“သူတို့ (ULA/AA) အနေနဲ့ စစ်ရေးအားဖြင့် ရခိုင်ပြည်ကို ထိန်းနိုင်တယ်လို့ ကျနော်ထင်တယ်။ စစ်ရေးအားဖြင့် ထိန်းနိုင်ပြီးဆိုတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက ပူးတွဲပါလာမှာပါ။ အဲဒီကိစ္စတွေက မြို့တွေကို မသိမ်းခင် ကနေ နယ်တွေမှာ အထိုင်ကြပြီးသား အဲဒီကိစ္စနဲ့ပတ်သက်လို့ အကျွမ်းတဝင် လုပ်ပြီးသားဆိုတော့ သိပ်မခက်ဘူး လို့ ထင်ပါတယ်။ ရခိုင်ပြည်ကိုထိန်းဖို့အတွက် အချိန်အခါကို စောင့်နေတာဖြစ်လိမ့်မယ်” ဦးဖေသန်း – ရခိုင်ဝါရင့်နိုင်ငံရေးသမား

0
246

ရခိုင်တပြည်လုံး စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် ၄ လ ကျော် ကာလအတွင်း ရောက်ရှိလာပြီ ဖြစ်သည်။ ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝဒေသ အပါအဝင် ရခိုင် မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ရမ်းဗြဲ စသည့် စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီ ဖြစ်သည်။

အဆိုပါ မြို့နယ် (၉) မြို့နယ်ထဲ၌ ရခိုင်ပြည်နယ်မြို့တော် စစ်တွေခရိုင်ထဲက ရသ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့လည်း ပါဝင်ပါသည်။ စစ်တွေခရိုင်ရှိ မြို့နယ် ၃ ခုကိုပါ ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက် နိုင်ခြင်းကြောင့် ပြည်နယ်မြို့တော် စစ်တွေ၏ စစ်ရေးအခြေအနေက ဘယ်လိုဖြစ်လာနိုင်ပါလဲ။ ဒီလို စစ်ရေး အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းတင်ပြထားပါသည်။

မေး။ ။ ရက္ခိုင့်တပ်တော်က မြို့တော်စစ်တွေနဲ့ အနီးဆုံးမြို့တွေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ အခုဆိုရင် ရသေ့တောင် မြို့ကိုလည်း သိမ်းပိုက်လိုက်နိုင်ပြီဆိုတော့ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်တွေမြို့ကို ဝင်ရောက်တိုက်ခိုက် နိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ ပြောလို့ရပါလား။

ဖြေ။ ။ ကျွန်တော်တို့ ရခိုင်ပြည်မြောက်ပိုင်းဘက်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ အဲဒီ ၄ မြို့ ကို ULA/AA ဘက်က ဝင်ရောက်တိုက်ခိုက်နေတာရှိတယ်။ မတ်လ ၁၇ ရက်နေ့က ရသေ့တောင်မြို့ကို သိမ်းလိုက်ပြီးလို့ ကြေညာတာတွေ့တယ်။ ဆိုတော့ တစ်ဖက်မှာ စစ်တွေကို ဝိုင်းပတ်ကာရံထားတဲ့ စစ်တွေ မြောက်ဘက်က ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့က ရှိတာပေါ့။ အခုဒီမြို့တွေကျသွားတဲ့ အဲလို အခြေအနေမျိုး ဆိုတော့ စစ်တွေမြို့ထဲကို ULA/AA က ဝင်ဖို့ပဲ ကျန်တော့တယ်ပေါ့။ အခုလည်းပဲ မြို့အစွန်ရွာတွေမှာ ထိတွေ့မှုတွေ ရှိတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေ ရှိတယ်လို့ သိရတယ်။ ထဲထဲဝင်ဝင် ရွယ်ရည်ချက်ရှိရှိ ဘယ်အချိန်တိုက်လာမလဲဆိုတာကို ကျနော်တို့လည်း နားစွင့်နေပါတယ်။ မြို့စွန်ကနေ မြို့ထဲအထိ ထိတွေ့တိုက်ပွဲတွေ ဘယ်တော့ဖြစ်လာမှာလဲ။ ဆိုလိုတာကတော့ စစ်ကောင်စီတပ်တွေက မြို့ထဲမှာ အမာခံစခန်းတွေ ကတုတ်ကျင်းတွေ လုပ်နေတယ်လို့ ကြားပါတယ်။

ဒါပေမဲ့ ပထဝီအနေအထားရ စစ်တွေ ဆိုတာက မြေပြန့်ဖြစ်တယ်။ ဗျူဟာကုန်းတွေလို အခိုင်အမာ တည်ဆောက်ထားနိုင်တာတွေ မရှိဘူး။ မြေပြန့် ဆိုတော့ ULA/AA က အချိန်မရွေးပေါ့နော်။ လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ပြီးတော့ စစ်တွေမြို့ဆိုတာက ရေပတ်လည်ဝိုင်းနေတဲ့ မြို့လို့ ပြောလို့ရပါတယ်။ ဘယ်နေရာကဝင်ဝင် စစ်တွေမြို့ကို ဝင်လို့ရတဲ့ အနေအထားရှိတယ်။ စစ်တွေမြို့က စစ်တပ်ဧရိယာတွေကို ULA/AA က တိုက်မယ့်ဆိုရင်တော့ သူတို့ရဲ့ တပ်အင်အားအခြေအနေကို ကြည့်ပြီးတော့ ဘယ်အချိန်တိုက်တိုက် တိုက်စစ်ဖွင့်လို့ရတယ်ဆိုတာ စစ်ရေးအားဖြင့် သိမှာပေါ့။ စစ်ကောင်စီကတော့ စစ်တွေမှာ ခံစစ်အနေအထားနဲ့ ပြင်ထားတယ်လို့ သိရတယ်။ ဒါပေမဲ့ ဗျူဟာကုန်း တွေလို အခိုင်အမာမဟုတ်တဲ့အတွက် ရေရှည်မှာတောင့်ခံနိုင်မှာ မဟုတ်ဘူး။ သို့သော်လည်း စစ်တွေက ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တယ်။ စစ်ကောင်စီ ဘက်က အသေအလဲ ကာကွယ်နိုင်တယ်။ ပြီးတော့ လူဦးရေ များတယ်။ အခုနကပြောသလို စစ်တွေက မြေပြန့်ဖြစ်တဲ့အတွက် ပြည်သူလူထုကို စစ်ရေးပစ်မှတ်ထားပြီးတော့ စစ်ကောင်စီဘက်က အများကြီး လက်တုန့်ပြန်လာနိုင်တယ်။

အခုတောင်မှ ဘာမှတိုက်ပွဲမဖြစ်ဘဲ ဈေးတွေကို လက်နက်ကြီးနဲ့ ပစ်တာတို့၊ လူနေရပ်ကွက်တွေကို ပစ်တာတို့ လုပ်နေရင်တော့ တိုက်ပွဲဖြစ်လာရင်တော့ AA တပ် တွေကိုထက် ပြည်သူကိုပဲ ဒုက္ခပေးဖို့ပိုများတယ်။ အဲလို အခြေအနေမျိုးကိုတော့ ULA/AA ဘက် သုံးသပ်စဉ်စား မိလိမ်မယ် ထင်ပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်ဆိုပေမဲ့ အနှေးနဲ့ အမြန် ULA/AA က ဘယ်အချိန်မှာ တိုက်စစ်ဖွင့်မယ်။ ပြည်သူလူထုကို အသက်ညာဆုံး တိုက်ပွဲထဲမှာ ကြားမညှပ်ရအောင် လုပ်မယ်ဆိုတဲ့ ကိစ္စတွေကတော့ AA လုပ်မယ်လို့ ထင်တယ်ဗျာ။ ခြုံပြောရရင်တော့ ULA/AA အနေနဲ့ တိုက်စစ်ဖွင့်ဖို့ အသင့်အနေထားကို ရောက်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ကျသွားရင်တော့ ဒီလို အခြေအနေမျိုးဖြစ်လာဖို့ ပိုမျှော်လင့်လို့ရပါတယ်။ အခုတောင်မှာ စစ်တွေမြို့မှာ လူထက်ဝက် မရှိတော့ဘူး။ စစ်ဘေးရှောင် သွားကြတာ။ တိုက်မယ့်ဆိုရင် သူတို့ အနေနဲ့ ဆုံးဖြတ်ပြီးတော့ တိုက်ဖို့ပဲကျန်တော့တယ်။ တိုက်တိုင်းလည်း နိုင်နေတဲ့အတွက် ဒီအခြေအနေမှာ စစ်တွေရဲ့ ပထဝီအနေအထားပေါ်မှာ AA က ကောင်းကောင်းကိုင်တွယ်ပြီးတော့ တိုက်နိုင်တယ်။ အနိုင်ရအောင် လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ။ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေတဲ့ကြားက စစ်ကောင်စီကို တိုက်စစ်ဖွင့်ပြီး ပြန်တိုက်လာ နိုင်တဲ့အပြင် မြို့နယ် ၉ ခု ကို သိမ်းပိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်ရဲ့ အခုလို စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် ရခိုင်ပြည်က ကျန်တဲ့မြို့နယ်အားလုံးကို ထိန်းချုပ်ဖို့ တိုက်ခိုက်လာနိုင်ပါလား။ အဲအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ရက္ခိုင့်တပ်တော်(AA) အနေနဲ့ဆိုရင် အင်အားအပြည့်ရှိတယ်ပေါ့။ စစ်ရေးအင်အားဆိုရင် ကိုယ့်ဒေသမှာ စစ်ကောင်စီထက် အများကြီးသာတာပေါ့နော်။ အရေအတွက် အများကြီးသာတယ်။ လက်နက်အင်အား ကြည်း၊ ရေ၊ လေ လိုမျိုး မပြည့်စုံတာရှိမယ်။ တပ်ဖွဲ့ဝင်အင်အား AA စစ်သားတွေက ရခိုင်ပြည်တပြည်လုံးကို ထိန်းနိုင်တဲ့ အင်အားရှိတယ်။ အင်အားရှိတဲ့နေရာမှာ စစ်ကောင်စီစစ်သားတွေနဲ့ AA စစ်သားတွေနဲ့က ခံယူချက်ချင်လည်း ကွာတယ်။ အရည်အချင်းတွေလည်း ကွာတယ်။ စစ်ကောင်စီ ဆယ်ယောက်လောက်က ဒီက AA ရဲဘော် တစ်ယောက်လောက် ညီတယ်။ အဲ့လိုပုံစံမျိုး ဖြစ်နေတာပေါ့။ တိုက်တဲ့အခါမှာလည်း တိုက်စစ်ဖွင့်နိုင်တဲ့ အနေအထား အခြေအနေချင်း မတူဘူးပေါ့။ ULA/AA ကတော့ သူအင်အားနဲ့သူ ရခိုင်ပြည်တပြည်လုံးကို တိုက်လို့ရတယ်။ ထိန်းလို့ရတယ်လို့ ကျနော်တို့ မြင်တယ်။

မတိုက်သေးတာကတော့ သူတို့ရဲ့အခြေအနေအရ ဗျူဟာအရ မတိုက်သေးတာပဲရှိတယ်။ ဒါပေမဲ့ ထိတွေ့တိုက်ပွဲ လုပ်ထားတာတွေရှိတယ်။ စစ်ရေးအရ မြူဆွယ် တာတွေ ရှိတယ်။ သူတို့ အခြေအနေပေါ် မူတည်ပြီးတော့ ပြည်သူတွေလည်း မနာရအောင် စစ်ကစားနေတာ တွေလည်း ရှိပါတယ်။ အဓိက အရေးကြီးတဲ့အချက်က ရခိုင်ပြည်သူတွေက စစ်ကောင်စီကို တအားမုန်းတယ် ပေါ့နော်။ ဘာလို့ မုန်းလည်းဆိုတော့ ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းလို့ မြင်တယ်။ ULA/AA ကြတော့ အများကြီး ထောက်ခံကြတယ်။ အဲလိုအခြေအနေမျိုးကလည်း စစ်ကောင်စီ စစ်ရှုံးဖို့အတွက် အဓိကအချက် ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ULA/AA က ရခိုင်ပြည်က ဘယ်မြို့နယ်မဆို တိုက်စစ်ဖွင့် တိုက်လို့ရတယ်။ ဒါပေမဲ့ အခုနက ပြောသလိုပေါ့။ ပြည်သူတွေ မနစ်နာအောင်တော့ ULA/AA ဘက်က စဉ်းစားကောင်း စဉ်းစားနိုင်တယ်ပေါ့။

ဒါကြောင့်မို့ သူတို့ (ULA/AA ) အနေနဲ့ တစ်မြို့ပြီးတစ်မြို့ သိမ်းတယ်ဆိုတဲ့နေရာမှာ အများအားဖြင့် ဖြတ်လေး ဖြတ်ပေါ့။ ရိက္ခာတွေ၊ အစားအစာတွေ၊ ဆေးဝါးတွေ အစသဖြင့် အဲဒါတွေကို အခြေခံပြီး တဖြည်းဖြည်း သိမ်းယူတာ ဖြစ်တယ်။ ပြင်းပြင်းထန်ထန် တိုက်တယ်ဆိုပေမဲ့လည်း မတိုက်ခင် လနဲ့ချီပြီးတော့ မြန်မာစစ်တပ်ကို ဝိုင်းပတ် ပိတ်ဆို့ပြီးတော့ ထားတာဖြစ်တယ်။ ဒါကြောင့်လည်း တစ်မြို့ပြီးတစ်မြို့ Sold out ဖြစ်သွာတာပေါ့။ အခုချိန်မှာလည်း သူတို့အနေနဲ့ အဲလိုလုပ်ထားတဲ့မြို့တွေ များပါတယ်။ ရခိုင်ပြည်တောင်ပိုင်းအထိ စစ်ရေးအရ မဟုတ်ရင်တောင်မှ အုပ်ချုပ်ရေး ပြောက်ကျားစနစ်နဲ့ ဩဇာလွှမ်းမိုးထားတာတွေ ရှိတယ်။ သူတို့နဲ့ အာဏာကို ဖြန့်ကျန့်ထားတာတွေ ရှိတယ်။ အဲဒီတော့ မြောက်ပိုင်း (မောင်တော၊ ဘူးသီးတောင်နဲ့ စစ်တွေ) သုံးမြို့နယ် ပြတ်ရင်တော့ တောင်ပိုင်းသိပ်မကြာဘူး။ တိုက်စစ်ဖွင့်ပြီးတော့ သူတို့ပြောထားတဲ့အတိုင်း ရခိုင်ပြည်တပြည်လုံးက စစ်ကောင်စီတွေကို တိုက်ထုတ်မယ့်ဆိုတဲ့အတိုင်း တစ်မြို့ပြီးတစ်မြို့ လုပ်သွားမှာပါ။ လုပ်သမျှလည်း အောင်မြင် နေတယ်ဆိုတော့ အချိန်ကာလအခြေအနေကို ကြည့်ပြီးတော့ အချိန်ဆွဲနိုင်တာတော့ အကြောင်းရှိတယ်။ တိုက်မယ်ဆိုရင် အဆင်သင့် တိုက်လို့ရနိုင်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဆရာအထက်ပြောခဲ့သလိုမျိုးဆိုရင် အချိန်တိုအတွင်းမှာ ရခိုင်ပြည်ဟာ AA လက်ထဲ ကျရောက်သွားနိုင်တယ်လို့ ပြောနိုင်ပါလား။

ဖြေ။ ။ ဒါကတော့ ဗမာပြည်နိုင်ငံရေး စစ်ရေးအခြေအနေနဲ့လည်း ဆက်စပ်နေတယ်ပေါ့။ အဲဒီဘက် အင်အား ကောင်းမယ် အဲဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်စစ်ဖွင့်ပြီး ပိုပြီးတော့ လုပ်နိုင်မယ့်ဆိုရင် ဒီဘက်မှာလည်း စစ်ကောင်စီက ပိုပြီးတော့ မြန်မြန်ဆန်ဆန် အားနည်းသွားမှာပေါ့။ အဲ့ဒီဘက်နဲ့ ချိတ်ချက်ပြီးတော့ တွေးရမှာပေါ့။ တိုက်ပွဲအခြေအနေတွေ အဲ့ဒီဘက်မှာ ပိုပြီးတော့ ဖြစ်လာမယ့်ဆိုရင် ဒီဘက်မှာ အားမြှင့်ပြီးတော့ တိုက်ရင် ရည်ရွယ်ချက်အတိုင်း ရခိုင်ပြည်ထဲက အမြန်ဆုံး နှင်ထုတ်နိုင်မှာ ဖြစ်တယ်။ အဲလိုအခြေအနေမျိုး ရှိပါတယ်။ ဒီလိုအခြေအနေမျိုး မဖြစ်လာဘူးတောင်မှ AA ကတော့ အရင်လည်းပဲ ဗမာပြည်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ မပေါ်ခင်ကနေ စစ်ကောင်စီရဲ့ ကြည်းရေလေနဲ့ တိုက်တာကို တောင့်ခံနိုင်တယ်။ စစ်ရေး အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်။

အခုချိန်မျိုးမှာဆိုရင်တော့ ပိုပြီးတော့ လုပ်နိုင်တာပေါ့။ AA တပ်တော်ရဲ့ အောင်မြင်မှုကို ရခိုင်ပြည်သူတွေ အားလုံးက ကြိုဆိုနေတဲ့ အနေအထားရှိတယ်။ သူတို့ (ULA/AA) အနေနဲ့ စစ်ရေးအားဖြင့် ရခိုင်ပြည်ကို ထိန်းနိုင်တယ်လို့ ကျနော်ထင်တယ်။ စစ်ရေးအားဖြင့် ထိန်းနိုင်ပြီးဆိုတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက ပူးတွဲပါလာမှာပါ။ အဲဒီကိစ္စတွေက မြို့တွေကို မသိမ်းခင်ကနေ နယ်တွေမှာ အထိုင်ကြပြီးသား အဲဒီကိစ္စနဲ့ ပတ်သက်လို့ အကျွမ်းတဝင် လုပ်ပြီးသားဆိုတော့ သိပ်မခက်ဘူးလို့ ထင်ပါတယ်။ ရခိုင်ပြည်ကိုထိန်းဖို့အတွက် အချိန်အခါကို စောင့်နေတာဖြစ်လိမ့်မယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ သူတို့ (ULA/AA) မှန်းထားသလို လာမယ့် ၂၀၂၅ မှာ ရခိုင်ပြည်ဟာ လုံးဝသူတို့လက်ထဲကို ရောက်သွားနိုင်တယ်လို့ မြင်ပါတယ်။

မေး။ ။ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ အချိန်အခါမရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအပေါ် ဘယ်လိုမျိုး မှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ အဲဒါကတော့ စစ်ကောင်စီရဲ့ ဉာဏ်ဆိုးတွေပေါ့။ “ဂျိုးမနိုင် နားရွက်ကိုင်” “ကြွက်မနိုင် ကျီးမီးရှို့” အဲဒီဗျူဟာပေါ့။ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို စစ်ရေးပစ်မှတ်ထားတဲ့ ဗျူဟာပေါ့။ မင်းမလုပ်ပေမဲ့ မင်းအဖေ လုပ်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကလဲ့စားချေတဲ့အလုပ်မျိုး Standard Army ကြွေးကြော်ပြီးတော့ လက်တွေ့မှာ လူဆိုး၊ လူမိုက်ဂိုဏ်းလို့ မဲမဲမြင်ရာကို လိုက်ရန်ရှာတာပေါ့။ အနာပေါ်တုတ်ကျသလိုမျိုး ရှုံးမဲမဲတဲ့ ပုံစံမျိုး အဲဒါကတော့ နေရာတိုင်းမှာ လုပ်နေတယ်။ အခုမှ မဟုတ်ဘူး။ လုပ်လာတာ ကြာပြီပေါ့။ ကလဲ့စားချေတဲ့ ပုံစံမျိုးနဲ့ ပိုတူလာတယ်ပေါ့။ အရင်ကလည်း သူတို့ (စစ်ကောင်စီ) သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြောတယ်လို့ ထင်ပါတယ်။ ငါ့တို့ ရှုံးပေမဲ့ မြို့တွေကို လေယာဉ်နဲ့ဗုံးကြဲမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။

အခုလည်း တစ်နိုင်ငံလုံးမှာ အဲလိုပုံစံမျိုး လုပ်နေတာပေါ့။ ရွာတွေကိုလည်း မီးရှိ့တာတို့၊ ဗုံးကြဲတာတို့ လူထုကို ပစ်မှတ်ထားတာတို့က နေရာတိုင်းမှာ တွေ့နေရတဲ့ကိစ္စဖြစ်တယ်။ အဲလိုလုပ်ခြင်းအားဖြင့် လူထုက ကြောက်ရွံ့ပြီးတော့မှ နောက်ဆုတ် သွားမှာလား။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အဆက်အသွယ် ဖြတ်လိုက်မှာလား။ အဲဒီတပ်ဖွဲ့တွေကို သူတို့နဲ့ ပူးပေါင်းပြီး တိုက်မလားဆိုတော့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာပေါ့။ လက်တွေ့မှာ အဲလိုမဟုတ်ဘူးဗျာ။ ပြည်သူတွေက နားလည်တယ်။ သူတို့ (စစ်ကောင်စီ) က ငါ့တိုကို ဘာမှမလုပ်ဘဲ ဒုက္ခပေးတယ်။ ဒါကြောင့် တရားခံအစစ် ဘယ်သူဆိုတာကို ပြည်သူတွေက ပိုပြီးမြင်သာတယ်။ အရင်တုန်းက ဟိုဖက်ဒီဖက် ဘက်မလိုက်ဘဲ ကြားနေတဲ့ သူတွေတောင်မှာ ဒီနေ့ဒီစစ်အစိုးရဟာ ဒီလိုလုပ်တယ်။

ပြည်သူကို ဘာမှမဆိုင်ဘဲ ပြဿနာတွေ ရှာတယ်ဆိုတဲ့ သူတို့ကိုယ်နှိုက်က ခံစားလာရတဲ့အချိန်အခါမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပိုပိုပြီးတော့မှ ပူးပေါင်းလာတယ်။ အဲဒါဟာ စစ်ကောင်စီလိုချင်တဲ့ ရလာဒ်နဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားတာ ပေါ့။ ဒါကြောင့် သူတို့ ဒီလိုလုပ်လေ သူတို့မြန်မြန် ကျရှုံးဖို့အတွက် အခြေအနေ ပေါ်ပေါက်လာလေ။ ပြည်သူက သူတို့ကိုတိုက်ထုတ်ချင်တဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ နာကျဉ်းတဲ့စိတ် ပိုဖြစ်လာလေအတွက်နဲ့ သူတို့ကိုယ်ကို အမြန်ဆုံး ကျရှုံးအောင် စီရင်ချက်ချစေချင်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်ဗျာ။ သူတို့လုပ်ရပ်အပေါ်မှာ ပြည်သူက ဒဏ်ခတ် ပြီးတော့ သူတို့ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းပြီးတော့ ချေမှုန်းလာလိမ့်မယ်။ အဲလိုအခြေအနေမျိုးကို ရောက်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လွတ်လပ်မှု၊ လွတ်မြောက်မှုကို ဆာလောင်မွတ်သိပ်နေတဲ့ ရခိုင်ပြည်သူလူထုကို ရခိုင်နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ လွတ်လပ်မှုဆိုတဲ့နေရာမှာ ကျနော်တို့က နှစ်ပေါင်း ၂၄၀ ပေါ့။ ကျနော်တို့ကို ပဒေသရာဇ်ခေတ် အချုပ်ခြာအာဏာ ကျဆုံးကတည်းက ၂၄၀ ဗမာကျွန်ဖြစ်လိုက်၊ အင်္ဂလိပ်ကျွန်ဖြစ်လိုက်၊ ဂျပန်ကျွန်ဖြစ်လိုက်၊ စစ်ကျွန်ဖြစ်လိုက် အဲသလိုပေါ့။ ကိုယ့်ပြည်နယ်ရဲ့အခွင့်အရေး၊ ကိုယ့်တိုင်းပြည်ရဲ့အခွင့်အရေး အမိအဖ ပျောက်ဆုံးသွားတာ မကဘူး။ ကိုယ့်ရပိုင်ခွင့်တွေပါ ဆုံးရှုံးသွားတယ်ပေါ့။ အဲဒါဟာ နှစ်ပေါင်းများစွာပေါ့။ နောက်ဆုံးတော့ ပြည်ထောင်စုဆိုတဲ့ အမည်ခံ ကိုလိုနီစနစ်အောက်မှာ ကျနော်တို့ရခိုင်တွေဟာ ကိုယ့်ရပိုင်ခွင့် တွေ မရခဲ့တာကြာပါပြီ။ ရခိုင်ပြည်ဟာ ရေခံမြေခံကောင်းပေမဲ့ သဘာဝသံယဇာတ ပေါတယ်ဆိုပေမဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတာက သက်သေပြနေပါတယ်။ အဲဒါတွေကို ကျနော်တို့က လွှတ်တော်မှာ နိုင်ငံရေးအားဖြင့် ကုစားဖို့ လုပ်ခဲ့ကြတယ်။ မအောင်မြင်ဘူး။ အဲဒါက သူတို့ပေးလိုက်တဲ့ သင်ခန်းစာက မင်းတို့မှာအင်အားမရှိရင် ဘာမှတောင်းလို့ မရဘူးဆိုတဲ့ သင်ခန်းစာကို ပေးလိုက်တယ်။

လက်ရှိမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အသီးသီးပေါ်လာတယ်။ ငါတို့အင်အားရှိမှာ ငါတို့ပြောလို့ ရမယ်။ တောင်းလို့ရမယ်ပုံစံမျိုးကို လွှတ်တော်သက်တမ်းတုန်းကလည်း ပြလိုက်ပြီးဆိုတော့ ဒီနေ့အချိန်မှာ တိုင်းရင်းသားတွေအကုန်လုံး တော်လှန်ရေးအင်အားစုတွေဟာ ကိုယ့်အင်အားရရှိရေး ကိုယ်အင်အား အသာစီး ရရှိရေးအတွက် လုပ်နေကြတယ်။ ပြီးမှ စကားပြောမယ်။ ဒီဘက် ULA/AA ဘက်ကတော့ ပြောထားတာရှိတယ်။ ငါတို့လိုချင်တာ မရလို့ရှိရင် တခြားနည်းကို စဉ်းစားမယ်လို့ ပြောထားတာရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ အင်အား တည်ဆောက်ရေးက အဓိကကျတယ်။ ရခိုင်တမျိုးသားလုံး ညီညွတ်ရေးကလည်း အဓိကကျတယ်။ ကိုယ်မှာ အင်အားကောင်းတဲ့ တပ်မတော်တရပ် ပိုင်ဆိုင်ထားဖို့ဟာလည်း အဓိကကျတယ်။ အဲအပေါ်မှာ အာရုံထားပြီးတော့ ULA/AA ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြမယ်။ သူတို့ရဲ့ ဦးဆောင်မှုကို ယုံယုံကြည်ကြည် ကူညီပေးကြမယ်။ အဲဒီခါမှာ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက Arakan Dream ပေါ့။

ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ၊ ကျနော်တို့လိုချင်တဲ့ အချုပ်အခြာအာဏာ၊ ကျနော်တို့လိုချင်တဲ့ ကိုယ့်ကံကြမ္မာကို ကိုယ့်ပြဌာန်းခွင့်ဆိုတဲ့ အဆင့်အတန်းတစ်ခုကို ရပြီဆိုတော့မှ ကျနော်တို့ ရခိုင်ပြည်ဟာ တိုးတက်လာမယ်။ ကြီးပွားလာမယ်။ ချမ်းသာလာမယ်။ ကိုယ်ပိုင်လုပ်ပိုင်ခွင့် မရသရွေ့တော့ ကျွန်ဘဝကလို့ ပြောလို့ရတာပေါ့။ ကိုယ့်လုပ်စာ ကိုယ်မစားရဘူးဆိုရင် ကျွန်ပေါ့နော်။ ကိုယ်ပြည်သူရဲကံကြမ္မာကို ကိုယ်ဖန်တီးခွင့်မရဘဲ သူတစ်ပါးက လာဖန်တီးနေရင် ဒါကျွန်ပေါ့နော်။ အဲလိုဘဝက လွတ်မြောက်ဖို့ လိုတယ်။ အားလုံး ဒီတော်လှန်ရေး တစ်နှစ် နှစ်နှစ်အတွင်းမှာ အားလုံးပူးပေါင်းပါဝင်ခြင်းဖြင့် တတ်နိုင်တဲ့ဘက်ကပေါ့။ အကူအညီပေးခြင်းဖြင့် ကျနော်တို့ လိုချင်တဲ့ ရခိုင်ပြည် ကြီးပွားတိုးတက်ရေးပေါ့နော်။ ရခိုင်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျနော်တို့ ရှင်သန်ရေး အတွက် အထောက်အကူ ပြုပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အင်အားကို တည်ဆောက်ထားကြပါမယ်။ အဲလိုတည်ဆောက်ဖို့ အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here