မိုးကောင်းမြို့မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာတဲ့အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေတာနဲ့ ပတ်သတ်ပြီး မိုးကောင်းဒေသခံအမျိုးသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာတဲ့ အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေပြီး စစ်ကြောရေးမှာ သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်း အထက (၁) ကျောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခတ် ခံရပြီးနောက်ပိုင်း မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ခဲ့ပြီး မသင်္ကာတဲ့ အရပ်သားတွေကို ဖမ်းဆီးခဲ့တာ လူဦးရေ ၁၀၀ ခန့် ရှိနိုင်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ မိုးကောင်းမြို့ခံတွေထဲမှ မြို့ခံတွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့ ဦးဝဘော်တန်ဂွန်းတို့ နှစ်ယောက်ဟာ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရလို့ သေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မိုးကောင်းမြို့ရဲ့ လက်ရှိအခြေအနေ အကြောင်းစုံကို သိရှိနိုင်ဖို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အချက်နှစ်ချက်လောက်တော့ ရှိတယ်။ သူတို့ စကခမှူးရဲ့ အပြောင်းအရွေ့ပေါ့၊ ဒါလည်း ပါတယ်။ ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါ ပြောင်းလဲလိုက်တာပေါ့၊ အဲ့တာတွေလည်း ပါတယ်။ ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက- ၁ ကျောင်းကြိုကားကို ကာကွယ်ရေးတပ်ဘက်က အဲ့ကားပေါ်ပါလာတဲ့ စစ်သားနှစ်ယောက်ကို ရှင်းလင်းလိုက်တဲ့ နောက်ပိုင်းမှာ ဖမ်းဆီးမှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတာ၊ အရင်က ဒလန်ရှင်းလင်းတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီလိုဖမ်းဆီးတာတွေ မရှိခဲ့ဘူး။
မေး။ ။ မိုးကောင်း အထက (၁) ကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို ပြန်ပြောပြပေးပါဦး။
ဖြေ။ ။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့လ ၁၉ ရက်နေ့က အထက (၁) ရဲ့ အရှေ့ဘက်အပေါက်မှာ သူတို့ ခလရ ၇၄ တပ်က ညနေပိုင်း ကျောင်းလာကြိုတဲ့အချိန် ကားမောင်းတဲ့လူနဲ့ နောက်ကလိုက်တဲ့လူကို ကျောင်းမဆင်းခင် လေးမှာပဲ သူတို့ကားရပ်တဲ့နေရာမှာပဲ ကာကွယ်ရေးတပ်တွေဘက်က ရှင်းလိုက်တာ အဲ့မှာ သေနတ်လည်း ယူသွားတာပေါ့။
မေး။ ။ ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီးတဲ့နောက် ဖမ်းဆီးခံရမှုအခြေနေဘယ်လိုရှိတာပါလဲ။
ဖြေ။ ။ အဲ့လို ပစ်ခတ်ခံရပြီးတဲ့ညမှာပဲကို ဖမ်းဆီးမှုတွေလုပ်တော့တာ၊ အဲ့ဒီညနဲ့ နောက်နေ့မနက်မှာပဲ ဖမ်းဆီးခံ ရတာ၊ ကျနော်မှတ်မိသလောက် ၅ ယောက် အဲ့ဒီနောက်ပိုင်းတောက်လျှောက်ပဲ၊ ကင်းပုန်းဝပ်တာ မြို့တွင်း စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ လူငယ်တွေကိုပေါ့၊ လူငယ်တွေထဲမှာမှ ယောက်ျားလေးတွေပေါ့ ဖမ်းတယ် စစ်ဆေးတယ် ဖုန်းတွေပါစစ်တာ အဲ့လိုတောက်လျှောက်လုပ်လာတယ်။
ဖမ်းလာတဲ့အရေအတွက်က အခုလက်ရှိ ကျနော်သိသလောက်ဆိုရင် အယောက် ၇၀ ကျော် လောက် ရှိနေပြီ။ ဒါတောင် မြေပြင်မှာပြောနေ ကြတာက အယောက် ၁၀၀ ကျော်လောက်ရှိတယ် ပြောတယ်။ ကျနော်သိသလောက် လက်လှမ်းမီသလောက် သိရတာကတော့ ၇၀ ကျော်ပေါ့။
မေး။ ။ ဖမ်းဆီးမှုတွေလုပ်တဲ့အခါ ဘယ်လိုလူမျိုးတွေကို အဓိကဖမ်းဆီးမှုတွေလုပ်တာတွေ့ရလဲ။
ဖြေ။ ။ အဓိကကတော့ လူငယ်တွေကိုဖမ်းတယ်၊ ပြီးတော့ သူတို့ရဲ့သတင်းပေးတာ တိုင်ကြားတာတွေပေါ် မူတည်ပြီး ဖမ်းတာတွေရှိတယ်။ အဲ့လိုဖမ်းတဲ့အခါမှာလည်း သေချာစစ်ဆေးမေးမြန်းတာတွေ မရှိဘူး။ ဗရမ်းဗတာ ဖမ်းတာမျိုး ဖြစ်နေတယ်။ ပြီးရင် သူတို့ကတော့ ကာကွယ်ရေးတပ်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းတာပေါ့။ ဒါပေမဲ့ ကျနော်တို့သိရသလောက် ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်မှု မရှိဘူး။ ပြီးတော့ သူတို့က ဈေးတွေထဲလိုက်ဖမ်းတာတွေပါရှိတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ကာကွယ်ရေးတပ်တွေကို လှူဒါန်းတာတွေတော့ ရှိပါတယ်၊ ဥပမာ- ဈေးထဲမှာဆိုရင် ပိုက်ဆံ မပေးနိုင်ရင်တောင် ကြက်သွန်၊ ဘူးသီး၊ ခရမ်းသီး ဒါမျိုးလေးတွေ လှူဒါန်းတာတွေ ရှိတာပေါ့။ အဲ့တာ တွေကိုပါလိုက်တာ မိသွားတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေအရ ဖမ်းတယ်။ ပြီးရင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေပေါ့၊ ကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုရင် ဘယ်လို ဆက်နွယ်မှုရှိရှိ ဖမ်းတာပဲ။
မေး။ ။ ဖမ်းဆီးခံရပြီးသေဆုံးခဲ့တဲ့ဒေသခံ ဘယ်နှစ်ယောက်ရှိပြီး၊ ဘယ်လို သေဆုံးခဲ့ကြတာပါလဲ။
ဖြေ။ ။ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတာကတော့ နှစ်ယောက်ပေါ့။ ဦးဝဘော်တန်ဂွန်း နဲ့ ဒေါ်ခင်မာရွှေပေါ့၊ ဦးဝဘော်တန်ဂွန်း ဆိုရင် ခလရ ၇၄ တပ် ကနေပြီး ဖမ်းပြီးစစ်ဆေးပြီး သေဆုံးသွားတာပေါ့။ သေဆုံး သွားတာကိုလည်း မိသားစုကို အကြောင်းကြားတာပဲ ရှိတယ်။ ပြီးတော့ ၅ သိန်း ပေးတယ်။
ဒေါ်ခင်မာရွှေကို ကြတော့ ပထမ စစ်ကြောရေး ပြီးတော့ မိုးကောင်းရဲစခန်းတောင် ပြန်ရောက်လာပြီ၊ ရောက်လာ ပြီးမှ တစ်ခါ ပြန်ခေါ်ပြီး စစ်တဲ့အချိန်မှာပဲ သေဆုံးသွားခဲ့တာ။ သူတို့တွေ ဘယ်လောက်တောင် ညှင်းပန်းနှိပ်စက် ခဲ့လဲ မသိဘူး။ ကျနော်သိသလောက်ကတော့ မိုးကောင်းရဲစခန်း အချုပ်မှာပဲ သေဆုံးသွားခဲ့တာ၊ ပြီးတော့ မိုးကောင်းရဲစခန်းနဲ့ အနီးဆုံးမှာရှိတဲ့ နတ်ကြီးကုန်းရပ်ကွက်က သုသာန်မှာ မီးသဂြိုဟ်သွားတယ် ပြောတယ်၊ မိသားစုကိုတော့ အလောင်းလည်း ပြန်မပေးဘူးပေါ့။
မေး။ ။ ဖမ်းဆီးခံရသူတွေထဲ လွတ်မြောက်လာသူတွေ ရှိပါလား။
ဖြေ။ ။ လွှတ်လာတဲ့သူက ကျနော်သိသလောက် ၁၀ ယောက် လောက်တော့ရှိတယ်။ အဓိကကတော့ ဖမ်းဆီးခံရတဲ့ထဲက မိန်းကလေးတွေ ပြန်လွှတ်လာတာ၊ ဖမ်းပြီဆိုရင်လည်း လက်ပြန်ကြိုးတွေတုပ် ခေါင်းတွေကို အမဲတွေစွပ်ပြီး ဖမ်းတာ၊ တော်တော်များများကို အဲ့ပုံစံပဲလုပ်ပြီး ဖမ်းသွားတာ။
မေး။ ။ ဖမ်းဆီးခံရသူတွေကို ဘယ်မှာဖမ်းဆီးထားတယ်လို့ သိရပါလဲ။
ဖြေ။ ။ ကျနော်သိရသလောက်ကတော့ နေရာသုံးနေရာလောက်ရှိတယ်။ မိုးကောင်းမြို့နယ်ထဲက ခလရ ၇၄ တပ် စကခမှာ ဖမ်းထားတာရှိတယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားကို ဖမ်းသွားတာရှိတယ်။ ဘယ်သူတွေကို ဘယ်နေရာတွေမှာ ဖမ်းထားလဲဆိုတာတော့ မသိရဘူး။
မေး။ ။ လတ်တလော မိုးကောင်းမြို့တွင်းဒေသခံတွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ သွားလာနေထိုင်ရတာတော့ ရင်တထိပ်ထိပ်ပေါ့ဗျာ၊ အရင်လို ကိုယ့်ဟာကိုယ် ပေါ့ပေါ့ပါးပါး လုပ်ကိုင် စားသောက်နိုင်တာတော့ မရှိဘူးပေါ့။ ကိုယ်ကတော့ ဘာမှမလုပ်ဘူး၊ ဒီအဖွဲ့တွေနဲ့မပတ်သက်ဘူး ဆိုပေမဲ့ တဖက်လူက တိုင်ကြားလာတာမျိုး ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီးတော့ အဲ့လိုတိုင်ရင် အလကားနေရင်လည်း ဖမ်းခံရနိုင်တယ်။ ညခင်းဆိုရင်လည်း ၇ နာရီလောက်ဆို အားလုံးက မထွက်ကြတော့ဘူး။ ဒါပေမဲ့ အိမ်မှာနေလည်း မလုံခြုံဘူးပေါ့၊ အဲ့လို ဖြတ်သန်းနေကြရတာပေါ့။
မေး။ ။ အခုလို မိုးကောင်းမှာ စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတဲ့အပေါ် ပြောချင်တာများ ရှိသေးရင် ဖြည့်စွက်ပြောပေးပါဦး။
ဖြေ။ ။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်၊ ကျူးလွန်တယ်ဆိုရင်တော့ ကျူးလွန်သလို အမှုကို တရားရုံးမှာစွဲတင်မယ် အမှုရင်ဆိုင်မယ် ပြီးမှ ကျခံသင့်ရင် ကျခံပေါ့နော်၊ ဒါမျိုးပဲ ဖြစ်သင့်တာ အခုက စစ်ကြောရေးမှာ စစ်ပြီးတော့ လက်လွန်ပြီး သေဆုံးသွားတယ် ဆိုတာကတော့ မဖြစ်သင့်ဘူး။ အခုလို လက်လွန်သွားတာက သူတို့အတွက် ဘာမှ မဟုတ်ဘူး။ ဒီမှာ အသက်တစ်ချောင်းဆုံးရှုံးလိုက်ရသူက လုံးဝ တန်ဖိုးမဖြတ်နိုင်ဘူးလေ၊ အခုလို ဖြစ်နေတဲ့ အပေါ်မှာတော့ ကျနော်တို့က လုံးဝကို လက်မခံနိုင်ဘူး။
KNG ပေးပို့သည်။