30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အဆင်မပြေတဲ့လူတန်းစားက အတော်ကိုအခက်တွေ့နေရတယ်။ ကာကွယ်ရေးအဖွဲ့တွေက ဝေခြမ်းနေရတယ်။ ကမ္မကနေ ပေါက်ကိုသွားတဲ့ ကတ္တရာလမ်းတလျှောက် ပခုက္ကူ-ကမ္မ-ပေါက် လမ်းမကြီးတကြောကရွာတွေ ရှောင်နေရတယ်။ ထနောင်း၊ မန်ကျည်းသုံးပင်အပါအဝင်...

“အဆင်မပြေတဲ့လူတန်းစားက အတော်ကိုအခက်တွေ့နေရတယ်။ ကာကွယ်ရေးအဖွဲ့တွေက ဝေခြမ်းနေရတယ်။ ကမ္မကနေ ပေါက်ကိုသွားတဲ့ ကတ္တရာလမ်းတလျှောက် ပခုက္ကူ-ကမ္မ-ပေါက် လမ်းမကြီးတကြောကရွာတွေ ရှောင်နေရတယ်။ ထနောင်း၊ မန်ကျည်းသုံးပင်အပါအဝင် ရှောင်နေရတာ ရွာက ၁၈ ရွာရှိတယ်။ စစ်ရှောင် နှစ်သောင်းဝန်းကျင်ရှိတယ်” စစ်ရှောင်အရေး ကူညီနေသူ ဒေသခံတစ်ဦး

ပခုက္ကူ-ကမ္မ-ပေါက်လမ်းကြောင်းရှိ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေသည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် စစ်ရှောင်အရေးကူညီနေသူ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီ တပ်မ ၁၀၁ ကနေ မေလ ၂၈ ရက်ကထွက်လာသော အင်အား ၈၀၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် ယာဉ်အစီးရေ ၁၂၀ တို့သည် တစ်လနီးပါးကြာမြင့်သည်အထိ ကမ္မမြို့မှာပင် ရှိနေဆဲဖြစ်သည်။

အဆိုပါယာဉ်တန်းများအား ပေါက်မြို့နယ်တွင်ရှိသည့် ပျူစောထီးကျေးရွာများနှင့် ကပစတချို့ကို ဖြန့်သွားမည်ဟု ယူဆရသည်။ ကမ္မမှ ပေါက်သို့ ၄ နာရီသာ ကြာမြင့်မည့်ခရီးကို ဘာကြောင့် ကြန့်ကြာနေရတာပါလဲ။

ထိုစစ်ကောင်စီစစ်ကြောင်းနှင့် ယဉ်တန်းကြောင့် ပခုက္ကူ-ကမ္မ-ပေါက်လမ်းကြောင်းရှိ ဒေသခံပြည်သူများ ဘယ်လိုအခက်အခဲများ ရင်ဆိုင်နေရပါလဲ၊။ ထိုအခြေအနေများအပေါ် စစ်ရှောင်အရေးကူညီနေသူ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ပခုက္ကူ၊ ကမ္မကနေ ထွက်လာတဲ့ ယာဉ်တန်းအခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ။ ပခုက္ကူကနေ ပေါက်ဘက်ကိုထွက်လာတဲ့ယာဉ်တန်း ကမ္မကြားပဲ ရှိသေးတယ်။ ဒီနေ့ (ဇွန် ၂၄) စတင် လှုပ်ရှားတယ်လို့ သိရတယ်။

မေး။ ။ အဲဒီယာဉ်တန်းက ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ။ မေ၂၇ ရက်ကတည်းကနေ ပခုက္ကူကနေ စစ်ကြောင်းစထွက်တာပေါ့နော်၊ ကမ္မကို ရောက်တယ်။ ၂၈ ရက်နေ့မှာ ပေါက်မြို့နယ်ကိုရောက်တယ်။ အဲဒီကနေစ စစ်ကြောင်းထွက်ပြီးမှ ၂၉ ရက်နေ့မှ ယာဉ်တန်း ထွက်လာတာ။ အခုထက်ထိ ကမ္မမှာရှိနေတာ။

မေး။ ။ ယာဉ်တန်းတလျှောက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဘယ်နှစ်ကြိမ်ဖြစ်ပွားပြီးပြီလဲ။

ဖြေ။ ။ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တာ လေးကြိမ်ရှိပြီ။

မေး။ ။ တိုက်ပွဲ ၄ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်တဲ့အခြေအနေဘယ်လိုရှိပါလဲ။ ကာကွယ်ရေးအဖွဲ့တွေဘက်ကရော ထိခိုက်တာရှိလား။

ဖြေ။ ။ ပထမဆုံးဖြစ်တဲ့သုံးကြိမ်မှာ ဒရုန်းနဲ့ချတာတွေ ချောင်းပစ်တာတွေကနေ စစ်ကောင်စီဘက်ကတော့ ပျှမ်းမျှအားဖြင့် ငါးယောက်ထိတယ် သိရတယ်။ သေဆုံးကိုတော့ မသိရဘူး။ အချိန်ကြာကြာ ၁ နာရီလောက် ဖြစ်ခဲ့တဲ့ပွဲမှာ ထိတွေ့မှုမှာတော့ စစ်ကောင်စီဘက်က ၂၀ ဝန်းကျင်ကျတယ်။ ကိုယ့်ဘက်က ၅ ယောက်ကျတယ်။ သူ့ဘက်က ၂၀ ဝန်းကျင်ပေါ့၊ မျက်မြင်ပေါ့။

မေး။ ။ ယာဉ်တန်းရဲ့ရည်ရွယ်ချက် ဘယ်ကိုသွားမယ်လို့ ခန့်မှန်းထားတာရှိပါလဲ။

ဖြေ။ ။ ပေါက်မြို့နယ်မှာအခြေပြုတဲ့ ကပစတွေနဲ့ ပျူရွာတွေပေါ့။ ပျူရွာတွေဆို ရိက္ခာပြတ်နေတာ ပျူရွာတွေကို ရိက္ခာပို့မယ်ဆိုပြီး ထွက်ခွာနေတာတွေ့ရတယ်။

မေး။ ။ သူတို့ရဲ့ခရီးက ထင်သလောက်မရောက်တဲ့ အနေအထားမျိုးလား။

ဖြေ။ ။ အင်အား ၈၀ ခန့်က ပြန်ကူရတဲ့အနေအထားအဆင့်ကို ဖြစ်ခဲ့တယ်။ အဲဒီကြားထဲ တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တယ်။ ရှေ့မတိုးနိုင် ဖြစ်သွားတယ်။ ရှေ့ရောက်ပြီးသားစစ်ကြောင်းက နောက်ကိုဆုတ်ရတဲ့အနေအထားကို ဖြစ်သွားတယ်။

မေး။ ။ လေယာဉ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ထိခိုက်မှုအခြေအနေက ဘယ်လိုရှိပါလဲ။ ကာကွယ်ရေးအဖွဲ့တွေဘက်က အရင်နှစ်နဲ့ဒီနှစ်မှာ စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့တားဆီးမှုတွေက ဘယ်လို ကွာခြားမှုရှိလဲ။

ဖြေ။ ။ အရင်နှစ်တွေက ခြောက်လတကြိမ်၊ ငါးလတကြိမ် ရိက္ခာပို့တာတွေလုပ်တယ်။ အနည်းဆုံးတော့ လေးလတကြိမ် သို့မဟုတ် ခြောက်လတကြိမ် ပို့လေ့ရှိတယ်။ ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းကို တကြိမ်တခါ အသုံးပြုတာမဟုတ်ဘူး။ အကြိမ်ကြိမ်အခါခါ အသုံးပြုလာတာမျိုး အရင်တခါတွေနဲ့ မတူတာမျိုးပေါ့။ စစ်ကြောင်း ရှိတဲ့နေရာမှာ နေ့စဉ်ရက်ဆက်သုံးလာတာမျိုး အဲဒီလိုမျိုးတော့ ထူးခြားတာရှိတာပေါ့။

မေး။ ။ စစ်ရှောင်ပြည်သူတွေထိခိုက်မှုကရော ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။ ။ အခုချိန်ထိ ပြည်သူ ၄၀ ဦး ဒဏ်ရာရပြီး ၁၃ ဦး သေဆုံးတယ်လို့ သိရတယ်ခင်ဗျ။ ဂျက်ကတော့ တခါတခါမှ လာပစ်တာမျိုးတွေရှိတယ်။ ၂၀၂၃ -၂၀၂၄ မှာတော့ ကြီးကြီးမားမားတကြိမ် လာပစ်တာရှိတယ်။ ထိတွေ့တိုက်ပွဲဖြစ်မယ် သတင်းကြားရင် ထိတွေ့တိုက်ပွဲအဖြစ်မခံဘဲ လေယာဉ်နဲ့တောက်လျှောက်သုံးနေတာ သူတို့က။ အဲဒီတော့ တိုက်ပွဲဖော်ဆောင်ဖို့ အရမ်းကိုခက်ခဲတယ်။

စစ်ဘေးရှောင်တွေကို ကာကွယ်ရေးအဖွဲ့တွေက ပြန်လည်ထောက်ပံ့ရတဲ့အနေအထားတွေ ဖြစ်လာတယ်။ ပုံမှန်ဆိုရင် ရပ်ရွာနဲ့ဝေးတဲ့ တောတောင်တွေမှာရှောင်ကြတာများတယ်။ အခုလေယာဉ်က အဲဒီနေရာတွေကို အမြဲလိုလိုလာပစ်နေတော့ ကာကွယ်ရေးအဖွဲ့တွေက အဲဒါကိုကူနေရတယ်။ တိုက်ခိုက်ရေးလုပ်ဖို့ လေကြောင်း ကြောင့်ပေါ့။ လေယာဉ်က တောက်လျှောက်လာနေတာ။

မေး။ ။ စစ်ဘေးရှောင်ရွာနဲ့ စစ်ရှောင်ပြည်သူအရေအတွက်က ဘယ်လောက်ရှိနေပါလဲ။ စစ်ရှောင်တွေအတွက် ဘာတွေ အဓိကလိုအပ်နေလဲ။ ရာသီဥတုအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ၁၈ ရွာ တိမ်းရှောင်နေရတယ်။ တစ်သောင်းဝန်းကျင်လောက်က သူ့ဆွေမျိုးနီးစပ်ရာမှာနေကြတယ်။ အဆင်မပြေတဲ့လူတန်းစားက အတော်ကိုအခက်တွေ့နေရတယ်။ ကာကွယ်ရေးအဖွဲ့တွေက ဝေခြမ်းနေရတယ်။ ကမ္မကနေ ပေါက်ကိုသွားတဲ့ ကတ္တရာလမ်းတလျှောက် ပခုက္ကူ-ကမ္မ-ပေါက် လမ်းမကြီးတကြောက ရွာတွေ ရှောင်နေရတယ်။ ထနောင်း၊ မန်ကျည်းသုံးပင်အပါအဝင် ရှောင်နေရတာ ရွာက ၁၈ ရွာရှိတယ်။ စစ်ရှောင် နှစ်သောင်းဝန်းကျင်ရှိတယ်။ တစ်သောင်းကတော့ သူတို့ဆွေမျိုးနီးစပ်အိမ်တွေမှာ ရှောင်နေကြတယ်။

တောတောင်ထဲမှာတော့ ၈ ထောင်ဝန်းကျင်လောက်တော့ရှိမယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်တာ စားနပ် ရိက္ခာပေါ့။ စစ်ရှောင်တွေနေရာကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတော့ စားနပ်ရိက္ခာ အတော် ခက်ခဲသွားတယ်။ မိုးထဲရေထဲ ရှောင်နေကြတယ်။ ဆန်တွေဆို မိုးစိုရင် ချက်စားလို့မရဘူး။ အခုတော့ ကာကွယ်ရေးအဖွဲ့တွေက ထောက်ပို့တွေနဲ့ချိတ်ဆက်ပြီး ဝေခြမ်းတာတွေလုပ်ရတယ်။ အဲလိုပဲ အဆင်ပြေအောင် လုပ်နေရတာပေါ့။ စားနပ်ရိက္ခာက အခက်အခဲတွေ့တယ်။ အင်အားက အရမ်းများနေတော့ လိုအပ်နေသေးတယ်။

မေး။ ။ နေအိမ်တွေဖောက်ထွင်း မီးရှို့ဖျက်ဆီးခံရတာမျိုးတွေရောရှိလား။ ပြည်သူတွေ ဓားစာခံအဖြစ် အဖမ်းခံရတာ သတ်ဖြတ်ခံရတာတွေရော ရှိပါလား။

ဖြေ။ ။ အခုချိန်ထိတော့ ရပ်ရွာတွေမှာ နေအိမ်တွေကို ဖောက်ထွင်းတာမရှိဘူး။ ဈေးကိုတော့ သူတို့ ဖောက်ထွင်းတာရှိတယ်။ ရပ်ရွာတွေမှာကြတော့ အကုန်ထွက်ပြေးနေရတော့ စုံစမ်းသိရှိနိုင်ဖို့ အခက်အခဲရှိတယ်။ စစ်ကြောင်းစကတည်းက နှစ်ဦးအသတ်ခံရတယ်။ စစ်ကြောင်းစထွက် အဖမ်းခံရတာ ဘုန်းကြီးတစ်ပါးပါတယ်။ အဲဒီဘုန်းကြီးကလည်း ရွာထဲက စစ်ရှောင်တွေကို လက်ခံထားတာ။ ဘုန်းကြီး အပါအဝင် အဖမ်းခံရတာ ၁၇ ဦး ဝန်းကျင်ရှိတယ်။ အဲဒီထဲမှာ အသတ်ခံရတာ ၈ ယောက်ဝန်းကျင် ရှိတယ်။

မေး။ ။ သူတို့တွေက နေအိမ်မှာရှောင်နေရင်းနဲ့ အဖမ်းခံရတာမျိုးလား။ စစ်ကြောင်းကနေ ဖမ်းသွားတာမျိုးလား။

ဖြေ။ ။ သားအဖနှစ်ဦးကတော့ အသက်မွေးဝမ်းကျောင်းအနေနဲ့ ထန်းပင်တက်နေရင်း အဖမ်းခံရတာ။ နောက်လူတွေကတော့ စစ်ကြောင်းလာတာကို အခြေအနေသိချင်လို့ သစ်ပင်ပေါ်တက်ကြည့်ရင်း အဖမ်းခံရတာ။ အဲဒါပထမဆုံး ဖမ်းခံရတဲ့လေးဦးပေါ့။ နောက်ပြီး စစ်ရှောင်တွေလက်ခံထားတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးကို ဖမ်းတယ်။ သူတို့စစ်ရင်းနဲ့ ဖမ်းဆီးတာတွေလုပ်တယ်။

မေး။ ။ ယာဉ်တန်းအပါအဝင် စစ်ကြောင်းဘယ်နှစ်ကြောင်းလောက် ဝင်နေတာလဲ။ လက်ရှိအထိတော့ စစ်ကြောင်းတွေက ဘာတွေလုပ်နေလဲ။

ဖြေ။ ။ ပထမဆုံးစထွက်လာတဲ့ စစ်ကြောင်းက အင်အား ၈၀ ပါတဲ့ စစ်ကြောင်းပေါ့။ ယာဉ်တန်းနဲ့အတူ ပါဝင်လာတဲ့စစ်ကြောင်းက ၇၀၀ ဝန်းကျင်လောက်နဲ့ အားလုံးပေါင်း ၈၀၀ ဝန်းကျင်လောက်နဲ့ လာတာပေါ့၊ အင်အားကတော့။ စစ်ကြောင်းက ကမ္မဘက်နဲ့ စုစုပေါင်း ငါးကြောင်းလောက်နဲ့ ခွဲတိုးလာပြီးတော့ သူတို့ စစ်ကြောင်းတွေက နီးနီးကပ်ကပ်ရှိတယ်။ တကြောင်းက တက္ကရာလမ်းဘက်ထိုးတယ်။

နောက်တကြောင်းက မြောက်ဘက်ကထိုးတယ်။ နောက်တကြောင်းကတော့ ယာဉ်တန်းနဲ့အတူတူပါလာတာပေါ့။ အရံအဖြစ်ပါတာက နှစ်ကြောင်း အဲဒီလိုခွဲထိုးတာပေါ့။ လွန်ခဲ့တဲ့တပတ်ဝန်းကျင်က တိုက်ပွဲဖြစ်တော့ သူတို့ ၂၀ လောက် ကျတာရှိတယ်။ ပခုက္ကူကနေ နောက်ထပ်သူတို့အင်အား ၁၄၀ ဝန်းကျင်ထပ်ပို့တော့ အင်အား ၉၀၀ ကျော် ဝန်းကျင်ဖြစ်သွားတာစစ်ကြောင်းက။

မေး။ ။ စစ်ကြောင်းကိုရှောင်တိမ်းနေရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဘာတွေပြောဆိုတာမျိုးရှိပါလဲ။

ဖြေ။ ။ သူတို့ဆီကစကားသံက စစ်ရှောင်တွေပေါ်ထားတဲ့ပစ်မှတ်က အရမ်းကိုဆိုးဝါးတော့ တချို့ဆို လွတ်ရာ ပြေးရင်း လေယာဉ်နဲ့ပစ်ခံရတော့ သူတို့အမြဲစိုးရိမ်ကြီးနဲ့နေရတာပေါ့။ လေယာဉ်လာရင် ထပြေးရတာမျိုး အမြဲစိတ်မလုံခြုံမှုနဲ့ အရမ်းကို လုံခြုံမှုမရှိဘူးလို့ သူတို့ခံစားရတယ်။ အခုကစစ်ရှောင်တွေကို အဓိက ပစ်မှတ်ထား ပြီးတော့ သူတို့စိတ်မှာ လုံခြုံတယ်လို့မခံစားရဘူး။ စားဝတ်နေရေး ရုန်းကန်နေရတာတွေပေါ့။

မေး။ ။ စစ်ရှောင်အရေး ကူညီနေသူတစ်ယောက်အနေနဲ့ ပြည်သူလူထုကို ဘာပြောချင်တာရှိပါလဲ။

ဖြေ။ ။ စစ်ရှောင်တွေကို မျက်ကွယ်ပြုမထားဘဲ တတ်နိုင်သလောက်ပါဝင်စေချင်တယ်။ သူတို့အနေနဲ့ အရမ်းကို ခက်ခဲနေတယ်။ သူတို့နောက်မှာ ရပ်တည်မပေးဘူးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအပေါ်ကိုပဲဖြစ်ဖြစ် တော်လှန်ရေးအပေါ်ထားတဲ့ သူတို့စိတ်ဒဏ်ရာတွေ ကျရောက်သွားမှာ။ အဲဒီအတွက် တတ်နိုင်တဲ့နေရာကနေ ကူညီစေချင်တယ်။ သူတို့အရမ်းခက်ခဲနေတာ ကိုယ်တိုင်တွေ့နေရတာ။

သံလွင်တိုင်းမ် ပေးပို့သည်။