော့ ယူရဦးမှာပေါ့။

ရှမ်းနီအသံ ပေးပို့သည်။