လိုင်ဇာ၊ မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သတ်ပြီး KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်းချက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဖျက်အားပြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ကလေးငယ်များအပါအဝင် လူ ၂၉ ဦး သေဆုံးသွားခဲ့သည်ဟု KIO/KIA က ထုတ်ပြန်ပြောဆိုသည်။
မုန်လိုင်ခက်စစ်ရှောင်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးရှိသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က လက်နက်ကြီးနှင့်ပစ်တာလား လေယာဉ်နှင့် ပစ်တာလား၊ မုန်လိုင်ခက် စစ်ရှောင်များ၏ နောက်ဆုံးအခြေအနေ၊ ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ မုန်လိုင်ခက်စစ်ရှောင်စခန်း လက်နက်ကြီးနဲ့ ပစ်ခံရတယ်ပေါ့နော။ အဲဒီအခြေအနေလေး ပြောပြပေးပါလား။
ဖြေ။ ။ မနေ့က ည ၁၁ နာရီခွဲ အချိန်လောက်မှာပေါ့နော။ သူတို့က လက်နက်ကြီးနဲ့ပစ်တာ ဖြစ်ပါတယ်။ လက်နက်ကြီးဆိုတာကတော့ လေယာဉ်နဲ့ ဒရုန်းနဲ့ လာပစ်တဲ့ ပုံစံမျိုးနဲ့ လက်နက်ကြီးနဲ့ပစ်တာ ရှိပါတယ်။ မိုင်းကြီးတွေပေါ့နော၊ နောက် အမြဲတမ်း သူတို့ပစ်နေတဲ့ လက်နက်ကြီး အမြောက်တွေနဲ့လည်း ပစ်တာ ၁၂၀ တို့ ၁၀၅ တို့ပေါ့နော၊ အဲဒါနဲ့လည်းပစ်တာ ရှိပါတယ်။ ဒါပေမယ့် မနေ့က အဲဒီအချိန်မှာ အဲဘက်မှာ ရင်ဆိုင်တိုက်ပွဲ တွေလည်း မရှိဘူး။ မြေပြင်တိုက်ပွဲတွေလည်း မရှိဘူး။ သူတို့ဘက်နေ တဖက်သတ် စစ်ရှောင်ပြည်သူလူထုတွေ ရှိတဲ့ စခန်းထဲမှာ အခုလိုမျိုးပစ်တာ ဖြစ်ပါတယ်။
မေး။ ။ လေယာဉ်နဲ့ ပစ်တာလား၊ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ လာပစ်တာလို့လည်း ပြောနေကြလို့ပါ။ ဘာနဲ့ ပစ်သွားတာပါလဲ။
ဖြေ။ ။ ပုံစံကတော့ လေကြာင်းကနေပစ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း လေယာဉ် ပျံသန်းနေတဲ့ အသံကတော့ ကျနော်တို့လည်း မကြားဘူး။ ညအိပ်နေတဲ့ အချိန်ဆိုတော့ မကြားတာလည်း ဖြစ်နိုင်တာပေါ့။
မေး။ ။ ဒီပစ်ခတ်မှုက မုန်လိုင်ခက်စစ်ရှောင်စခန်းပေါ် တည့်တည့်ကျတာလား၊ မဟုတ်ရင်လည်း တခြားနေရာ တွေကိုရော ကျတာတွေရှိသေးလား။
ဖြေ။ ။ ကျနော်တို့ကိုပစ်တဲ့ ဗုံးကြီးကတော့ စစ်ရှောင်စခန်းမှာပဲ ကျတာပေါ့။ အဲဒီ စစ်ရှောင်စခန်း အလယ်လောက် မှာပေါ့နော။ ကျနော်တို့ ပစ္စည်းတွေ ဘာတွေထားတဲ့ကွင်းပြင်တစ်ခု ရှိတယ်။ ဘောလုံးကွင်း ပုံစံမျိုးတွေပေါ့နော။ အဲနေရာမှာကျပြီးမှ ပတ်ဝန်းကျင်တွေအကုန်လုံး ထိခိုက်သွားတာ ဖြစ်ပါတယ်။
မေး။ ။ လူထိခိုက်မှုသေဆုံးမှုက ဘယ်လောက်ရှိပြီလဲ၊ အခုလက်ရှိအခြေအနေအထိပါ။
ဖြေ။ ။ အခုလက်ရှိကတော့ သေသွားတာကတော့ ၂၉ ဦး ရှိပါတယ်။ ဒဏ်ရာရတာကတော့ ၅၇ ဦး ရှိပါတယ်။ အားလုံးကတော့ ၈၆ ဦးပေါ့။ အခု ထပ်ရှာတွေ့ရမလားတော့ မသိဘူးပေါ့နော။ အခုလက်ရှိကတော့ အဲ့လို ရှိပါတယ်။
မေး။ ။ ထိခိုက်သေဆုံးသွားတဲ့သူတွေထဲမှာ ကလေးငယ်တွေလည်းပါတယ်လို့ သိရတယ်။ ကလေးဘယ်နှစ် ယောက်လောက် ထိခိုက်သေဆုံးတဲ့အထဲမှာ ပါသွားတာပါလဲ။
ဖြေ။ ။ အခုသေသွားတဲ့အထဲမှာ ၁၈ နှစ်အောက် ကလေးတွေကတော့ ၁၁ ယောက် ပါပါတယ်။ ဟိုဒဏ်ရာရတဲ့ အထဲကတော့ ပါတော့ပါပါတယ်။ ကျနော်တို့လည်း စာရင်းဇယားတွေ အတိအကျတော့ မရသေးဘူး။
မေး။ ။ လူထိခိုက်သေဆုံးတာတွေအပြင် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတွေကရော ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေ အကုန်လုံးပျက်စီးသွားပါတယ်။ ဒါက အဆောက်အအုံ ဘယ်လောက်ဆိုတာကတော့ စစ်ဆေးရေးအဖွဲ့တွေ စစ်ဆေးမှရမှာပါ။ အခုလောလောဆယ်တော့ ကိန်းဂဏန်း နဲ့တော့ မရသေးဘူး။ ဒါပေမယ့် မုန်လိုင်ခက်စစ်ရှောင်စခန်း ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေ အကုန် လုံးပျက်စီးသွားပါပြီ။
မေး။ ။ လက်ရှိမှာ စစ်ရှောင်တွေကရော ဘယ်မှာသွားနေနေကြပါလဲ။ သူတို့ကိုဘယ်မှာပြောင်းထားပေးပါလဲ။
ဖြေ။ ။ အခုလောလောဆယ်ကတော့ လိုင်ဇာမြို့ဘက်ကို ဆွေမျိုးအိမ်တို့ သွားခိုတာလည်း ရှိပါတယ်နော။ နောက်တခြားနေရာမှာလည်း ကျနော်တို့ စီစဉ်ပေးတာလည်း ရှိပါတယ်။
မေး။ ။ အခုလက်ရှိ အခြေအနေကျတော့လေ၊သူတို့ရဲ့နေထိုင်စားသောက်ရေးကအစ စီစဉ်ပေးထားတာပါလား။
ဖြေ။ ။ အားလုံးတာဝန်ယူထားပါတယ်။
မေး။ ။ ဒီလိုအရပ်သားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်လာတဲ့အပေါ်မှာ KIO/KIA နဲ့ လိုင်ဇာက ဒေသခံ အရပ်သားပြည်သူတွေရဲ့ စိုးရိမ်ချက်က ဘာလို့ပြောလို့ရနိုင်ပါလဲ။ အခုက လိုင်ဇာအနီးတဝိုက်မှာ ဖြစ်သွားခဲ့တာ ဆိုတော့ပါ။
ဖြေ။ ။ ပြည်သူလူထုတွေကတော့ ထိတ်လန့်ကြောက်တဲ့စိတ်တွေကတော့ အားလုံးထဲမှာရှိမှာပါ။ နောက်တခု ရှိတာကတော့ အခုလိုမျိုး ရန်သူရှိတဲ့ဘက်ကို မပစ်ဘဲနဲ့ အပြစ်မဲ့ပြည်သူလူထု ရှိတဲ့ဘက်ကို ပစ်မှတ်ထားပြီးမှ အခုလိုမျိုး ပြည်သူလူထုတွေ အစုလိုက်အပြုံလိုက် သေကြေအောင် ပစ်တာကတော့ ပြည်သူလူထုအားလုံးလည်း စိတ်ထဲမှာ ထိခိုက်တာ။ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ်မှာကတော့ ပြည်သူလူထုတွေ အားလုံးလည်း ကျေနပ်မှုတော့ရှိမှာ မဟုတ်ဘူး။ စိတ်နာသွားတာပေါ့နော။
မေး။ ။ ပြီးခဲ့တဲ့နှစ် ဒီလမှာပဲ အနန့်ပါဘက်မှာ ဒီလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာရှိတယ်။ အခုလည်း ဒီမုန်လိုင်ခက် စစ်ရှောင်စခန်းမှာ ထပ်ဖြစ်တယ်။ အခုလို ဆက်ဖြစ်နေတဲ့အပေါ်မှာ KIO/KIA အနေနဲ့ နိုင်ငံတကာကို ဘာများ တောင်းဆိုချင်ပါလဲ။
ဖြေ။ ။ အဓိကကတော့ ဒီပြည်သူလူထု အစုလိုက်အပြုံလိုက်သေစေတဲ့ ဖြစ်ရပ်တွေ အားလုံးကတော့ စစ်အာဏာရှင် သူတို့ အဓိက ဖြစ်ပါတယ်၊ ဆိုတော့ လူမျိုးတုန်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေ မြောက်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာကလည်း အဲဒါတွေကတော့ အရေးယူပေးဖို့ ကျနော်တို့ တောင်းဆိုလိုပါတယ်။
မေး။ ။ ကချင်အပါအဝင် စစ်ကိုင်းဘက်မှာ သော်လည်းကောင်း၊ ကရင်၊ ချင်း၊ ကရင်နီဘက်မှာ သော်လည်းကောင်း ဒီလိုတိုက်ခိုက်မှုတွေက ဆက်တိုက်ဖြစ်နေတာပေါ့နော၊ ဒီအပေါ်မှာ နိုင်ငံတကာကလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်တာတွေ မရှိဘူးဆိုတော့ တဖက်ကလည်း လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုတာတွေရှိတယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာဘက်ကနေ ကူညီလုပ်ဆောင်ပေးတာတွေ မရှိတဲ့ အပေါ်မှာရော ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အဲဒါကလည်း နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့အရေးကို စိတ်ဝင်စားဖို့ လိုမယ်လို့ထင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးကို စစ်ကောင်စီဘက်ကတော့ အခုလိုမျိုး သတ်ဖြတ်တာတွေ၊ ညှင်းပမ်းနှိပ်စက်တာတွေ အမြဲတမ်းလုပ်နေတာ အဲဒါတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးလည်း စိတ်ဝင်စားဖို့ သေသေချာချာ စစ်ဆေးဖို့ပေါ့နော၊ အရေးမှုပေါ့နော လိုမယ်လို့ ကျနော်ကတော့ ပြောလိုပါတယ်။
NMG ပေးပို့သည်။