“အခြေအနေ အချိန်အခါကောင်းမှာ ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် ဒီပါတီတစ်ခုလုံးအနေနဲ့ ပါဝင်လာနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ တစုံတခုလုံး ပါဝင်ဖို့အတွက်တော့ မဖြစ်နိုင်သေးတဲ့အပေါ်မှာ ယုံကြည်ချက်တူညီတဲ့ ခေါင်းဆောင်တွေ၊ တပ်ဗိုလ်၊ တပ်မှုးတွေနဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် သံဓိဋ္ဌာန်ချထားတာပေါ့ဗျာ” ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်-နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့

0
330
ပုံစာ - နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်

စစ်အာဏာရှင်တိုက်ဖျက်ရေး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်နှင့် ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့တွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထောအပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသည့် ပါတီခေါင်းဆောင်များ ပါတီဝင် တပ်ဗိုလ်၊တပ်မှူး၊ အကြပ်တပ်သားရဲဘော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များ ပါဝင်ကြောင်း အသိပေးထားပါသည်။

ဒါကြောင့် စစ်အာဏာရှင်တိုက်ဖျက်ရေး ရှေ့လုပ်ငန်းစဉ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) က ကြေညာလာတာတွေ့ရပါတယ်။ ဆိုတော့ ရှေ့ဆက်ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ထားပါလဲ။

ဖြေ။ ။ အဓိက ရှေ့ဆက်ပြီးတော့လှုပ်ရှားရမှာက ကြေညာချက်မှာ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့နော်၊ ကျွန်တော်တို့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီးတော့ အရေးပါတဲ့ ဒီအထဲမှာရှိတဲ့ ခေါင်းဆောင်တွေရော၊ တပ်သားတွေပါ ကျွန်တော်တို့ဘက်ကို ဘယ်လောက်ပါဝင်နိုင်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့က စည်းရုံး ရမှာပေါ့။ စည်းရုံးပြီးတော့ ရသမျှအင်အားနဲ့ ရှိသမျှအင်အားနဲ့ ကျွန်တော်တို့သည် စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် တိုက်ပွဲဝင်ရမှာပေါ့။

မေး။ ။ စစ်အုပ်စုပြုတ်ကျရေး ကြေညာမှုက မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)အနေနဲ့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဆိုတော့ ဒီအခြေအနေက မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသွားတာလား။

ဖြေ။ ။ အခြေအနေအချိန်အခါကောင်းမှာ ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် ဒီပါတီတစ်ခုလုံးအနေနဲ့ ပါဝင်လာနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ တစုံတခုလုံးပါဝင်ဖို့ အတွက်တော့ မဖြစ်နိုင်သေးတဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ ယုံကြည်ချက်တူညီတဲ့ ခေါင်းဆောင်တွေ၊ တပ်ဗိုလ်၊ တပ်မှုးတွေနဲ့ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် သံဓိဋ္ဌာန်ချထားတာပေါ့ဗျာ။

မေး။ ။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) အနေနဲ့ စစ်အုပ်စု ပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့။ လောလောဆယ် ယေဘုယျအနေနဲ့တော့ ရှေ့ဆက်ပြောဆိုထားမှုတော့ရှိတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာချက်ပြီးတော့မှ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးပါမယ်။

မေး။ ။ နိုင်ငံအနှံ့ အရေးမလှ စစ်ရှုံးနေတဲ့စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျွန်တော့်အမြင်အရ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်တွင်းစစ်မရှိတဲ့ တိုင်းပြည်မှာပဲ ကျင့်သုံး သင့်တယ်။ ဒီနေ့ဒီအချိန်ခါမှာ တိုင်းပြည်ရဲ့အခြေအနေ ကမောက်ကမဖြစ်နေတဲ့အချိန်မှာ ကျင့်သုံးရင်တော့ အကောင်းဘက်ကို မဦးတည်ဘဲနဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေတခုကို ဦးတည်နိုင်တယ်လို့တော့မြင်တယ်။ တကယ်လို့ စစ်အာဏာရှင်တွေက ဒီဥပဒေကို အတင်းအကြပ်ကျင့်သုံးရင် ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာက မွန်လူငယ်တွေအနေနဲ့ ဒီစစ်ကောင်စီလက်အောက်မှာ သွားရောက်မထမ်းဆောင်ဘဲနဲ့ ဒါကိုငြင်းဆိုပြီးတော့ ကျွန်တော်တို့အဖွဲ့ကို လာပြီးပူးပေါင်းရင်တော့ ကျွန်တော်တို့အဖွဲ့လည်း အင်အားတွေ တောင့်တင်းလာမယ်။ အင်အားတွေ တောင့်တင်းလာတဲ့အပေါ်မှာ စစ်အာဏာရှင်ကို တိုက်ဖျက်ရင်တော့ မြန်မြန်ပြီးမြောက်နိုင်လိမ့်မယ် လို့တော့မြင်တယ်။ ဒီလူငယ်တွေ ကျွန်တော်တို့ဆီကိုလာပြီးတော့ ဆက်သွယ်ကြဖို့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါကြောင်း ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မွန်လူထုကို ဘာတွေများ တိုက်တွန်းချင်တာရှိပါလဲ။

ဖြေ။ ။ အခုနေ အချိန်အခါဆိုရင်တော့ ဒီစစ်ကောင်စီကို နိုင်ငံတကာကနေပြီးတော့ ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတွေ အကုန်လုံးအနေနဲ့ ထောက်ခံမှု မရှိသလောက် ဖြစ်သွားပြီ။ ပြည်တွင်း၊ ပြည်ပမှာလည်း နည်းမျိုးစုံနဲ့ တော်လှန်နေတယ်။ ဒီအချိန်ခါက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် အကောင်းဆုံး အချိန်အခါကောင်း ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီအချိန်အခါကောင်းကို မွန်ပြည်သူလူထုအနေနဲ့ အမိအရ ဆုပ်ကိုင်ပြီးတော့ ဒီပြည်တွင်းပြည်ပမှာရှိတဲ့ ရဟန်းသံဃာတော်တွေ၊ မျိူးချစ်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူအနေနဲ့ အထူးသဖြင့် မွန်လူငယ်တွေအနေနဲ့ ဒီမွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အား ကျွန်တော်တို့ အစုအဖွဲ့တွေကို ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့အတွက် မေတ္တာရပ်ခံချင်တယ်။ ဒီကူညီပံ့ပိုးမှုမှာ အဓိကအင်အားအနေနဲ့ လူအင်အားဖြည့်ပေးရင်တော့ ပိုပြီးကောင်းတာပေါ့။ ဒါပေမဲ့ လူအင်အား အနေနဲ့ မတတ်နိုင်တဲ့ အခြေအနေမှာဆိုရင်တော့ ရုပ်ဝထ္ထုတွေအနေနဲ့ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ရေးရာအနေနဲ့ဖြစ်ဖြစ် ဝိုင်းဝန်းပြီးတော့ ဝန်းရံပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here